သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ

Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ
Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ

မြန်မာနိုင်ငံက ဧည့်ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့ လာတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ လတ်တလောမှာတော့ ပြည်တွင်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ရပ်နားထားလို့ ဧည့်ခရီးသွားလုပ်ငန်းတွေ အတော်လေး အဆင်မပြေ ဖြစ်နေကြပါတယ်။ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရပ်နားတော့မယ့် Yangon Airway လေကြောင်းလိုင်းနဲ့ ဧည့်ခရီးသွားတွေအတွက် ကြိုတင် လုပ်ထားပေးတဲ့ လက်မှတ်တွေကို တာဝန်ယူ ဖြေရှင်းပေးတာမရှိလို့ အတော်လေး အဆင်မပြေ ဖြစ်နေတယ်လို့လည်း ဧည့်ခရီးသွား ကုမ္ပဏီတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

နိုင်ငံခြားဧည့်ခရီးသွားတွေ အများဆုံး စီးနင်းကြတဲ့ Yangon Airway လေကြောင်းလိုင်းဟာ ဒီဇင်ဘာလ ၃ ရက်နေ့ ရပ်နားတော့မယ်လို့ လေကြောင်းပို့ဆောင်ရေးဌာနက ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ပုဂ္ဂလိက ဧည့်ခရီးသွားကုမ္ပဏီတွေ အတော်လေးအခက်အခဲ ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြား ဧည့်ခရီးသွားတွေအတွက် အနည်းဆုံး ၂ လလောက် ကြိုတင် လုပ်ထားတဲ့ လက်မှတ်တွေကို အစားထိုးဖို့အတွက် စီစဉ်နေတာ အဆင်မပြေဖြစ်နေတယ်လို့ ပုဂံဧည့်ခရီးသွားလုပ်ငန်း လုပ်သူတဦးက ပြောပါတယ်။

“လောလောဆယ်တော့ တာဝန်ယူဖြေရှင်းပေးတယ်လို့ မရှိသေးဘူးခင်ဗျ။ အခုရပ်ပြီးသွားတာ တရက် နှစ်ရက်ပဲ ရှိသေးတယ်ဆိုတော့။ တော်တော် ခက်ခဲတယ်။ Air Pagan တို့ Air Mandalay တို့ကလည်း သူတို့ schedule အတိုင်း သွားနေတယ်ဆိုတော့ သူတို့လေယာဉ်တွေကို ထပ် ဖြည့်ပေးမပေးကတော့ မသေချာဘူး ဖြစ်နေတယ်။ ခရီးသည်တွေရဲ့ သွားဖို့လာဖို့ တော်တော် အခက်အခဲ ဖြစ်သွားတယ်။ တချို့ ဥရောပက ဧည့်သည်တွေ တော်တော်များများက Air Pagan ကို မစီးချင်ကြဘူးဆိုတာ ရှိတယ်လေ။ Air Mandalay ကလည်း ၂ စီးတည်းနဲ့ သွားနေတာဆိုတော့ အဆင်မပြေဘူး။ အဲဒီတော့ သူတို့ ဘယ်လို လုပ်ကြမလဲတော့ မသိဘူး။ Tour ကုမ္ပဏီတွေတော့ တော်တော် ခေါင်းစားနေကြတယ်။”

ရန်ကုန်အခြေစိုက် နံမည်ကြီး Tour ကုမ္ပဏီတခုကလည်း ဒီဇင်ဘာ ၃ ရက်နေ့ နောက်ပိုင်း Yangon Airway လေကြောင်းနဲ့ ကြိုတင်လုပ်ထားတဲ့ လက်မှတ်တွေကို အခုချိန်ထိ တခြား လေကြောင်းလိုင်းတွေနဲ့ ပြောင်းလဲ ဝယ်ယူနေတာ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။

“အရင် Book လုပ်ထားတဲ့၊ ကျမတို့ဆီမှာလုပ်ထားတဲ့ဟာတွေကို တခြား အဲလိုင်းတွေနဲ့ ကြိုးစားပြီး တင်နေ တာပေါ့နော်။ ရတာတွေလည်း ရ၊ မရတာတွေလည်း မရပေါ့။ ဘယ်လိုလုပ်ကြမလဲဆိုတော့ လောလောဆယ် ကတော့ မပြောတတ်ဘူး။ ကျမတို့လည်း အခု Air Mandalay တို့၊ Air Bagan တို့ကိုတော့ တင်နေတာပဲ။ မရသေးတာတွေလည်း ရှိသေးတယ်။”

တကယ်တော့ မြန်မာပြည်တွင်း ပြေးဆွဲနေတဲ့ Air Bagan၊ Air Mandalay လေကြောင်းတွေထက်စာရင် အခု ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရပ်နားမယ်ဆိုတဲ့ Yangon Airway လေကြောင်းက နိုင်ငံခြား ဧည့်ခရီးသွားတွေ ပိုအစီးများတယ်လို့ ပုဂံဧည့်ခရီးသွား လုပ်ငန်းရှင်က ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ Yangon Airway က safe ဖြစ်တယ်။ ဒါကြောင့် ကြိုက်ကြတယ်လေ။ နောက်ပြီးတော့ အနောက်နိုင်ငံတွေကလည်း Yangon Airway ပဲ စီးကြတယ်ဆိုတော့ ဒီအဲလိုင်းက နံပါတ် (၁) ပေါ့နော်။ နောက် နံပါတ် (၂) ကတော့ Air Bagan ပေါ့။ (၃) ကတော့ Air Mandalay။ Air Mandalay ဆိုတာက လေယာဉ်က သိပ်မကောင်းဘူး။ လေယာဉ်တွေက ခဏခဏ ပျက်တယ်ဆိုတော့ အချိန်မမှန်တော့ လူတွေက မစီးတာများတယ်။ ဒါပေမဲ့ Air Mandalay ကလည်း အခု ဒီနှစ်မှာ ယာဉ် နှစ်စီးကို မလေးရှားမှာ ပြင်ထားတယ်လို့တော့ ပြောတယ်ဗျ။ အဲဒီတော့ Air Mandalay ကိုပဲ ပြန်ပြီးတော့ ကြိုးစားကြမလား။ ဆိုးတာက Air Mandalay က လေယာဉ်ပျံ နှစ်စီးပဲ ရှိတယ်။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ Yangon Airway က အခု ရပ်လိုက်ပြီဆိုတော့ တော်တော်ကြီးတော့ သွားဖို့လာဖို့ တော်တော်ခက်ခဲသွားတယ်ဗျ။”

မြန်မာနိုင်ငံမှာ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းတွေအပြီး နောက်ပိုင်း ဧည်ခရီးသွား လုပ်ငန်းတွေ အတော့်ကို ကျဆင်းသွားခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲရက် ကြေညာပြီးနောက်ပိုင်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ထိန်းသိမ်းထားမှု လွတ်လာပြီးနောက်ပိုင်းမှာ နိုင်ငံခြား ဧည့်ခရီးသွားတွေ အနည်းငယ် ပိုများလာတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ မြန်မာပြည်ကို ဝင်ဖို့အတွက် အဖွဲ့လိုက်ဝင်လာကြတဲ့ ဧည့်ဗီဇာတွေက တဦးချင်း ဝင်လာတဲ့ Tour ဗီဇာတွေထက် ပိုပြီး အဆင်ပြေတာမို့ နောက်ပိုင်းမှာ အုပ်စုလိုက် မြန်မာနိုင်ငံထဲကို ဝင်လာကြတဲ့ပုံစံတွေ များပါတယ်။ အထူးသဖြင့် အုပ်စုလိုက် ဝင်ရောက်လာကြတဲ့ နိုင်ငံခြား ဧည့်ခရီးသွားတွေထဲမှာ မြန်မာနိုင်ငံရေး အတော်လေး စိတ်ဝင်စားတာတွေရှိသလို မေးကြမြန်းကြတာတွေ အများကြီး ကြုံရတယ်လို့ သူက ဆက်ပြောပါတယ်။

“Tour တွေ များလာတယ်ဆိုတာ ကျနော်တို့ ရွေးကောက်ပွဲ မတိုင်ခင်လေးကတင် တော်တော်များလာတယ် ခင်ဗျ။ အဲဒီမှာ တော်တော်ဝင်တယ်။ နောက်ပြီး ရာသီလည်း ဖြစ်နေတော့ အဲဒီအချိန်မှာ တော်တော်လေး လာကြတယ်။ လာတော့ ဧည့်သည်တွေကလည်း မြန်မာပြည်ကိုလည်း အရမ်း စိတ်ဝင်စားကြတယ်။ ရွေးကောက်ပွဲရော၊ နိုင်ငံရေး အပြောင်းအလဲကို စိတ်ဝင်စားပြီး လာကြတဲ့သူတွေ အတော်များတယ်ခင်ဗျ။ မေးတာပေါ့နော်။ အဆင်ပြေမလား၊ နိုင်ငံရေးက ဘယ်လိုဖြစ်မလဲ၊ တိုးတက်မယ်လို့ ထင်သလား၊ အဲဒီလိုပေါ့။ ရွေးကောက်ပွဲ ပြီးသွားရင် ပြောင်းလဲမယ်လို့ ထင်သလား။ အဲဒီလို မေးတာလေးတွေတော့ တွေ့ရတယ်။ နိုင်ငံခြားသားတွေကလေ။”

ပုဂံဧည့်ခရီးသွားလုပ်ငန်း လုပ်သူတဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ လွန်ခဲတဲ့ ၃ နှစ်နီးပါးလောက် ကတည်းက ဧည့်ခရီးသွားလုပ်ငန်းတွေ ကျဆင်းသွားတာမို့ ပုဂံမှာ အခြေစိုက် လုပ်ကိုင်ကြတဲ့ ရိုးရာ ယွန်းထည်လုပ်ငန်းတွေ အပြင် တခြား ဧည့်ခရီးသွားတွေကို မှီခိုလုပ်ကိုင်ကြတဲ့ ဧည့်ခရီးသွား လုပ်ငန်း ငယ်တွေ အတော်ကလေး အဆင်မပြေ ဖြစ်နေကြတာပါ။ အခု ပုဂံမှာဆိုရင် ယွန်းထည်ဆိုင်ကြီးတွေ လောက်သာ ဖွင့်နိုင်ပြီး ယွန်းဆိုင်ငယ်လေးတွေ ပိတ်ထားရတာ အတော်ကြာပြီလို့လည်း ပုဂံက စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG