ကမ္ဘာနဲ့အဝန်း ဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရပြီးတဲ့နောက် ဒီနှစ် ၂၀၁၀ ပြည့်နှစ်ထဲမှာတော့ အာရှနိုင်ငံတွေမှာ စီးပွားရေး အခြေအနေတွေ သိသိသာသာ ပြန်လည် အားကောင်းလာနေပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့စီးပွားရေး တခုလုံးအနေနဲ့ တိုးတက်မှုတွေ ပြည့်ပြည့်၀၀ မရှိသေးတဲ့အတွက် ရှေ့နှစ်ထဲ အာရှစီးပွားရေးဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖွံ့ဖြိုးမယ့် အခြေအနေမှာတော့ မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။
မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၁၀ ပြည့်နှစ်ထဲမှာ ကြုံခဲ့ရတဲ့ စီးပွားရေး အတက်အကျတွေကြားက ရုန်းထွက်လာတဲ့ အာရှနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေနဲ့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ် အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ်တင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ အထူးသဖြင့် အင်အားကြီး အနောက်နိုင်ငံတွေမှာ နှေးကွေးနေဆဲ ဖြစ်တာမို့ ဒီအခြေအနေတွေရဲ့ အကျိုးဆက်အဖြစ် ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ထဲမှာ အာရှရဲ့ စီးပွားရေး တိုးတက်မှုတွေနှေးကွေးနေလိမ့်ဦးမယ်လို့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေ၊ စီးပွားရေး ပညာရှင်တွေက ကြိုတင်ဟောကိန်း ထုတ်ကြပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ စီးပွားရေး နိုးထစေရေး အစီအမံတွေ ဒီနှစ် ၂၀၁၀ ပြည့်နှစ်ထဲမှာ အဆုံးသတ်ခဲ့တာ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အားနည်းနေဆဲ ဖြစ်နေတာ စတာတွေက ဒီလို အခြေအနေတွေကို ဦးတည်စေမယ်လို့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင်က စီးပွားရေးပညာရှင် နာဂက်ရှ် ကူမား (Nagesh Kumar) က ဆိုပါတယ်။
“ရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် ရှေ့နှစ်ထဲ အာရှ-ပစိဖိတ်ဒေသမှာ ဖွံ့ဖြိုးမှုနှုန်းတွေ အနည်းငယ် ဆက်လက် ကျဆင်းနေဦးမယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါကလည်း အခြေခံအားဖြင့် အမေရိကန်နဲ့ ဥရောပက ပြန်လည်နာလန်ထူလာမယ့် အခြေအနေတွေ နှေးကွေးနေတာနဲ့ ပတ်သက်နေပြီး အာရှ-ပစိဖိတ် ဒေသက ဖွံ့ဖြိုးမှုနှုန်းတွေအပေါ် သက်ရောက်မှုတွေ ရှိနေတာပါ။”
အာရှစီးပွားရေးဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ဦးဆောင်ပြီး ပြန်လည်ဦးမော့လာနေတာ ဖြစ်ပါတယ်။ ဒီ ၂ နိုင်ငံရဲ့ စီးပွားရေး အင်အားတောင့်တင်းမှုကြောင့် ၂၀၁၀ ပြည့်နှစ်ထဲမှာ အာရှရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ပျမ်းမျှ ၈.၃ ရာခိုင်နှုန်း ရှိတယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင်ရဲ့ ၂၀၁၀ ပြည့်နှစ် အာရှ-ပစိဖိတ်ဒေသ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လာမယ့် ၂၀၁၁ ခုနှစ်ထဲမှာတော့ ၇ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းခဲ့တာပါ။
၂၀၁၀ ပြည့်နှစ်ထဲ အာရှနိုင်ငံတွေမှာ ဒီလို စီးပွားရေး အလားအလာကောင်းတွေ တွေ့မြင်လာနေရတဲ့ အာရှဈေးကွက်တွေဆီ အတိုးနှုန်းတွေ နည်းပါးနေဆဲဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပတို့လို နိုင်ငံတွေက ရင်းနှီးမြုပ်နှံသူတွေက ဒေါ်လာသန်းပေါင်း ထောင်သောင်းချီ ရွှေ့ပြောင်း မြုပ်နှံလာနေကြတာကိုလည်း တွေ့မြင်ကြရပါတယ်။ ဒီလို ပြည်ပက ငွေကြေးစီးဆင်းမှုတွေက အာရှစီးပွားရေးအတွက် အထောက်အကူ ဖြစ်ရတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Kasikorn ဘဏ်လုပ်ငန်းရဲ့ စီးပွားရေးသုတေသန ပညာရှင် နာလင် ချူချိုထိထမ် (Nalin Chutchotitham) က မြင်ပါတယ်။
“အပြုသဘောဆောင်တဲ့ အပိုင်းအနေနဲ့ကတော့ ဒီလို ငွေပင်ငွေရင်း စီးဆင်းမှုတွေကြောင့် အာရှတိုက်မှာ အရင်းအနှီး စိုက်ထုတ်မှုတွေဟာ ပိုလို့သာ သက်သာလာနေတာ ဖြစ်ပါတယ်။”
ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတာနဲ့အမျှ အာရှနိုင်ငံတွေမှာ လုပ်ငန်းတွေတိုးချဲ့တာ၊ အလုပ်အကိုင်တွေ ဖန်တီးရာမှာလည်း အထောက်အကူ ဖြစ်စေခဲ့တာပါ။ အာရှနိုင်ငံတွေရဲ့ ငွေကြေးတန်ဘိုး မြင့်တက်လာစေတဲ့ အတွက်လည်း ပြည်ပကနေ ကုန်ကြမ်းတွေကို ဈေးချိုချိုနဲ့ တင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို ငွေကြေးတန်ဘိုး မြင့်လာတဲ့အတွက် ပြည်ပကို တင်ပို့ကုန်တွေမှာတော့ ဈေးနှုန်းတွေ မြင့်တက်စေတာမို့ ပြည်ပပို့ကုန် လုပ်ငန်းတွေ အဓိကထားတဲ့ အာရှနိုင်ငံတွေမှာ စိုးရိမ်စရာ အဖြစ်တွေနဲ့လည်း ကြုံနေရတာပါ။ ဒီလိုပဲ ရင်းနှီးမြုပ်နှံမှုတွေ အာရှနိုင်ငံတွေဆီ ဝင်ရောက်လာနေတာတွေရဲ့ ဆိုးကျိုးတွေအဖြစ် ငွေကြေးဖောင်းပွမှု အန္တာရာယ်တွေနဲ့လည်း ကြုံရနိုင်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နိုဝင်ဘာလထဲမှာတုန်းက ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တဲ့အတွက် အစိုးရက ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။
အာရှနိုင်ငံတွေဆီ ငွေပင်ငွေရင်း စီးဆင်းမှုတွေ အကြီးအကျယ် ရှိနေပေမဲ့လည်း ၁၉၉၀ ပြည့်နှစ်လယ်ပိုင်း တဝိုက်လောက်က စိုးရိမ်ပူပမ်ကြတဲ့ ရင်းနှီးမြုပ်နှံသူတွေ ငွေအရင်းအနှီးတွေကို ရုတ်တရက် ပြန်ထုတ်သွားခဲ့ကြရာက ငွေကြေးဈေးကွက်မှာ ကမောက်ကမတွေဖြစ်၊ ကုမ္ပဏီတွေ လူမွဲစာရင်းဝင်အဖြစ် ကြေညာခဲ့ကြရတဲ့ အဖြစ်တွေက အာရှနိုင်ငံတွေအပေါ် အရိပ်မိုးနေဆဲ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေး ပြဿနာတွေရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ နိုင်ငံတွေထဲမှာတော့ အဲဒီအချိန်တုန်းက စီးပွားရေး အရှိန်အဟုန် ကောင်းနေကြတဲ့ တောင်ကိုရီးယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ခဲ့ကြတာပါ။
အခုဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံကို ဒီနှစ်ပိုင်းတွေမှာ ဝင်ရောက်လာနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ဆိုရင် ခိုင်မာလှတဲ့ ငွေပင်ငွေရင်းတွေ မဟုတ်တာမို့ စိုးရိမ်စရာလို့ အင်ဒိုနီးရှားနိုင်ငံ သိပ္ပံပညာတက္ကသိုလ်က စီးပွားရေး ပညာရှင် ဆီဝါဂီ ဒါမာ နီဂါရာ (Siwage Dharma Negara) က ဆိုပါတယ်။
“ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်၊ ငွေပင်ငွေရင်း စီးဆင်းမှုတွေကို လွှမ်းမိုးနေတာကတော့ အခြေခံအားဖြင့် စတော့ခ်ဈေးကွက်တွေ၊ အစိုးရပိုင် စာချုပ်စာတမ်းတွေနဲ့ ဗဟိုဘဏ်တွေရဲ့ ငွေစုလက်မှတ်တွေလို အပိုင်းတွေမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါတွေဟာ တကယ့်စီးပွားရေး လည်ပတ်မှုကို တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။”
စတော့ခ်ရှယ်ယာနဲ့ ငွေကြေးစာချုပ်စာတမ်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေဟာ ရေတိုကာလအတွက် ငွေပင်ငွေရင်းတွေအဖြစ် သာမက အချိန်မရွေး အလွယ်တကူ ပြန်ထုတ်နိုင်တာမို့ စီးပွားရေး ကျွမ်းကျင်သူတွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ မူဝါဒရေးရာ ချမှတ်သူတွေက စိတ်ချလက်ချ ယုံကြည်လေ့မရှိပါဘူး။ ဒါပေမဲ့လည်း စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုမျိုးတွေကသာ ရေရှည်ခံအဖြစ်၊ စီးပွားရေးအပေါ် ထိခိုက်မှုတွေ နည်းပါးစေတဲ့ အရင်းအမြစ်တွေအဖြစ် ရှုမြင်လေ့ရှိကြတာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ အကြီးအကျယ် ဝင်ရောက်နေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်စရာတွေ ရှိပေမဲ့လည်း ၁၉၉၇ ခုနှစ်တုန်းက အာရှ ဘဏ္ဍာရေး ပြဿနာတွေနောက်ပိုင်း စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေမှာ လုပ်ထုံးလုပ်နည်းတွေ ပြန်လည်ပြင်ဆင်မှုတွေက ဒီအခြေအနေတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့လည်း ယူဆမှုတွေ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တချို့အစိုးရတွေကတော့ အနည်းဆုံး ရင်းနှီးမြုပ်နှံမှုပမာဏကို သတ်မှတ်တာမျိုး၊ အခွန်အတုပ်သစ် စည်းကျပ်တာမျိုးလို ရင်းနှီးမြုပ်နှံမှုတွေကို ထိန်းချုပ်ဖို့ စဉ်းစားနေကြတာပါ။ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ဘဏ်ရုံးခွဲက စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဖရက်ဒရီကို ဟီလ် ဆန်ဒါး (Frederico Gil Sander) ကတော့ ဒီလို ထိန်းချုပ်မှုတွေကို ရေရှည်အတွက် ရင်းနှီးမြုပ်နှံသူတွေအပေါ် ကျင့်သုံးဖို့ မသင့်ဘူးလို့ သတိပေးပါတယ်။
“ဘယ်လို အစီအမံမျိုးတွေကိုပဲလုပ်လုပ် ရေရှည်အတွက် စဉ်းစားရပါလိမ့်မယ်။ ဒီလို ငွေပင်ငွေရင်း စီးဆင်းမှုမျိုးတွေကို ဆွဲဆောင်ဖို့ ပျက်ပြားစေတဲ့ လုပ်ရပ်တွေ မလုပ်ဖို့နဲ့ ပြည်ပကရင်းနှီး မြုပ်နှံသူတွေ အနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ မရေမရာ အခြေအနေတွေ ရှိတယ်လို့ ထင်မြင်သွားအောင် မဖန်တီးကြဖို့ လိုပါတယ်။”
တရုတ်အစိုးရကတော့ ဘဏ္ဍာရေးစနစ်ထဲမှာ အလွန်အကျွံ ပိုလျှံနေတဲ့ ငွေတွေ လျော့ပါးစေဖို့ ရည်ရွယ်ပြီး၊ ငွေချေးတဲ့ လုပ်ငန်းတွေကို ဘဏ်တွေက ကန့်သတ်ကြဖို့၊ အရန်ငွေကြေးတွေ ပိုပြီးထားရှိဖို့နဲ့ အတိုးနှုန်းတွေကို ထပ်ပြီးတိုးမြှင့်ဖို့ ညွှန်ကြားခဲ့တာပါ။ အာရှအစိုးရတွေက ငွေကြေးဖောင်းပွမှုတွေနဲ့ ငွေပင်ငွေရင်းတွေ အလွန်အကျွံ ဝင်မလာအောင် ထိန်းဖို့ ကြိုးစားနေပေမဲ့လည်း အာရှဒေသဟာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နေဆဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စီးပွားရေး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ပြည်ပက တင်သွင်းတဲ့ ကုန်တွေကို ကန့်သတ်လာတာတွေ၊ အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့လို စီးပွားရေး အင်အားကြီး နိုင်ငံတွေက ဝယ်လိုအားတွေ ကျဆင်းနေတာတွေက အာရှဒေသရဲ့ တိုးတက်မှုတွေမှာ အဟန့်အတားတွေ ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင်ရဲ့ ၂၀၁၀ ပြည့်နှစ် အာရှ-ပစိဖိတ်ဒေသ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစီရင်ခံစာက သတိပေးခဲ့တာပါ။ ဒီလိုပဲ ဒေသတွင်းနိုင်ငံတွေကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်တွေ တိုးလာနေတယ် ဆိုပေမဲ့လည်း ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမှာ ပွင့်လင်းမြင်သာမှုတွေ သိပ်မတွေ့ရတာဟာလည်း စီးပွားရေးအတွက် မရေရာမှုတွေကို ဦးတည်စေလိမ့်မယ်လို့ ဖော်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။