သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို လုပ်ကြံဖို့ ခြိမ်းခြောက်သူ ရဲလိုက်ရှာ


လူမှု အင်တာနက် ကွန်ယက် Facebook စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ရေးသားခဲ့သူကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့တွေက စုံစမ်းရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ အခုချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူး လို့ ရဲဘက်က ဗွီအိုအေကို ပြောပါတယ်။ အခုလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဆောင်ရွက်ချက်တွေကို NLD အနေနဲ့စောင့်ကြည့်နေကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၅၉) (စ)ကို လွှတ်တော်မှာ ဆိုင်းငံ့ပြီး သမ္မတဖြစ်အောင် ဆောင်ရွက်မယ့် နည်းလမ်းကို NLD ကကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့အသံထွက်ပေါ်လာတာကြောင့် သူရဲ့လုံခြုံရေး အတွက် ဘယ်လောက်အတိုင်းအတာ အထိစီစဉ်ဆောင်ရွက်နေသလဲ ဆိုတာ လူအများစိတ်ဝင်စားနေကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

"Ye Lwin Myint " ဆိုပြီး အင်္ဂလိပ်လိုပေါင်းထားတဲ့ အမည်ရင်း၊ ကိုယ်ပိုင်ဓါတ်ပုံနဲ့ ဖွင့်ထားတဲ့ Facebook မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး “ပုဒ်မ (၅၉) (စ)ကို ဆိုင်းငံ့မယ် ဆိုရင် သေနတ်ဖြင့် သေအောင်သတ်ပေးမည်” ဆိုပြီး ဖေဖေါ်ဝါရီလ (၃)ရက်နေ့က ရေးသားခဲ့တာပါ။ ဒါအပြင် ရဲလွင်မြင့်နာမည်နဲ့ ရန်ကုန်နေရပ်လိပ်စာနှစ်ခု အပါအဝင် ဖုန်းနံပါတ်တွေလဲ နာရီပိုင်းအတွင်း Facebook အတော်များများမှာ ပျံနှံ့သွားခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ လာရောက်တိုင်ကြား၊ အမှုဖွင့်သူ မရှိသေးပေမဲ့လည်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွေဘက်က လိုက်လံ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

တာမွေမြို့နယ်လိပ်စာနဲ့ဖေါ်ပြထားတာကြောင့် တာမွေရဲစခန်းဘက်က Facebook ပိုင်ရှင် ရဲလွင်မြင့် နေထိုင်ကြောင်း ဟုတ်၊ မဟုတ် သွားရောက် စုံစမ်းခဲ့ပေမဲ့ အတည်ပြုနိုင်ခြင်း မရှိကြောင်း ကိုယ်တိုင်လိုက်လံ စုံစမ်းစစ်ဆေးခဲ့တဲ့ ရဲအရာရှိတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"လိပ်စာ သွား အတည်ပြုဆောင်ရွက်ပါတယ်ခင်ဗျ။ မေတ္တာညွန့်ရပ်ကွက် ရာဇသင်္ကြန်လမ်းလို့ သိပါတယ်ခင်ဗျ။ တာမွေ၊ မေတ္တာညွန့်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းလို့ ရှိပါတယ်။ ဒါပေမဲ့ တိုက် ၆၈(A) အခန်း(၁၀၁) ဆိုတဲ့လိပ်စာက ရှိကို မရှိပါဘူးခင်ဗျ။ ရဲလွင်မြင့်ဆိုတာနဲ့ ပတ်သက်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း မေးကြည့်ပါတယ်ခင်ဗျ။ သူတို့လည်း ရဲလွင်မြင့် Facebook ကို သိပါတယ်။ အဲ့တာ ကျနော်တို့စုံစမ်းကြည့်တာကတော့ ရပ်ကွက်ထဲမှာ ရဲလွင်မြင့်ဆိုတာ ကြားလည်း ကြားဖူးခြင်း မရှိပါဘူး။ သူ Facebook မှာ တင်တဲ့ လိပ်စာကလည်း မှားယွင်းနေပါတယ်ဗျ။ ရာဇသင်္ကြန်လမ်းလို့ ရှိပါတယ်။ ဒါပေမဲ့ တိုက် ၆၈(A) အခန်း(၁၀၁) ဆိုတဲ့လိပ်စာက မရှိပါဘူးခင်ဗျ။ "

မေး။ ။ အခုလိုမျိုး Facebook မှာ တိုင်းပြည်ခေါင်းဆောင်တဦး ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အဲ့သလို ခြိမ်းခြောက်ပြီး ရေးတာမျိုး ကျတော့ ဒါ တကယ် ဖြစ်နိုင် မဖြစ်နိုင် တာဝန်ရှိသူတွေဘက်က လုံခြုံရေးနဲ့ပတ်သက်ရင် ဘယ်လိုဆောင်ရွက်နေပါသလဲ ။

ရဲအရာရှိ။ ။ "အခု ကျနော်တို့က ပြည်သူလူထုက စိတ်ဝင်စားတဲ့ ပြစ်မှုတွေ ၊ Facebook မှာ တင်လာတဲ့ မှုခင်းတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တာမွေအပိုင်းမှာ ပါလာတဲ့ဖြစ်စဉ်တွေ ပါလာလို့ရှိရင် ကျနော်တို့ ချက်ခြင်းပဲ လူကြီးတွေရဲ့ လမ်းညွှန်ချက်အရ ချက်ခြင်းပဲ အရေးယူဆောင်ရွက်ပါတယ်ခင်ဗျ။

အခုဆိုရင် ရဲလွင်မြင့် ဖုန်းနံပတ်တွေလည်း ရပါတယ်။ ကျနော်တို့ တာမွေအပိုင်းမှာ ကျတော့ ကိုယ့်အပိုင်းမှာ စုံစမ်းပါတယ်ခင်ဗျ။"

မေး။ ။ အဲ့တော့ မရှိဘူးဆိုတော့ ဘယ်လိုဆက်လုပ်ဖို့ရှိလဲရှင့်။

ရဲအရာရှိ။ ။ " ဟုတ်ကဲ့ပါ။ ကျနော်တို့ ဖော်ပြပါ လိပ်စာအတိုင်း စခန်းမှူး မြို့နယ်မှူးဆီ ကျနော်တို့သတင်းပို့ပါတယ်ခင်ဗျ။ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ပုံမှန်အတိုင်း လှည့်ကင်းတွေ ဆောင်ရွက်ပါတယ်။ ပုံမှန်အတိုင်းပါပဲခင်ဗျ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ခြိမ်းခြောက်ရေးသားခဲ့သူနဲ့ ပတ်သက်လို့ အတည်ဖြစ်၊ မဖြစ်ဆိုတာ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက လိုက်လံ စုံစမ်းနေကြောင်း ရဲအရာရှိတွေကပြောပါတယ်။ လောလောဆယ်မှာတော့ အမှုဖွင့် လာရောက် တိုင်ကြားသူမ ရှိသေးဘူးလို့လည်းဆိုပါတယ်။

ရဲလွင်မြင့် ဆိုသူဟာ သူရဲ့ Facebook မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အမြဲ တိုက်ခိုက်ရေးသားနေသူဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတချို့မှာဖေါ်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ခြိမ်းခြောက်ရေးသားချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ လိုက်လံ စုံစမ်းမှုတွေကို NLD ဘက်က ကြိုဆိုကြောင်း NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ဗွီအိုအေကိုပြောပါတယ်။

" ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သူတို့ရဲ့ တာဝန်တွေကိုသူတို့ ကြိုးစားပြီးဆောင်ရွက်နေတယ်လို့ ဒီလိုပဲ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ တရားဥပဒေစိုးမိုးရေးကို ကျနော်တို့က ယုံကြည်ပါတယ်ခင်ဗျ။ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့ အတွက် ပြည်သူ့ရဲဟာ ဆောင်ရွက်သင့်တယ် ကိစ္စကို ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ ဆောင်ရွက်နေတယ်ဆိုရင် အဲ့ဒီ့အချက်ကို အလေးထားပြီးတော့ ကျနော်တို့ စောင့်ကြည့်နေတယ် လို့ပြောရမှာပေါ့။ အများစိုးရိမ်နေကြတာက တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ ကျနော်တို့ကို ပြောတဲ့သူလည်း ပြောပါတယ်။ NLD ဘက်ကလည်း တတ်နိုင်သမျှ အကာအကွယ်တွေ လုပ်ဆောင်ထားပါတယ်။ လုပ်ပါတယ်။"

အရင်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်တဲ့ဓါတ်ပုံနဲ့ တပ်မတော်ရဲ့အစိမ်းနုရောင် စစ်ဝတ်စုံအသစ်ကို သရော်ထားတဲ့ ဓါတ်ပုံတွေကို ဖေ့စ်ဘုတ်ခ် အင်တာနက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး ပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) (ဃ)နဲ့ ထောင်ဒဏ် (၆)လစီပြစ်ဒဏ် ချမှတ်ထားပါတယ်။

XS
SM
MD
LG