သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဇာဂနာ ထောင်ဝင်စာ ပိတ်ခံထားရ


မြစ်ကြီးနားထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကျော် စွယ်စုံအနုပညာရှင် ကိုသူရ ခေါ် ဇာဂနာကို ထောင်ဝင်စာ ပိတ်ထားတာ ၂ လနီးပါး ရှိသွားပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဘာကြောင့် ထောင်ဝင်စာ ပိတ်လိုက်သလဲ ဆိုတာကိုလည်း စုံစမ်းမေးမြန်းလို့ မရဘူး ဖြစ်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ နောက်ဆုံးတကြိမ် ထောင်ဝင်စာ တွေ့ခဲ့ပြီးကတည်းက ဒီကနေ့ထိ ဘာကြောင့်မှန်းမသိ ထောင်ဝင်စာ ပိတ်ထားသလို စုံစမ်းလို့လည်း မရတာမို့ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန အကြီးအကဲဆီကို စာရေးမေးမြန်းဖို့ စီစဉ်နေတယ်လို့ ကိုဇာဂနာ ခေါ် ကိုသူရရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

“ကျမတို့ အကစကိုတော့ စာတင်ပြီး မေးမယ်။ မေးမယ်ဆိုတာ ဘယ်လိုကြောင့်ပိတ်လဲ၊ ဘယ်လောက်အထိ ပိတ်မှာလဲ၊ အဲဒီဟာ နှစ်ခုကိုတော့ ကျမ သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ချက်ဟယ် ပြုတ်ဟယ်၊ ခရီးစရိတ် ကုန်ဟယ်နဲ့ သွားကြပြီးတော့ ဟိုရောက်တော့မှ ကျမကို မတွေ့ရဘူးဆိုတဲ့ အဖြစ်မျိုး ဖြစ်မှာစိုးလို့ ကျမ သက်ဆိုင်ရာ ဌာနဆိုင်ရာကိုတော့ စာတင်ပြီး မေးဖို့ အစီအစဉ် ရှိပါတယ်။ စုံစမ်းတယ်၊ စုံစမ်းတော့ ဖုန်းရတော့ မေးကြည့်တော့ ဟုတ်ပါတယ်၊ ထောင်ဝင်စာ ပိတ်ထားတယ်လို့ သူတို့ဘက်က အကြောင်းပြန်ပါတယ်။ သူ့အနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပဲ ပြောရမှာပေါ့၊ အဲဒါကြောင့် အဲဒါတော့ ပြောလို့မရပါဘူး၊ ပိတ်ထားတာတော့ ဟုတ်ပါတယ်လို့ ပြောတယ်။”

ဒါပေမဲ့ မိသားစုဝင်တွေကတော့ မြစ်ကြီးနား ထောင်ပိုင်ကြီးနဲ့ ပြဿနာတခုခု ဖြစ်နေတဲ့အတွက် ကိုဇာဂနာကို အခုလို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

“စုံစမ်းကြည့်တော့ တခြားထောင်တွေရော ဒါမျိုးတွေဖြစ်လား၊ ကိုယ်လည်း ထွက်လာတဲ့လူတွေ ပြောတဲ့စကားကို နားထောင်ကြည့်တော့ ကျမက ညွှန်ချုပ်ရုံးကနေများ ပိတ်တာလားပေါ့၊ အပေါ်ကနေ ပိတ်တာလားပေါ့။ ဒါပေမဲ့ ဒီလို ထောင်ဝင်စာ ပိတ်တဲ့ဟာကတဲ့ ထောင်ပိုင်ကြီးမှာ Authority အပြည့်ရှိတယ်။ သူပိတ်ရင်ကို ရတယ်ပေါ့။ အဲဒီလိုမျိုး ပြောတယ်။ အဲတော့ ထောင်ပိုင်ကြီးနဲ့ အဆင်မပြေမှု တခုခု ရှိမယ်လို့ အကုန်လုံးကတော့ ထင်ကြေးပေးကြတာပေါ့။”

ပုံမှန်ဆို တလကိုတကြိမ် မြစ်ကြီးနားထောင်မှာ ထောင်ဝင်စာ သွားပို့နေကျ ဖြစ်ပေမဲ့ အခု ထောင်ဝင်စာ ပိတ်ထားတာမို့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း မသွားခဲ့ရဘူးလို့ မငြိမ်းက ပြောပါတယ်။ အခုလာမယ့် ဇူလိုင်လ ၁၇ ရက်နေ့မှာပါ တွေ့ခွင့်မရဘဲ ထောင်ဝင်စာ ပိတ်ထားမယ်ဆိုရင်တော့ ၂ လ ရှိတော့မှာမို့ ကိုဇာဂနာအတွက် အစားအစာနဲ့ ပုံမှန်သောက်နေတဲ့ ဆေးဝါးတွေ ပြတ်လတ်တဲ့ အခက်အခဲ ဖြစ်လာမယ်လို့ မငြိမ်းက ပြောပါတယ်။

“အခု ကျမစိုးရိမ်မှုက ဘာလဲဆိုတော့ ဈေးဘားပါ အပိတ်ခံရတယ်လို့ ကြားတယ်။ ဈေးဘားဆိုတာ ကျမတို့က ထောင်မှာ တရားဝင် ပိုက်ဆံသွင်းပြီးတော့ စားရတာပေါ့၊ ထောင်ကျနေတဲ့လူတွေက။ သွင်းနိုင်ရင် သွင်းပေးကြရတာပေါ့၊ မိသားစုတွေက။ အဲဒီဟာပါ အပိတ်ခံရတယ်ဆိုတော့ ကျမတို့က ထောင်ဝင်စာ မသွားနိုင်တဲ့အခါဆိုရင် ဒီပိုက်ဆံကို သွင်းပြီးတော့ အထဲကလူက အသက်ရှင်သန်မှုအတွက် စားဟယ် သောက်ဟယ်ဆိုတာ အဲဒါနဲ့ လုပ်နေရတာ။ အဲဒါတချက် ကိုယ်က ပိုစိုးရိမ်တယ်။

“ဆေးဝါးအတွက် တော်တော် စိုးရိမ်တယ်။ သွင်းနိုင်ရင်လည်း တလ နှစ်လစာ ကျမတို့သွားရင် အဲဒီလိုပဲ သွင်းခဲ့ကြရတာကိုး။ အတိမ်းအစောင်းပေါ့၊ ကိုယ် တလနေလို့ မလာနိုင်ခဲ့ရင် နှစ်လတော့ သွားကြမှာပဲပေါ့။ အဲဒီလိုမျိုး အနေအထားလေးတွေ ဆိုတော့၊ ဆေးတွေကလည်း မသောက်မနေရ နေ့တိုင်းသောက်နေရတဲ့ ဆေးတွေ။ နှလုံးအတွက် သောက်ရတယ်၊ အသည်းအတွက် သောက်ရတယ်၊ သွေးတိုးအတွက် သောက်ရတယ်။”

ဒါကတော့ မြစ်ကြီးနားထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ နာမည်ကျော် လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ထောင်ဝင်စာ ပိတ်ခံထားရတဲ့အကြောင်း ခယ်မဖြစ်သူ မငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီရက်ပိုင်းတွေအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ဒီငြိမ်းလင်း မျက်စိဝေဒနာ ခံစားနေရပေမဲ့ ဆေးကုသခွင့် မရသလို နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူတချို့ ထောင်တွေထဲမှာ ကျန်းမာရေး ဆိုးဝါးနေပေမဲ့ ဆေးကုသခွင့် မရလို့ မိသားစုဝင်တွေ စိုးရိမ်ပူပန်မှု ဖြစ်နေကြတာမျိုးတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG