ယီမင်နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၂ ပုံဖြစ်တဲ့ ယီမင်နိုင်ငံသား သန်း ၂၀ ဟာ စစ်ပွဲကြောင့် စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ယီမင်နိုင်ငံပဋိပက္ခက ကမ္ဘာ့အဆိုးရွားဆုံးလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ကြောင်း စနေနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း UNICEF နဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် WFP တို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ စားနပ်ရိက္ခာဆိုင်ရာ ကောက် ယူထားတဲ့ စစ်တမ်းတခုအရ ယီမင်နိုင်ငံမှာ အငတ်ဘေးကြုံနေကြောင်း သတ်မှတ်သင့် မသင့် အဖွဲ့အစည်းတွေက သုံးသပ်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံလူဦးရေ သန်း ၂၀ ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံနေရပြီး လူဦးရေ ၁၅.၉ သန်း ဟာ နေ့စဉ် အိပ်ရာထတာနဲ့ စားစရာမရှိတဲ့အဖြစ်ကို ကြုံနေရတယ်လို့ စစ်တမ်းတွေအရ သိရကြောင်း အဖွဲ့ အစည်း တွေက ပြောပါတယ်။ ယီမင်နိုင်ငံတ၀ှမ်း အထောက်အပံအကူအညီတွေ ပေးနိုင်ရေး တိုးမြှင့်လုပ်ဆောင် ဖို့ လိုအပ်ကြောင်း WFP အကြီးအကဲ David Beasley က ပြောပါတယ်။ ဒီအခြေအနေအတိုင်း ဆက် သွားရင် ငတ်မွတ်မှုကြောင့် မျိုးဆက်သစ်ကလေးငယ်တွေ သေဆုံးပြီး မျိုးဆက်ပြတ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ပွဲကြောင့် အဓိကဖြစ်ရတဲ့ အငတ်ဘေးဟာ ကုန်ဈေးနှုန်း အဆမတန်တက်သွားတာနဲ့ အလုပ် လက်မဲ့နှုန်းများလာတာတွေက အငတ်ဘေးကို ပိုဆိုးရွားစေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လတုန်းက ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က အီရန်ထောက်ခံတဲ့ ဟူသီ သူပုန်တွေကို ထိုးစစ်ဆင်ပြီးတဲ့နောက်ပိုင်း ပဋိပက္ခတွေ ပိုဆိုးရွားလာခဲ့တာပါ။ ဒီစစ်ပွဲကြောင့် အနည်းဆုံး လူပေါင်း ၁ သောင်း သေဆုံးရပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းပါတယ်။
စစ်ပွဲက နိုင်ငံ့စီးပွားရေးကို အင်မတန် အထိနာစေပြီး ၂၀၁၅ နဲ့ ယှဉ်ရင် စီးပွားရေးက ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။