သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးသံ နိုင်ကျဉ်းတွေနဲ့ တွေ့


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို လေ့လာဖို့ ဒီကနေ့ပဲ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရောက်ရောက်ချင်းပဲ ရန်ကုန်မြို့က အင်းစိန်ထောင်ကိုသွားပြီး နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့သလို၊ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူတွေနဲ့လည်း ညနေပိုင်းမှာ တွေ့ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်ကို စောင့်ကြည့်သတင်းယူထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

Ms. Yanghee Lee ဟာ အခု ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အနေနဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာအကဲဖြတ်မှာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်ထောင်ကို မနက်ပိုင်းကသွားရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ကုလသမဂ္ဂရုံးမှာ တွေ့ဆုံသင့်တဲ့ သူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့မနက်ကတော့ အင်းစိန်ထောင်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆ ဦးလောက်နဲ့ တွေ့ပါတယ်။ ထောင်ထဲမှာ နည်းနည်းကြည့်ပြီးတော့ ရုံးကို ပြန်လာခဲ့ပါတယ်။ ရုံးမှာလည်း အချို့အဖွဲ့တွေနဲ့ တွေ့ပါတယ်။ အကြမ်းအားဖြင့်တော့ ရှေ့နေများအဖွဲ့က သူတွေနဲ့ တွေ့ပါတယ်။ နောက် မိချောင်းကန် ကိစ္စမှာ ပါဝင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ပါတယ်။ အခြား INGO တွေနဲ့လည်း တွေ့ပါတယ်။ ကုလသမဂ္ဂရုံးက အကြီးအကဲတွေနဲ့လည်း တွေ့ပါတယ်ခင်ဗျာ။”

နိုင်ငံရေးအကျဉ်းသားအရေး ကူညီသူတွေနဲ့ Ms. Yanghee Lee တွေ့ဆုံချိန်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS က ဦးရဲအောင်က သူ့နဲ့ တွေ့ဆုံဖြစ်ချိန်မှာ ပြောဆိုခဲ့တာတွေကို အခုလို ပြန်ပြောပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားကိစ္စပါပဲ။ နံပါတ် ၁ ကတော့ ထောင်ထဲမှာရှိတဲ့ ကျနော်တို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေ အကြောင်းပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးပါတယ်။ နောက် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ဘယ်လိုသတ်မှတ်လဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ပြောပြဆွေးနွေးတာ ရှိပါတယ်။ ဒုတိယတခုကတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီတုန်းက ဘယ်လိုတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးတခုကတော့ အခုလက်ရှိပေါ့ နိုင်ငံရေး အကျဉ်းသား ရေးရာကော်မတီ ဖွဲ့တဲ့ကိစ္စ ဒီကိစ္စကိုလည်း မေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ကလည်း ကျနော်တို့ သိတာလေးကို ပြောပြပါတယ်ခင်ဗျ။ အဓိကကတော့ ဆွေးနွေးတယ် ဆိုတာထက် တချို့ဟာလေးတွေကတော့ သူသိချင်တဲ့ Information လေးတွေပေါ့လေ။”

မနက်ဖြန်မှာဆိုရင်တော့ Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်တယ်လို့ ဦးအေးဝင်း က ပြောပါတယ်။

“မနက်ဖြန်ကတော့ ရန်ကုန်မှာ တချို့အစည်းအဝေးလေးတွေ ရှိပါတယ်။ ပြီးရင်တော့ ကျနော်တို့ စစ်တွေသွားကြပါလိမ့်မယ်။ ရန်ကုန် ပြန်လာပါမယ်။ စစ်တွေမှာတော့ ညအိပ်ပါမယ်။”

Ms. Yanghee Lee ရဲ့ ပထမခရီးစဉ်တုန်းကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး သူ မြင်တွေ့ဖူးသမျှ ဒုက္ခသည်စခန်းတွေထဲမှာ အခြေအနေ အဆိုးဆုံးထဲမှာ ပါဝင်တယ်လို့ ပြောဆိုခဲ့တာပါ။

မကြခဏဆိုသလို တိုက်ပွဲတွေ ပြန်ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကိုလည်း သူ့အနေနဲ့ သွားရောက်ပြီးတော့ လေ့လာမှာဖြစ်သလို၊ ဒေသခံ ပြည်သူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို Ms. Yanghee Lee က သူ့ရဲ့ခရီးစဉ်ထဲမှာ ထည့်သွင်းပြီး လေ့လာမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယမြောက်ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် စုံစမ်း ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက် ကြာမြင့်မယ့် သူ့ရဲ့ခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ ကိစ္စတွေ အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေ၊ အာဏာပိုင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ အခုခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG