သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်ဖွံ့ဖြိုးရေးအတွက် ပြည်ပကငွေချေးမှုကို လွှတ်တော်အမတ်တွေ ကန့်ကွက်


ရန်ကုန်မြို့

ရန်ကုန်တိုင်း ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြင်သစ် နိုင်ငံကနေ ငွေချေးမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းအစိုးရတို့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။ ပြည်ပက ငွေချေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မယ့်အပေါ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ကန့်ကွက်ခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်က ပြန်လည်စိစစ်ဖို့လည်း ညွှန်ကြားထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြစ်ကြောင်းတလျှောက် အဆင့်မြှင့်ဖို့၊ ရှေးဟောင်းအဆောက်အဦးတွေ ပြုပြင်ထိန်းသိမ်းဖို့ အပါအ၀င် ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ယူရိုသန်း ၇၀ ငွေချေးဖို့ ရန်ကုန်တိုင်း အစိုးရရဲ့ တင်ပြချက်အပေါ် ကန့်ကွက်မှုတွေကြုံနေရတာပါ။ ပြည်ထောင်စု လွှတ်တော် ဥက္ကဌကလည်း ပြန်လည်စိစစ်ဖို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို တာဝန်ပေးထားပါတယ်။ ဒီအတွက်လည်း ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့အကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက ပြောပါတယ်။

" ဒါနဲ့ပတ်သတ်လို့ ပြည်သူ့ငွေစာရင်းဘက်က ပြန်လည်စိစစ်ဖို့ လွှတ်တော် ဥက္ကဌဘက်က ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်မနက်ဖန်မှာ ကော်မတီကလူတွေရယ်၊ ကန့်ကွက်တဲ့ကိုယ်စားလှယ်တွေရယ်၊ ချေးငွေယူမယ့် ရန်ကုန်တိုင်း လွှတ်တော်ဘက်က လူတွေရယ်တွေ့ပါမယ်။ "

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေနဲ့ သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရန်ကုန်တိုင်းအစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ သဘောထားမှတ်ချက် ပေးရမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မထုမေကတော့ ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ်ဟာ သုံးသပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"သုံးသပ်လိုက်ရင်တော့ ရန်ကုန်တိုင်းအနေနဲ့လုပ်မယ့်ဒီစီမံကိန်းဟာ စီမံခန့်ခွဲမှုပိုင်းတွေ၊ မြစ်ကြောင်းတလျှောက် ထိန်းသိမ်းလုပ်ဆောင်ရမှာတွေ ပါတာမှန်ပါတယ်။ ဒါပေမယ့် ဒီထပ်လိုအပ်တဲ့ အလုပ်အကိုင်ရမယ့်စီမံကိန်း တွေလုပ်တာမျိုးတွေ၊ နောက်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလုပ်နေတဲ့ ဖွံ့ဖြိုးမှုဦးစား ပေးလုပ်ဆောင်တာတွေ လုပ်ဖို့ပိုလိုမယ်လို့ ကိုယ်စားလှယ်တယောက် အနေနဲ့မြင်ပါတယ်။ ဒါကြောင့်ဒ့ါကို ပြန်စိစစ်ဖို့လွှတ်တော်ဥက္ကဌ ဆုံးဖြတ်တာ သမာသမတ်ကျတယ်လို့ မြင်ပါတယ်။"

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်ဇေယျ ကလည်း လတ်တလော မလုပ်သင့်သေးဘူးလို့ ဆိုပါတယ်။

" အဲနေရာတွေ ရောက်ပြီးပြီ။ လိုက်ကြည့်ကြတယ်။ မှန်ပါတယ်လုပ်နိုင် ရင်တော့ကောင်းတာပေါ့လေ။ လောလောဆယ်လုပ်စရာမလိုဘူးထင်တယ်။ အဲသွားကြည့်တုန်းက ပညာရှင်တွေလည်းပါပါတယ်။ ဒီထပ်လိုအပ်တဲ့နေရာ တွေရှိနေတာကြောင့်ပါ။ ဒါကိုတော့ ချေးငွေရယူလုပ်ဖို့မလိုသေးဘူးထင်ပါတယ်။"

ချေးငွေအတွက် ခန့်မှန်းချေ အတိုးနှုန်း ၀.၇၇ ရာခိုင်နှုန်း ရှိမှာဖြစ်ပြီး၊ စုစုပေါင်းအတိုးပမာဏ ယူရို ၈ ဒသမ ၂ သန်း ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်အချို့ကတော့ ပြည်ပချေးငွေနဲ့ အကောင်အထည်ဖော်မယ့် ဖွံ့ဖြိုးရေး အစီအစဉ်အပေါ် စိုးရိမ်ကြောင်း ပြောဆိုနေကြတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်းအစိုးရရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ်၊ ဝေဖန်မှုတွေရှိနေသလို ပွင့်လင်းမြင်သာမှု အားနည်းကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG