သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေအပေါ် နှိပ်ကွပ်မှု HRW ဝေဖန်


အဖမ်းဆီးခံ တကသကျောင်းသားခေါင်းဆောင်နှစ်ဦး ပထမအကြိမ် ရုံးထုတ်။
အဖမ်းဆီးခံ တကသကျောင်းသားခေါင်းဆောင်နှစ်ဦး ပထမအကြိမ် ရုံးထုတ်။

ဖမ်းဆီးခံထားရတဲ့ တကသ ခေါင်းဆောင်နှစ်ဦးကို မနေ့က ရန်ကုန်မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့ အခြေအနေကို စိုးရိမ်မကင်းဖြစ်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရရဲ့ ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တယ်လို့ HRW လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက သတိပေးပြော လိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ခေါင်းဆောင် ကိုဇေယျာလွင်နဲ့ကိုပိုင်ရဲသူတို့နှစ်ဦးကို မနေ့က ပန်းဘဲတန်းနဲ့ ကျောက်တံတား တရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ လွှတ်တော်တွင်း စစ်တပ်က ၂၅ % ပါဝင်နေသမျှ ဒီမိုကရေစီနည်း ကျတဲ့ လွှတ်တော်ဖြစ်လာမှာမဟုတ်တာကြောင့် အဲဒီအတွက် ဆက်ပြီး တောင်းဆိုသွားမယ်လို့ ကိုဇေယျာလွင်က သူ့ကို ရုံးထုတ်ချိန်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

“လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ % ရှိနေတဲ့ အချိန်ကာလအားလုံးဟာ ကျနော်တို့ ကြိုက်တဲ့အစိုးရပဲဖြစ်စေ၊ မကြိုက်တဲ့အစိုးရပဲဖြစ်စေ၊ အဲဒါ ဒီမိုကရေစီမဟုတ်ဘူး။ ဒီလွှတ်တော်ဟာ ဒီမိုကရေစီမဖြစ်သေးဘူး။ အဲဒီတော့ ကျနော်တို့အားလုံးဟာ ဒီမိုကရေစီဆန်လာတဲ့လွှတ်တော်တခုဖြစ်ဖို့ အတွက် ကျနော်တို့ တောင်းဆိုတယ်။ ထပ်ပြီးတော့မှ ထပ်တောင်းဆိုနေအုံးမယ်။”

ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ဟာ လွှတ်တော်မှာ စစ်တပ်က ၂၅ % ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ဇွန်လ (၃၀) ရက် နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဦးဆောင်ဆန္ဒပြခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အာဏာပိုင်တွေက ဖမ်းဝရန်း ထုတ် ခဲ့တာပါ။ အဲဒီနောက် ဇူလိုင်လ (၇) ရက်နေ့က ရန်ကုန်တက္ကသိုလ်အတွင်း ကျင်းပခဲ့တဲ့ 7 July အခမ်းအနားကို တက်ရောက်လာတဲ့ ကိုဇေယျာလွင်ကို လုံခြုံရေးရဲတွေက အတင်းအကြပ်ဖမ်းဆီးခဲ့သလို အဲဒီနေ့မတိုင်ခင်မှာ ကိုပိုင်ရဲသူကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပြင် ပုဒ်မ (၁၈) နဲ့လည်း အာဏာပိုင်တွေက စွဲချက်တင်ထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပတော့မယ်အချိန် မြန်မာအရပ်သားတပိုင်းအစိုးရဟာ အခုလို လှုပ်ရှား တက်ကြွတဲ့ ကျောင်းသားလူငယ်တွေနဲ့ မြေယာအဓမ္မသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို အပြင်းအထန် ဖြိုခွဲဖိနှိပ်နေတယ်လို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ကို ထိခိုက်စေတယ်လို့ HRW ရဲ့ မြန်မာ့အရေး အကြီးတန်းသုတေသီ David Mathieson က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အဖမ်းခံရတဲ့ ဆန္ဒပြကျောင်းသား ကျောင်းသူအရေအတွက်မြင့်တက်နေတာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ အခုဆိုရင် ထိန်းသိမ်းခံထားရတဲ့ လှုပ်ရှားတက်ကြွသူကျောင်းသားဦးရေ (၁၀၀) ကျော်ရှိနေပြီး တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့လိုလားချက်၊ တောင်းဆိုချက်တွေကို နားထောင်ဖို့ သူတို့ သည်းမခံနိုင်တော့ဘူး ဆိုတာပါပဲ။ ဒါဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ကို ထိခိုက်စေပါတယ်။ အစိုးရအနေနဲ့ ကျောင်းသား တွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။”

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမယ်လို့ HRW အနေနဲ့ ယုံကြည်မှု မရှိတဲ့အကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မယ်လို့ ကျနော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ထားတဲ့ အခင်းအကျင်းတွေကို ကြည့်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တာမျိုးလဲမရှိ၊ စစ်တပ်ကလည်း အခြေခံအားဖြင့် နိုင်ငံကို ထိန်းချုပ်ထားတာ ဖစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ထားဖို့မသင့်ဘူးလို့ ကျနော်မြင်ပါတယ်။”

အင်္ဂါနေ့က HRW ရဲ့ ထုတ်ပြန်ချက်မှာလည်း တကသခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကျောင်းသားအများအပြားကို အစိုးရအာဏာပိုင်တွေက အတင်း အကြပ် ဖမ်းဆီးခဲ့တာကိုလည်း ထောက်ပြထားပါတယ်။ အလားတူပဲ အစိုးရဆန့်ကျင်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ အခြားနေရာတွေမှာ ကျောင်းသားတွေကို ထောက်ခံပံ့ပိုးပေးနေသူတွေကို လုံခြုံရေးရဲတွေက ဖမ်းဆီးခဲ့တယ်လို့ HRW ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဇူလိုင် (၁၀) ရက်နေ့က မိတ္ထီလာတရားရုံးကနေ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မေစီနဲ့ ဒေါ်မေသက်ဦးတို့သုံးဦးကို ဖိနှိပ်တဲ့ဥပဒေဖြစ်တဲ့ ပုဒ်မ (၁၈) နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ မတ်လတုန်းက လက်ပံတန်းမှာ ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြကျောင်းသားတွေကို ထောက်ခံတဲ့အနေနဲ့ မေလက သူတို့ ၃ ဦးဟာ ခွင့်ပြုချက်မယူဘဲ ဆုတောင်းပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲတွေကျင်းပဖို့ လပိုင်းလောက်ပဲလိုတော့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတဲ့အပေါ် အမေရိကန်က သတိပေးလိုက်ပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးနေပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံနေရတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG