မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လက်ရှိသုံးစွဲနေတဲ့ တယ်လီဖုန်း လိုင်းတွေထဲက တချို့နံပါတ်တွေကို မကြာသေးခင်က အပြောင်းအလဲတွေ စလုပ်နေပါတယ်။ လက်ရှိသုံးစွဲနေတဲ့ အိမ်ဖုန်းတွေ၊ လက်ကိုင် မိုဘိုင်းဖုန်းတွေမှာ ပြီးခဲ့တဲ့ လတွေကစလို့ ဒီလို အပြောင်းအလဲတွေ ရှိခဲ့တာကြောင့် သုံးစွဲသူတွေ ကသိကအောက် ဖြစ်စရာတွေလည်း ကြုံကြရတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ တနေ့တခြား အသုံးများလာနေတဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို တိုးချဲ့မှုရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အိမ်ဖုန်း၊ လက်ကိုင် မိုဘိုင်းဖုန်း နံပါတ်တွေမှာလည်း အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။ အခုနောက်ဆုံး ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အပါအ၀င် မြို့နယ်တချို့မှာ အိမ်ဖုန်းနံပါတ်တွေကို အပြောင်းအလဲတွေ လုပ်ခဲ့သလို မိုဘိုင်းဖုန်း နံပါတ်တွေကိုလည်း ဒီမတိုင်ခင်မှာပဲ ပြောင်းလဲခဲ့တာလို့ ရန်ကုန်မြို့က သုံးစွဲသူ တယောက်က ပြောပါတယ်။
“ဟုတ်တယ်၊ လိုင်းဖုန်းလည်းပြောင်းမယ်။ လိုင်းဖုန်းကကျတော့ မြောက်ဥက္ကလာတခုပဲ ပြောင်းသေးတယ်။ အခု နံပါတ်အားလုံး ၆ လုံးရှိရာက ၇ လုံး ပြောင်းမယ်လို့ ပြောတယ်။ မြောက်ဥက္ကလာတခုပဲ ပြောင်းသေးတယ်၊ အဲဒါက။ တခြားဘက်တွေ မလာသေးဘူး။ ဟန်းဖုန်းကျတော့ ကျနော်တို့ကို ဟန်းဖုန်းတွေ စထုတ်ပေးခါစက မြို့နယ် တမြို့နယ်နဲ့ တမြို့နယ် ယူသွားလို့ မရဘူး။ အခုကျတော့ မိုဘိုင်းဖုန်းကို ပြောင်းလိုက်တော့ မိုဘိုင်းဖုန်း ကုတ်နံပါတ် ဆိုပြီးတော့ ၀၉ ကို ပြောင်းပေးလိုက်တယ်၊ လွန်ခဲ့တဲ့ တလလောက်က။”
အခုနောက်ဆုံး တယ်လီဖုန်းနံပါတ် အပြောင်းအလဲတွေကိုတော့ ဖုန်းဆက်သွယ်ချိန်မှာ အလိုအလျောက် ဖြေဆိုတဲ့ စနစ်နဲ့ ဆက်သွယ်သူတွေကို အကြောင်းကြားခဲ့တာပါ။ ဒီလို တယ်လီဖုန်းနံပါတ် အပြောင်းအလဲတွေ လုပ်ခဲ့တဲ့နေရာမှာ ခေါ်ဆိုခ နှုန်းထားတွေတော့ အပြောင်းအလဲ မရှိခဲ့သလို တယ်လီဖုန်း ဈေးနှုန်းတွေလည်း အရင်ထက် ဈေးချိုလာနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း တယ်လီဖုန်း သုံးသူတွေ တိုးလာနေတာနဲ့အမျှ ဆက်သွယ်မှုတွေမှာ အခက်အခဲတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ခံကပဲ ပြောပါတယ်။
“ပေးရတဲ့ နှုန်းတွေကတော့ တမိနစ်ကို ၅၀၊ အင်တာနက်သုံးရင် တမိနစ်ကို ၄ ကျပ်၊ SMS ပို့ရင် တစောင်ကို ၂၅ ကျပ်၊ နှုန်းကတော့ အပြောင်းအလဲ မရှိပါဘူး။ အခု အပြင်မှာ GSM ဆိုရင် ၇၀၀,၀၀၀၊ အရင်တုန်းကဆို သိန်း ၂၀၊ ၃၀ လောက်ရှိတာလေ။ အခုဆို ပြန်ရောင်းရင် ၇၀၀,၀၀၀။ ပြီးတော့ ၄၅၀၊ ၁၅ သိန်းတန်တွေက အခု ၇၀၀,၀၀၀၊ အဲဒီလို ဖြစ်သွားတယ်။ ၅၀၀,၀၀၀ တန်တွေ ထွက်သွားတော့ ဈေးကျသွားတာပေါ့။ ဖုန်းဈေးကွက် ပျက်သွားတာပေါ့ဗျာ။ လိုင်းကျပ်တဲ့ အချိန်ကတော့ ရှိတာပေါ့။ အဓိက လိုင်းကျပ်တာက GSM တွေ။ CDMA က ဒီလောက် သိပ်ပြီး လိုင်းမကျပ်ဘူး။ CDMA ၄၅၀ တွေလည်း လိုင်းကျပ်တယ်။ သူတို့အခေါ် ကမ်းရိုးတန်းဖုန်း ခေါ်တာပေါ့။”
မြန်မာနိုင်ငံမှာ အသုံးပြုသူတွေ များလာနေတဲ့ တယ်လီဖုန်းလိုင်းတွေကို တိုးချဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အတွင်းမှာတော့ မြန်မာနိုင်ငံတ၀န်း နောက်ထက် မိုဘိုင်းဖုန်း အလုံးရေ ၉၅၀,၀၀၀ ထပ်မံ ချထားပေးတဲ့အတွက် စုစုပေါင်း အလုံးရေ ၁,၅၀၀,၀၀၀ နီးပါး ရှိနေပါပြီ။ ဒီလိုပဲ အိမ်ဖုန်းလိုင်းတွေဟာလည်း ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းလောက်အထိ ဆိုရင် စုစုပေါင်း ၈၆၀,၀၀၀ ကျော်အထိ ရှိနေပြီလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ကိန်းဂဏန်းတွေက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ဒီအရေအတွက်ဟာဆိုရင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၄% လောက်သာ ရှိနေဆဲလည်း ဖြစ်ပါတယ်။
တယ်လီဖုန်း ဆက်သွယ်ရေးတွေ ခေတ်မီအောင် လုပ်တဲ့နေရာမှာ အင်တာနက်ကတဆင့် အသံနဲ့ ဆက်သွယ်နိုင်တဲ့ VoIP စနစ်ကိုလည်း လက်ကိုင်ဖုန်းတွေမှာ စတင်သုံးစွဲနိုင်ဖို့ စီစဉ်ထားပေမဲ့ တစက္ကန့်ကို ၆၄ ကီလိုဘိုက် နှုန်းနဲ့သာ အမြင့်ဆုံး ဆက်သွယ်နိုင်တာမို့ လက်တွေ့မှာ သုံးလို့ မရနိုင်သလောက် ဖြစ်နေရတယ်လို့လည်း မိုဘိုင်းဖုန်း သုံးစွဲသူတွေက ပြောကြပါတယ်။