[[Zawgyi/Unicode]]
မြန်မာနိုင်ငံ အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရာမှာ ကြားကာလညီညွတ်ရေးအစိုးရ (National Unity Government- NUG) နဲ့ မိတ်ဖက်တွေအနေနဲ့ စစ်မြေပြင်ထိုးစစ်တွေသာမက စစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းပိုင်းပါအထိနာအောင် လုပ်ဆောင်သင့်တဲ့အချက်တွေကို National War College က ပါမောက္ခ Zach Abuza က အသေးစိတ်ရှင်းပြသွားပါတယ်။ ဒီလို ဘက်ပေါင်းစုံက တော်လှန်တိုက်ခိုက်ရာမှာ အလေးပေးသတိထားရမယ့်အချက်တွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံဟောင်း Priscilla Clapp က ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၉ မှာ ကျင်းပခဲ့တဲ့ Stimson Center ရဲ့ အွန်လိုင်းဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မအိသန့်စင်က သတင်းပေးပို့ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် စစ်ကောင်စီရဲ့ဘဏ္ဍာရေးထိခိုက်အောင် စီးပွားရေးပိုင်းမှာ အလေးပေး တိုက်ခိုက်ရမယ်လို့ National War College ပါမောက္ခ Zach Abuza က ပြောပါတယ်။ Zach Abuza ဟာ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်ရေးရန်ပုံငွေ၊ ထောက်ပို့နဲ့ နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်မှုတို့ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူဖြစ်ပါတယ်။ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အနေနဲ့ အလေးပေးရမယ့် အချက် ၂ ချက်ကို သူက အခုလို ထောက်ပြပါတယ်။
“ပထမအချက်ကတော့ စစ်တပ်ရဲ့ အချက်အခြာကျတဲ့နေရာတွေကို ပစ်မှတ်ထားရပါမယ်။ စစ်သားတွေမှာ လက်နက်အပြည့်အစုံ မရှိကြတာကိုကြည့်ရင် စစ်တပ်မှာ အရင်းအမြစ်တွေကုန်ခမ်းလာပြီလို့ သုံးသပ်လို့ရပါတယ်။ အရင်တုန်းက ကုန်းလမ်းကနေ သယ်ယူပို့ဆောင်သလို သွားလာလို့မရတော့တဲ့အတွက် စစ်တပ်က ရေကြောင်းလမ်းကို အဓိကထားသုံးပါတယ်။ ဒီအချက်ကို NUG နဲ့ PDF တို့ သတိထားမိဖို့ လိုပါတယ်။ စစ်တပ်ရဲ့ မြန်မာပြည်တွင်းက လက်နက်ထုတ်စက်ရုံတွေကို ပစ်မှတ်ထားရပါမယ်။ စစ်တပ်ရဲ့ စစ်တိုက်နိုင်မှုစွမ်းရည် အားနည်းအောင် လုပ်ရပါမယ်။ ကျည်ဆံနဲ့ လက်နက်ငယ်ထုတ်စက်ရုံတွေ ထုတ်လုပ်နိုင်စွမ်းလျော့အောင်လုပ်ဖို့ဆိုရင် ကုန်ကြမ်းအားလုံးကို ဖြတ်တောက်စရာမလိုပါဘူး၊ ကုန်ကြမ်းတမျိုးမျိုး မရအောင်လုပ်ဖို့ပဲလိုတာပါ။
ပစ္စည်းအပြည့်အစုံမရှိရင် ကျည်ဆံတွေ၊ လက်နက်ငယ်တွေ မထုတ်နိုင်ပါဘူး။
.....ဒုတိယအချက်ကတော့ စစ်ကောင်စီရဲ့ ချက်ကောင်းဖြစ်တဲ့ စီးပွားရေးပါ။ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်တာ အသိသာကြီးပါ။ ကျပ်ငွေတန်းဖိုးကျဆင်း၊ ကုန်ဈေးနှုန်းထိုးတက်၊ လောင်စာဆီနဲ့ ဓာတ်ငွေ့တင်ပို့နိုင်မှုအားနည်း၊ ဗဟိုဘဏ်ကလည်း အစကတည်းက သိပ်များများမရှိတဲ့ အရန်ငွေတွေကို ထုတ်သုံးရဖြစ်ကုန်ပါတယ်။ ကိုယ့်ရန်သူက အမှားလုပ်နေပြီဆိုရင် လွှတ်ထားလိုက်ပါဆိုပြီး နပိုလီယန်ပြောခဲ့ဖူးပါတယ်။ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် မကိုင်တွယ်နိုင်သေးသလို တော်ရုံနဲ့ လုပ်နိုင်ဦးမှာလည်း မဟုတ်ပါဘူး။”
၂၀၂၃ စစ်ကောင်စီရွေးကောက်ပွဲကျင်းပတဲ့အခါကျရင် NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့- ERO တွေကြား အမြင်ကွဲပြားတာ၊ တော်လှန်ရေးကို ဆက်ထောက်ပံ့ဖို့ ငွေအားလူအားအရင်းအမြစ်တွေ NUG ဖက်က ကုန်သွားပြီး တော်လှန်ရေး အားလျော့ အားပြတ်လာဖို့ စစ်ကောင်စီက မျှော်လင့်ထားတာပါ။ ခေတ်သစ်စစ်ပွဲဟာ စစ်မြေပြင် တိုက်ခိုက်မှုတခုတည်းနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ဘယ်ဘက်က ကြာကြာ တောင့်ခံ ရပ်တည်နိုင်လဲဆိုတာအပေါ် မူတည်ပြီး အနိုင်အရှုံးဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း ပါမောက္ခ Abuza က ထောက်ပြထားပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးကို ထောက်ပံ့ဖို့ ရန်ပုံငွေ ရှာတာအပြင် တခြား အချက် ၆ ချက်ကိုလည်း အလေးပေး လုပ်ဆောင်ရမယ်လို့ သူက ထောက်ပြပါတယ်။ ဒီအချက် ၆ ချက်ကတော့ ကျောက်မျက်တင်ပို့မှုလို စစ်ကောင်စီအတွက် ဝင်ငွေရနေတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့တာ၊ နိုင်ငံတကာဒဏ်ခံပိတ်ဆို့မှုတွေ ပိုပြီး ချမှတ်တာ၊ ရေနံပိုက် လိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လက်နက်စက်ရုံလို စစ်ကောင်စီရဲ့ အချက်အခြာကျတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရေးပါတဲ့သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ် သုပ်သင်ရှင်းလင်းတာနဲ့ အာဏာသိမ်းမှုကြောင့် အမြတ်ထုတ်နေသူတွေကို မှတ်သားထားပြီး တချိန် NUG လွှတ်တော်ဖွဲ့စည်းတဲ့အခါ စစ်ဆေးအရေးယူဖို့ ဒီအချက်တွေ ပါဝင်တယ်လို့ ပါမောက္ခ Zach Abuza က ပြောပါတယ်။
“ပြည်သူတွေ မီတာခ မဆောင်တာမျိုးက စစ်ကောင်စီအတွက် ဒေါ်လာ ဘီလျံနဲ့ချီ ဆုံးရှုံးစေပြီး စစ်ကောင်စီရဲ့ဝင်ငွေကို ထိခိုက်စေပါတယ်။ အစိုးရဈေးကွက်မှာ ကျောက်မျက်လေလံတင်ရောင်းချတာမျိုးကနေလည်း စစ်ကောင်စီဝင်ငွေရနေတာကြောင့် ဒါမျိုးကို ပစ်မှတ်ထားရပါမယ်။ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ဖို့က အမေရိကန်နဲ့ ဥရောပသမ္မဂလို ပြည်ပနိုင်ငံတွေရဲ့ တာဝန်ဆိုပေမယ့် ပြည်သူတွေထိခိုက်မှာစိုးရိမ်ပြီး အစိုးရဘဏ်တွေကို ပိတ်ဆို့မှုချဖို့ တွန့်ဆုတ်နေတဲ့ နိုင်ငံတွေကို NUG က တိုက်တွန်းနားချရပါမယ်။ မြန်မာပြည်သူတွေက ထိခိုက်ခံနေရပြီးပါပြီ။ စီးပွားရေးလည်း ခြွတ်ခြုံကျပြီး ဆင်းရဲတွင်းနက်နေပါပြီ။ ဒါ့ကြောင့် မြန်မာပြည် သူ တွေကို ငဲ့တယ်လို့ချည်း ပြောပြီး ပိတ်ဆို့မှု မချဘဲမနေပါနဲ့။ မြန်မာပြည်သူတွေရဲ့ ပေးဆပ်မှုနဲ့ စစ်ကောင်စီ အမြန်ပြုတ်ကျရေးကိုပဲ အလေးပေးပါဆိုပြီး NUG ဘက်က တခြားနိုင်ငံတွေကို နားချရပါမယ်။
...နောက်တချက်ကတော့ NUGPay လိုမျိုး အွန်လိုင်းငွေချေစနစ်တွေကို သုံးရင် စစ်ကောင်စီအိတ်ကပ်ထဲ ငွေဝင်တာကနေ ရှောင်နိုင်ပါတယ်။ Starlink လို ဂြိုဟ်တုဆက်သွယ်ရေးဆက်တလိုက်တွေ ရှိရင်လည်း ပိုအသုံးဝင်မှာပါ။ အခုက စစ်ဖြစ်နေတာပါ။ စစ်ဆိုတာ ရန်သူကို အမြန်ဆုံး အလဲထိုးနိုင်ဖို့ ဦးတည်ချက်နဲ့တိုက်ရပါတယ်။ ဒါ့ကြောင့် ပစ်မှတ်ထား သုပ်သင်ရှင်းလင်းမှုတွေ လုပ်ဆောင်သင့်ပါတယ်။”
မြို့ပြလူထုကြား ဗုံးဖောက်ခွဲတာတွေထက်စာရင် စစ်တပ်အတွက် အရေးပါတဲ့သူတွေကို သုပ်သင်ရှင်းလင်းတာက ပိုထိရောက်ပါတယ်။ ဒါဟာ စစ်ဆင်ရေးဘက်ကကြည့်ရင် အကျိုးရှိတဲ့ ခြေလှမ်းဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဝင်ငွေကို ထိခိုက်စေတဲ့အပြင် ပြည်သူတွေအပေါ် ထောက်လှမ်းအချက်အလက်ယူတာတွေကိုလည်း ဒီနည်းနဲ့ လျှော့နိုင်ပါတယ်။ နောက်တချက်ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ပါတယ်။ တရုတ်ရဲ့ အဓိက ပိုက်လိုင်း ၂ ခုကို မတိုက်ခိုက်နိုင်ဘူးဆိုရင်တောင် ထိုင်းကို ပေးနေတဲ့ ပိုက်လိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ရပါမယ်။ ထိုင်းပိုက်လိုင်းမှာ တကြိမ် ဗုံးခွဲခဲ့ဖူးသလိုပဲ ဒါမျိုးကို ပုံမှန် အကြိမ်ကြိမ် လုပ်သင့်တယ်လို့လည်း သူက ရှင်းပြပါတယ်။ နောက်ဆုံးတချက်အနေနဲ့ စစ်ကောင်စီအာဏာရပြီးနောက် အကျိုးအမြတ်ရနေသူတွေ ဘယ်သူတွေလဲ-ဆိုတာကို မှတ်သားထားဖို့ဖြစ်ကြောင်းနဲ့ အဲဒီလူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ တခြားနိုင်ငံကို NUG က အသိပေးရမယ့် တာဝန်ရှိပြီး အနာဂတ်မှာ NUG လွှတ်တော်ဖွဲ့စည်းပြီးတဲ့အခါမှာလည်း ဒီကိစ္စတွေကို ပြန်လှန်အရေးယူရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ပါမောက္ခ Abuza ထောက်ပြသွားတဲ့အချက်အများစုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံဟောင်း Priscilla Clapp က သဘောတူပေမယ့် NUG နဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေအားလုံးအနေနဲ့ သတိထားကိုင်တွယ်ရမယ့်အချက်တွေကို သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
“NUG ရင်ဆိုင်နေရတဲ့ ပြဿနာတခုက နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို NUG က ထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့လုပ်ငန်းတွေအပေါ် တိုက်ခိုက်ဖို့ တိတိကျကျ ညွှန်ကြားရတာခက်ခဲနိုင်တဲ့အပြင် NUG ရဲ့ သဘောထားနဲ့မတိုက်ဆိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း မြေပြင်ကလက်နက်ကိုင်အဖွဲ့တွေ လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့ အစိုးရအဖြစ်သတ်မှတ်ဖို့ NUG ဘက်က တွန်းအားပေးလုပ်ဆောင်နေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်ရင် NUG အနေနဲ့ အထူးသဖြင့် တရုတ်နဲ့ အာဆီယံလို နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးလမ်းဖောက်ဖို့ ပိုခဲယဉ်းသွားနိုင်ပါတယ်။ အတိအကျ ထုတ်မပြောနိုင်သေးပေမယ့် NUG နဲ့ အမေရိကန်အစိုးရကြား လုပ်ဆောင်နေတာ အများကြီးရှိပါတယ်။ တရုတ်နဲ့ဆက်ဆံနေကျ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကနေတဆင့်ပဲဖြစ်စေ၊ တရုတ်နဲ့လည်း အလုပ်သဘောဆက် ဆံရေးကို NUG ဘက်က ဆက်လက်ထားရှိပါတယ်။ ဒါကနောင်မှာ အကျိုးရှိလာမှာပါ။ ပါမောက္ခ Abuza ပြောသလိုပဲ မြို့တွေမှာ ဗုံးခွဲတာကို ကျမလည်း အားမပေးပါဘူး။ ပစ်မှတ်ထား လုပ်ကြံသုတ်သင်ရှင်းလင်းမှုတွေလုပ်ရင်လည်း သတိထားရပါမယ်။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ရမယ်ဆိုပေမယ့် မြန်မာပြည်မှာ သိပ်မရှိတော့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ချန်ထားသင့်တယ်လို့ ထင်ပါတယ်။”
အောက်တိုဘာလ ၁၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် Stimson စင်တာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ အရှေ့အာရှ အစီအစဉ်ရဲ့ တွဲဖက်ညွှန်ကြားရေးမှူးနဲ့ အကြီးတန်း ပညာရှင် Yun Sun က ဆွေးနွေးပွဲမှာ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး အရှေ့တောင် အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်မှု ဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်မှု တို့ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူ National War College ပါမောက္ခ Zach Abuza နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်ရှင်။
=============
[[Unicode]]