ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ်ထဲက မြို့နယ် ၄ ခုနဲ့ ရွာသာကြီးရွာ၊ သုံးခွကျေးရွာ၊ လေးဒေါင့်ကန်ရွာ စတဲ့ရွာတွေက လယ်သိမ်းခံရတဲ့ ရွာသား ၅၀၀ ကျော်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ခေါ်ယူတွေ့ဆုံပြီး လယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားပြီး ဖြစ်တာကြောင့် ပြန်မပေးနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်အတွင်းမှာ ကုမ္ပဏီ ၁၁ ခုက လယ်ဧက ထောင်နဲ့ချီပြီး သိမ်းယူလိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လယ်သမားတွေက သူတို့လယ်ယာမြေတွေကို ပြန်ရရှိရေးအတွက်
လက်ရှိ ကျင်းပပြုလုပ်နေတဲ့ လွှတ်တော်ကို စာရေးသား တင်ပြခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးမြင့်ဆွေက မနေ့ကပဲ ပင်လယ်ကိုးသွယ် ကုမ္ပဏီမှာ လယ်သမား ၅၀၀ ကျော်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီလယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားတာ ဖြစ်တဲ့အတွက် ပြန်မပေးနိုင်ကြောင်း ပြောခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ လယ်သမားတဦးက ဆိုပါတယ်။
“သူက ကုမ္ပဏီတွေကို ဘယ်လို အချက်အလက်မျိုးတွေနဲ့ ထောက်ပြီး ပြောလဲဆိုရင် ဒီလယ်ယာမြေတွေကို ကုမ္ပဏီက သိမ်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့တဲ့၊ ကုမ္ပဏီက သိမ်းတာမဟုတ်ဘူး၊ နိုင်ငံတော်က သိမ်းတာတဲ့။ တောင်သူလယ်သမားတွေက တင်ပြ အသနားခံတဲ့အခါ သူက လုံး၀ လက်မခံဘဲ ဒီလယ်မြေတွေဟာ လနမြေကြီးလို့ ပြောတယ်။ လနမြေကြီးလို့ ပြောပြီး ဒါကြောင့် ခင်ဗျားတို့ လယ်သမားတွေ လယ်လုပ်လို့ မရဘူး ဆိုတဲ့အကြောင်း ပြောတယ်။ သမ္မတကြီး ဦးသိန်းစိန် သမ္မတ မဖြစ်ခင်ကတည်းက ဒီလယ်ယာမြေတွေကို သိမ်းထားတယ် ဆိုတဲ့အကြောင်း ပြောတယ်။
“ဒါကြောင့် သူ့ဆီမှာ လယ်ယာမြေ လာတောင်းလို့ မရဘူးလို့ ပြောတယ်။ ခင်ဗျားတို့ လယ်လုပ်ချင်ရင် သောင်ပြင်မှာ သွားလုပ်လို့ ပြောတယ်။ အဲဒီအချိန်မှာ လယ်သမားတဦးက နေပြီးတော့ ခင်ဗျားတို့က ကျုပ်တို့ကို သောင်ပြင်လွှတ်ပြီး ကိုယ့်ကျင်းကိုယ်တူး သေခိုင်းနေတာလားတို့ ဘာတို့ ပြောတော့ တယောက်နဲ့တယောက် စကားများကုန်တယ်။ နောက်ပိုင်းကျတော့ စစ်တပ်က လုံး၀ တောင်သူလယ်သမားတွေရဲ့ မျက်နှာကို မကြည့်တဲ့ အတွက်ကြောင့် တောင်သူလယ်သမားတွေကလည်း ပြင်းပြင်းထန်ထန် ပြောတယ်။ လယ်ဧကပေါင်း ၅,၀၀၀ နဲ့ ၇,၀၀၀ ကျော်အထိ သိမ်းထားတယ်လို့ ပြောပါတယ်။”
သိမ်းယူထားတဲ့ လယ်ယာမြေပေါ်မှာ ကုမ္ပဏီတွေက စပါးတွေ ပြန်စိုက်ပြီး လယ်သမားတွေက သူတို့မြေပေါ်မှာ အခကြေးငွေပေးပြီး အလုပ် ပြန်လုပ်နေရတာပါ။ လယ်သမားတွေဘက်က ဥပဒေ အကျိုးဆောင် လုပ်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူကတော့ အသိမ်းခံထားရတဲ့ လယ်တွေကို နိုင်ငံတော် အကျိုးအတွက် သုံးရင်လည်း အများအကျိုးရှိမယ့် အဆောက်အဦးတွေ အတွက်သာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
“ဒါတွေကို လွန်ခဲ့တဲ့ ၉၅ ခုနှစ်လောက် ကတည်းက လန ၃၉ နဲ့ သိမ်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒီမြေတွေဟာ အခြားနည်း သုံးစွဲခွင့် မရှိတဲ့ လယ်မြေတွေပဲ ဖြစ်တယ်။ တနည်းအားဖြင့် ပြန်လည် သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရတဲ့ မြေအမျိုးအစားတွေပဲ ဖြစ်တယ်။ ဒါကြောင့် သိမ်းယူခွင့် မရှိပါဘူး။ အကယ်၍ နိုင်ငံတော်အကျိုးအတွက် သိမ်းမယ်ဆိုရင်လည်း အိမ်ရာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ တည်ဆောက်မှ သိမ်းဆည်းနိုင်တာမျိုး ဖြစ်တယ်။ ဒီလို သိမ်းဆည်းမယ် ဆိုရင်လည်း လူမှု တရားမျှတမှုကို ဖန်တီးပေးနိုင်မယ့် ထိုက်တန်တဲ့ လျော်ကြေးမျိုး ဖြစ်သင့်တယ်။”
တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးမြင့်ဆွေဟာ အရင်က ရန်ကုန်တိုင်းမှူး အဖြစ်နဲ့ ဒီလယ်ယာမြေတွေကို သိမ်းယူခဲ့ပြီး ကုမ္ပဏီတွေကို ပေးခဲ့တာပါ။ ကုမ္ပဏီတွေထဲမှာ ဦးမြင့်ဆွေ အပါအဝင် အာဏာပိုင်တွေရဲ့ အစုရှယ်ယာတွေ ပါနေတာကြောင့် အခုလို လယ်သမားတွေရဲ့ လယ်တွေ ပြန်ပေးဖို့ လုပ်ဆောင်ပေးခြင်း မရှိတာလို့လည်း လယ်သမားတွေဘက်က စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးအောင်သိန်းလင်းနဲ့ အဖွဲ့ဟာ လယ်သမား ၃၀၀ ကျော်နဲ့ လာရောက်တွေ့ဆုံခဲ့ပြီး လယ်သမားတွေ လယ်ပိုင်ခွင့် ရရှိစေရေး ဆောင်ရွက်ပေးသွားမယ်လို့ ကတိကဝတ်တွေ ပေးသွားပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ လယ်သမား အရေးကိစ္စတွေကို ဆွေးနွေးသွားခြင်း မရှိဘဲ ကုမ္ပဏီတွေကိုသာ ကာကွယ် ပြောဆိုခဲ့တာကြောင့် လယ်သမားတွေနဲ့ အချေအတင် စကားများခဲ့ပြီး အစည်းအဝေးကို အဆုံးသတ်သွားတယ်လို့ လယ်သမားတွေဘက်ကတော့ ပြောပါတယ်။
ဒီအတွက် လယ်သမားတွေဘက်ကတော့ သူတို့ နစ်နာမှုတွေအတွက် ဆက်လက် တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ လယ်သမားတွေဘက်က စာရင်းပြုစုချက်အရ ဆုံးရှုံးနေရတဲ့ လယ်ဧကတွေဟာ ၁၀,၀၀၀ ကျော်ထိ ရှိသွားပြီလို့လည်း ပြောဆိုခဲ့ပါတယ်။