သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တက္ကသိုလ် ပတ်လမ်းကိစ္စ ဆန္ဒပြကျောင်းသားနဲ့ တက္ကသိုလ်အုပ်ချုပ်ရေး ပြေလည်မှုရ


ဆန္ဒပြနေသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ
ဆန္ဒပြနေသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ

(Zawgyi/Unicode)

ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တင်ရေး Master Plan ထဲက တခုဖြစ်တဲ့ တက္ကသိုလ်ပတ်လမ်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး နှစ်ရှည်ပင်တွေ ခုတ်လှဲခံရတာကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒီအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်းအတွင်းက နှစ်ရှည်ပင်တွေကို ခုတ်လှဲရာမှာ ဘယ်သူ့ကိုမှ အသိပေးခြင်းမရှိဘဲ လုပ်ခဲ့တာကြောင့် လူမှုကွန်ယက်တွေမှာလည်း ဒီရက်ပိုင်းအတွင်း ဝေဖန် ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီစီမံကိန်း ဆက်လုပ်ရေး၊ မလုပ်ကိစ္စကိုတော့ အားလုံးရဲ့ သဘောတူညီချက်နဲ့သာ ရှေ့ဆက်ဆောင်ရွက်မယ်လို့ တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံပြီး ယာယီသဘော တူညီချက်ရခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုက ပေးပို့ထားပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်နေတဲ့ တက္ကသိုလ် ပတ်လမ်းအတွက် သစ်ပင်တွေ ခုတ်လှဲတာနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ ကျောင်းသားတွေ ဆန္ဒပြနေတဲ့အချိန်မှာပဲ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးအပါအဝင် ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့က တွေ့ဆုံပြီး ဒီကိစ္စ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

၄နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပေမယ့် တိကျတဲ့ အာမခံချက်မျိုးတော့ မရခဲ့ဘူးလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုအောင်ကောင်းဆက်က ပြောပါတယ်။

“ဒီဟာက သူတို့အာမခံချက် မဟုတ်သေးဘူး။ ဒီ Ring Road ဖောက်တာတွေ၊ Landscaping လုပ်တာက ကျတော့ Hardware Committee (အခြေခံအဆောက်အဦးနှင့် ပစ္စည်းမြှင့်တင်ရေး ကော်မတီ) က ဆုံးဖြတ်ပြီး လုပ်တာဆိုတော့ ဒီဟာတွေ ရပ်ဖို့အတွက်ဆိုရင် အဆင့်ဆင့်ဆွေးနွေးပြီးတော့ တကယ်အာမခံချက်မျိုးထွက်လာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ မနက်ကလုပ်တဲ့ အစည်းအဝေးကတော့ ဆုံးဖြတ်ချက်ရေရေရာရာ ရှိသေးတဲ့အစည်းအဝေးတော့ မဟုတ်သေးဘူးပေါ့။ သူတို့ပြန်ဆွေးနွေးပေးမယ်။ ဒီလုပ်ငန်းတွေ ယာယီရပ်ထားပေးမယ်ဆိုတဲ့ အချက်တွေကိုပဲ လောလောဆယ် သဘောတူထားတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်။”

ရန်ကုန်တက္ကသိုလ်မှာ ဆောင်ရွက်နေတဲ့ Ring Road နဲ့ Landscaping လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းတာဝန်ရှိသူတွေ အခုလအတွင်းမှာ ညှိနှိုင်းဆွေးနွေးပြီး အားလုံးရဲ့သဘော တူညီချက်အတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဒီကနေ့ အစည်းအဝေးမှာ ယာယီသဘောတူညီချက် ရခဲ့ပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း ရန်ကုန်တက္ကသိုလ်မှာ ဆောင်ရွက်နေတဲ့ Ring Road နဲ့ Landscaping စီမံကိန်းအပါအဝင် တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်မယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီတဲ့ တက္ကသိုလ်ပုံစံဖြစ်လာဖို့အတွက် Master Plan ရေးဆွဲလာတာ နှစ်နှစ်လောက် ရှိနေပါပြီ။ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး(ဗဟို) ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်နေတာပါ။ တက္ကသိုလ်ပတ်လမ်း ဆောင်လုပ်ဖို့အတွက် မလွတ်တဲ့သစ်ပင်တွေကို အခုတ်ခံရတဲ့ကိစ္စမှာ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်က ပြောပါတယ်။

“စည်ပင်ကတော့ ခုတ်ဆိုရင် ခုတ်မှာပဲ။ အဲဒီတော့ ကျတော်တို့က အဖွဲ့ဖွဲ့ပြီးတော့ ဒီဟာတွေကို ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင် ဒီနားမှာ ပါးစပ်နဲ့ချည်းပဲ ခိုင်းနေလို့မရဘူး။ သစ်ပင်ခုတ်တဲ့အချိန်မှာ ကျတော်တို့အဖွဲ့တွေ ရှိနေရမယ်။ ဒီဟာကတော့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုခုတ်သင့်တယ်။ အခုဟာက မျက်နှာလွှဲခဲပစ် ခုတ်ကွာဆိုပြီးတော့ စည်ပင်ပစ်ထားလိုက်တယ်။ စည်ပင်ကခုတ်ချသွားတယ်။ ခုတ်ချသွားပြီးမှ ဒါကဘာလို့ခုတ်တာလဲ၊ ညာလို့ခုတ်တာလဲ ဖြစ်ကုန်တာ။ အဲတုန်းကတည်းက အနီးကပ် ကျနော်တို့တွေက ကြီးကြပ်ရမယ်။ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က အနီးကပ်ကြီးကြပ်ရမယ်။”

ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တင်ရေး Master Plan ထဲမှာ အဓိပတိလမ်းမှာ ကားတွေ ဖြတ်သန်းသွားလာမှုကြောင့် တုန်ခါမှုဒဏ်ကို သမိုင်းဝင် အဆောက်အဦးတွေ ခံနိုင်စေဖို့နဲ့ ကားတွေကို ဖြတ်သန်းခွင့်မပေးတော့ဘဲ လမ်းလျှောက်၊ စက်ဘီးစီးဖို့အတွက်သာ ခွင့်ပြုမှာဖြစ်လို့ တက္ကသိုလ်ပတ်လမ်း စီမံကိန်းကို စတင်ဆောင်ရွက်နေတာပါ။

အဲဒီလို ဆောင်ရွက်နေတဲ့အချိန်မှာ တက္ကသိုလ်ဝင်းအတွင်းက နှစ်ရှည်အပင်တွေကို ဘယ်သူနဲ့မှ တိုင်ပင်ခြင်း မရှိဘဲ ခုတ်လှဲ ရှင်းလင်းခဲ့တာကြောင့် လက်ရှိ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေက ကန့်ကွက် ဆန္ဒဖော်ထုတ်တာအပြင် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့ ကျေင်းဝင်းအတွင်းက သစ်ပင်တွေခုတ်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်တဲ့ အရပ်သား ပြည်သူတွေကပါ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန် ကန့်ကွက်နေကြတာပါ။

အခုချိန်ထိ သစ်ပင် ၂၇ ပင်ကို ခုတ်ပြီးသွားပြီလို့ ဒီမနက်အစည်းအဝေးမှာ ကျောင်းတာဝန်ရှိသူတွေဘက်က ပြောကြားခဲ့ပေမယ့် ကျောင်းသားသမဂ္ဂဘက်ကတော့ အဲဒီအရေအတွက်ထက်မကတဲ့ သစ်ပင်တွေ ခုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပတ်လမ်းအတွက် သစ်ပင် ၇၆ ပင် ခုတ်ဖို့ လျာထားတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုမှာ ဆရာ၊ ဆရာမတွေဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG