သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ ထွက်ပြေးနေရ


ယင်းမာပင်မြို့နယ်အတွင်းက ရွှေပန်းခိုင်နဲ့ သဲတောကြီးကျေးရွာအပါအဝင် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ရွာများ။ (မေ ၉ ၊ ၂၀၂၂/MIMU)
ယင်းမာပင်မြို့နယ်အတွင်းက ရွှေပန်းခိုင်နဲ့ သဲတောကြီးကျေးရွာအပါအဝင် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ရွာများ။ (မေ ၉ ၊ ၂၀၂၂/MIMU)

[[Zawgyi/Unicode]]

ယင်းမာပင်မြို့နယ်ထဲက ရွှေပန်းခိုင်၊ သဲတောကြီး စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နယ်မြေရှင်းနေတာကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေကပါ ထွက်ပြေးနေကြရပါတယ်။ ရွာပေါင်း ၉ ရွာလောက်က ရွာသား ၂,၀၀၀ နီးပါးလောက် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ နေရေး၊ စားသောက်ရေးနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်းရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ဝါးတန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေခဲ့တဲ့ စစ်ကောင်စီတပ်တွေက တည်ပင်ကန်ကျေးရွာကိုဖြတ်ပြီး သဲတောကြီးရွာနဲ့ ရွှေပန်းခိုင် ရွာတွေကို မေလ ၈ ရက်နေ့ မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ သေနတ်တွေပစ်ဖောက်၊ လက်နက်ကြီးတချို့ပစ်ခတ်ပြီး ဝင်လာတာကြောင့် သဲတောနဲ့ ရွှေပန်းခိုင်ကျေး ရွာတွေအပြင် အနီးနားက ကျေးရွာတွေကပါ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ခုလို ပြောပါတယ်။

“ဘယ်လိုပြောရမလဲတောင် မသိဘူး။ တရွာလုံး အကုန်လုံး ထွက်ပြေးကြရတာ။ သူတို့ က တောင်ကနေ ဝင်လာတာရှင့်။ တောင်ကနေ ဝင်လာပြီးတော့ ဖောက်ဖောက်ဖောက် ဆိုတော့ သေနတ်သံတွေ ကြားတယ်ဆိုပြီးတော့ ကျမတို့က ထွက်ပြေးကြတာ။ တောင်ကနေ ဝင်လာတာ။ ပစ်ပြီးဝင်လာတော့ ထွက်ပေါက်ကမရှိတော့ ကျမတို့က အကုန် ယမားတွေက ဖြတ်ပြီး အနောက်တွေ အကုန်ဖြတ်ပြီး ပြေးမိပြေးရာတွေ ပြေးကြတာ။ သူတို့က သေနတ်တွေ ဖောက်ပြီးတော့ ဝင်လာတာ။ ပြောရမယ်ဆိုရင်လေ၊ ည ၈ နာရီ ၉ နာရီထိအောင်ကို ကျမတို့က ပြေးနေရတုန်းပဲ။ အစတုန်းကတော့ ရွာနဲ့ သိပ်မဝေးတဲ့ ဆီမှာ ကပ်နေတာ၊ နောက် သူတို့က အဲ့နေရာတွေကိုပါ လှမ်းထုတော့ “ဟာ ဒီနေ့ရာတွေကိုတော့ ရောက်လာပြီ”.. ဆိုပြီး ထပ်ထပ်ပြေးတော့ ည ၈ နာရီ၊ ၉ နာရီ ထိအောင်ကို ပြေးနေကြရတာ။ အနောက်ကနေ ခု နောက်ထပ်တဖွဲ့ လာပြီလို့ပြောလို့ ကျမတို့လည်း ခုထပ်ပြီးတော့ ပြေးရအုံးမှာပေါ့နော်။”

စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး ဝင်လာတာကြောင့် သဲတောကြီး၊ ရွှေပန်းခိုင်၊ ရေကြည်ပြင်၊ ထန်းတောကြီး၊ အုံတုံပင်၊ တယ်ပင်ကန် စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၉ ရွာလောက်က ရွာသား ၂,၀၀၀ ဝန်းကျင်လောက်က ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။

စစ်ကောင်စီတပ်တွေက သဲတော့ကြီးရွာနဲ့ ရွှေပန်းခိုင်ရွာတွေကို ဝင်ပြီး နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး နောက်ရွာတွေကို ဆက်တက်သွားနေတာကြောင့် စစ်ရှောင် ရွာသားတွေက အဲ့ဒီရွာတွေနဲ့ အတော်အတန်ဝေးတဲ့ ရွာတွေအထိ စစ်ရှောင်နေကြရပါတယ်။ တချို့တွေကလည်း ဝေးတဲ့ရွာတွေကို မပြေးဘဲ တောထဲမှာပဲ နေနေကြရတဲ့ သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“တောထဲမှာလည်း အများကြီးပဲ။ ကျမတို့ဘက်က ထန်းတက်တာဆိုတော့ ထန်းတဲတွေထဲမှာလည်း အများကြီးပဲ။ မြေကြီးပေါ်မှာ ဖျာခင်းပြီး အိပ်တဲ့သူတွေလည်း အများကြီးပဲ။ ခု သရက်ပင်တွေအောက်မှာ ခြုံတွေအောက်မှာ နေနေကြရတာတွေလည်း အများကြီးပဲရှိတယ်။”

တောထဲမှာ မိုးကာတွေနဲ့ တဲဆောက်ပြီး နေနေကြပေမယ့် ခုရက်ပိုင်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာတာတွေ ရှိတဲ့အတွက် ဖျားနာတာနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်နေကြလို ရိက္ခာနဲ့ ဆေးဝါးကလည်း အရေးပေါ်လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ဒေသခံတဦးက ခုလိုပြောပါတယ်။

“ကျနော်တို့ ယာယီ မိုးကာတဲလေးတွေ ဆောက်နေရတာပေါ့နှော်။ အခက်အခဲကတော့ စားဝတ်နေရေးရော၊ မိုးတွင်းကာလလည်းရောက်တော့မယ်ဆိုတော့ မိုးရွာတာကရော။ အဆင်မပြေဖြစ်ကြတယ်ဗျ၊ ဖျားကြနာကြတာပေါ့။ ခုလိုအပ်နေတာကတော့ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ၊ အခုက ရာသီဥတုနဲ့ အခက်အခဲတွေ ကြုံနေရတာပေါ့။”

စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ကလေးငယ်တွေပါ ပါတာကြောင့် ပြေးလွားပြီး စစ်ရှောင်နေရတာက အတော်ကို အခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။ ခုလို တရွာပြီးတရွာ ထွက်ပြေးနေကြတဲ့ အခက်အခဲကို ခုလိုပြောပါတယ်။

“သက်ကြီးရွယ်အိုတွေ၊ လေဖြတ်ထားတဲ့သူတွေ၊ မမာတဲ့သူတွေ၊ လမ်းတင် သေမလိုဖြစ်နေတဲ့သူတွေကလည်း အများကြီးပဲ။ ကျမရဲ့ ဒွေးလေးတယောက်ဆို လေဖြတ်နေတာ။ မနက်သေမလား၊ ညသေမလားတောင်မသိဘူး။ အဲ့ဒါကို လှည်းနဲ့တိုက်သွားရတာပဲ။ အခက်အခဲက အများကြီးပဲ။ အဲ့ဒါက တယ်ပင်ကန်ကနေပြီးတော့လေ ကျမတို့ကို အားကိုးပြီး ကျမတို့ရွာမှာ လာနေတာ၊ သူတို့က ပေတရာ(လမ်း) ဘေးဆိုတော့လေ။ အဲ့ဒါကို ကြည့်ပြီးတော့လေ လူတိုင်းက အကုန်လုံး မျက်ရည်ကျကြတယ် သိလား။”

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ထိတွေတိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကြောင့် စစ်ကောင်စီတပ်တွေကလည်း ကျေးရွာတွေကို တရွာဝင်တရွာထွက် နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ ကလေးမြို့ကလွဲလို့ ကျန်တဲ့ မြို့နယ်တိုင်းမှာ စစ်ကောင်စီက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးတွေပါ ခက်ခဲနေကြရပါတယ်။

နယ်မြေရှင်းလင်းမှုတွေကြောင့် ထွက်ပြေးနေကြရတဲ့ ရွာတွေက ရွာသားတွေက စစ်ကောင်စီတပ်တွေ ရွာကထွက်သွားပြီးချိန်မှာ နေအိမ်ကိုပြန်လာနေတာတွေ ရှိပေမယ့် အများစုကတော့ပြန်မနေရဲကြသေးဘဲ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ နာမကျန်းသူတွေရှိတဲ့သူတွေကတော့ တောထဲနဲ့ တခြားရွာတွေကို ထွက်ပြေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။ အခုကာလက ပြင်းထန်တဲ့အပူချိန်နဲ့ တခါတလေ မိုးရွာတာတွေ ရှိတာကြောင့် ဖျားနာတာနဲ့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတဲ့အတွက် ဆေးဝါးနဲ့ ရိက္ခာက အဓိက လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














==============

XS
SM
MD
LG