သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် ဖြစ်ရပ်မှန် စုံစမ်းဖို့ Yanghee Lee ကို တိုက်တွန်း


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ မကြာခင် စတင်တော့မယ့် မြန်မာပြည်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောဒေသတွင်းက လူ့အခွင့်အရေး အခြေအနေ အဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့မယ်လို့ မျှော်လင့်ချက်တွေ ရှိပါတယ်။

လူ့အခွင့်အရေးကောင်စီကို မတ်လမှာ တင်သွင်းမယ့် သူ့အစီရင်ခံစာအတွက် မစ္စ Yanghee Lee အနေနဲ့ အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုရော နှစ်ဘက်အသိုင်းအဝိုင်းက ဒေသခံပြည်သူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး အခြေအနေမှန်ကို သိရှိစုံစမ်းစေလိုတယ်လို့လည်း တိုက်တွန်းကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ Yanghee Lee ဟာ လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ့်အကြောင်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ မစ္စ Yang Hee Lee ဟာ သူ့ခရီးစဉ်အတွင်း အချိန်ရှိသလောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို အချက်အလက်တွေ စုဆောင်းသွားမှာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအေးဝင်းကလည်း VOA မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်ပြောလို့ရတာကတော့ ၁ နှစ်ကို ၂ ခေါက်လာတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကောင်စီက မတ်လမှာ ထိုင်တယ်လေ၊ အဲဒီကောင်စီကို အစီရင်ခံရမယ်။ ဆိုတော့ အဲဒီအစီအရင်ခံစာကို ရေးဖို့က ဒီအချက်အလက် စုဆောင်းရတာပါ။ ခရီးစဉ်ကတော့ ရခိုင်ပါသလို တခြားဒေသတွေလည်း ပါပါတယ်ခင်ဗျ။ Special reporter က သူက မြန်မာနိုင်ငံ တနိုင်ငံလုံးအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ပါတယ်လေ။ အဲဒီတော့နော် အချိန်ရှိသလောက် ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို သူက အချက်အလက်တွေ စုဆောင်းရမှာပါ။ ခရီးစဉ်အတွက်ကတော့ သူတို့ တိုက်ရိုက်ဆွေးနွေးနေပါတယ်ခင်ဗျ”

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက စိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ မစ္စYanghee Lee ရဲ့ ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မစ္စ Yanghee Lee ရဲ့ စုံစမ်းစစ်ဆေး ဖော်ထုတ်လို့ရလာမယ့် ရလဒ်တွေကလည်း သိပ်ကို အရေးကြီးပါတယ်လို့ အမေရိကန်ပြည်ထောင်စု ရိုဟင်ဂျာ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Wakar Uddinက ပြောပါတယ်။

“Yanghee Lee ရခိုင်ပြည်နယ်ကိုသွားရင် ရခိုင်ပြည် မောင်တောမြောက်ဘက်မှာ အခု မြန်မာ့တပ်မတော်က မီးရှို့လိုက်တဲ့ ရွာတွေ အများကြီးရှိပါတယ်။ မိသားစု အများကြီးရှိပါတယ်။ Yanghee Lee ရွာတွေကိုသွားပြီးတော့ မိသားစုနဲ့ စကားပြောသင့်ပါတယ်။ မိသားစုက ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ ကုလသမဂ္ဂ က အဲဒါကို စုံစမ်းစစ်ဆေးဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် မျှော်လင့်ပါတယ်။ Yanghee Lee သွားတဲ့ခရီးက တကယ့်ကို အရေးကြီးပါတယ်။”

မစ္စ Yanghee Lee ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး- ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို သုံးသပ်ပါတယ်။

“Yanghee Lee ကပေါ့နော် ကျနော်တို့ မြန်မာနိုင်ငံကို ပုံမှန်လာပါတယ်။ သူက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ကျနော်တို့ တွေ့တဲ့အခါမှာလည်း မျှမျှတတ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ထည့်ပြီးတော့ စဉ်းစားပါ။ ဒါမှ နှစ်ဘက် မျှမျှတတ ကြေညာချက်တွေ၊ တင်ပြမှုတွေရှိမှသာလျှင် ဒါဟာ ခံစားချက်တွေ လျော့လာပြီးတော့နော် ကျနော်တို့ အချင်းချင်း ပြန်လည်သင့်မြတ်ရေးကို ဖြစ်စေနိုင်ပါတယ်လို့ ပြောပေမဲ့ သူက ရန်ကုန်လေဆိပ်လောက် ရောက်တယ်ဆိုရင်ပဲ သူ့ရဲ့ဇာတိရုပ်က ပြတော့တာပဲဗျ။ အထူးသဖြင့် ရခိုင်တွေက သူ့ရဲ့လုပ်ဆောင်ချက်ကို သိပ်ပြီးတော့ အားမရဘူးပေါ့ဗျာ။ ဒီတခေါက်လည်း လာတဲ့အခါမှာ ကျနော်တို့ ဘူးသီးတောင်၊ မောင်တော ဖြစ်စဉ်နဲ့လည်း မရှေးမနှောင်းမှာဖြစ်နေတော့ ဒီထက်ပိုတဲ့ အစီရင်ခံစာ ဘင်္ဂါလီဘက်ကနေ ဘက်လိုက်ပြီးတော့ ပြောဆိုတဲ့ အစီရင်ခံစာမျိုး ပြောမှာ တင်ပြမှာကို စိုးပါတယ်။ ဒါဟာ အပြုသဘောဆောင်ရာ မရောက်ဘဲနဲ့ ကျနော်တို့ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေအပေါ်မှာ ပိုပြီး ဆိုးရွားသွားအောင် လုပ်ဆောင်ရာကျမယ့် အစီရင်ခံစာမျိုးကိုတော့ ဒီတခေါက်တော့ပေါ့နော် မျှမျှတတလေး ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ မဟုတ်ရင်တော့ ဒီမှာဖြစ်နေတဲ့ ပြဿနာကို မီးလောင်ရာ လေပင့်သလို ဖြစ်သွားမှာကို စိုးရိမ်ပါတယ်ခင်ဗျ။”

လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် သူ့အစီရင်ခံစာအတွက်သွားရောက်တဲ့ မစ္စ Yanghee Lee ရဲ့ ဒီခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်၊ ရဲလုံခြုံရေးအဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုရော နှစ်ဘက်အသိုင်းအဝိုင်းက ဒေသခံပြည်သူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး အခြေအနေမှန်ကို သိရှိစုံစမ်းနိုင်ဖို့ မစ္စ Yanghee Lee အနေနဲ့ အစွမ်းကုန် ကြိုးစားပေးစေလိုပါတယ်လို့လည်း ဒေါက်တာ Wakar Uddin က တိုက်တွန်းကြပါတယ်။

မစ္စ Yang Hee Lee ဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးသူအဖြစ် ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ဇွန်လကစလို့ ၆ နှစ် သက်တမ်းအတွက် ကုလသမဂ္ဂက ခန့်အပ်ခံထားရတာဖြစ်ပါတယ်။ ဒီ့မတိုင်ခင် မစ္စ Yang Hee Lee မြန်မာနိုင်ငံကို နောက်ဆုံး လာခဲ့တာကတော့ ၂၀၁၆ ခုနှစ် ဇွန်လကဖြစ်ပါတယ်။ မစ္စ Yang Hee Leeရဲ့ ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်းမှာတော့ ရခိုင်ဒေသခံတချို့ရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း နောက်ဆက်တွဲ အကြမ်းဖက်သူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က လိုက်လံပြီး နယ်မြေရှင်းလင်း ရှာဖွေနှိမ်နှင်းတဲ့နေရာမှာ ဒေသခံမူဆလင်လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သတင်းထွက်ပေါ်သလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားဥပဒေစိုးမိုးရေး အပေါ် အခြေခံပြီး စုံစမ်းစစ်ဆေး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အစိုးရဘက်ကလည်း တုံ့ပြန်ထားတာပါ။ ရခိုင်ပြည်နယ်တွင်းက ပြသနာတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး လေ့လာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG