သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူရွှင်တော် ဇာဂနာ Bremen မြို့ ဂုဏ်ထူးဆောင်ဆုရ


လူရွှင်တော် ဇာဂနာ Bremen မြို့ ဂုဏ်ထူးဆောင်ဆုရ
လူရွှင်တော် ဇာဂနာ Bremen မြို့ ဂုဏ်ထူးဆောင်ဆုရ

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာကို ဂျာမနီနိုင်ငံ ဘရီမန် (Bremen) မြို့က ဒီနှစ်အတွက် ဘရီမန် သွေးစည်းညီညွတ်ရေးဆိုင်ရာဆု ချီးမြှင့်လိုက်ပါတယ်။ ထူးချွန် ပြောင်မြောက်တဲ့ အနုပညာရှင်တဦး ဖြစ်တဲ့အပြင် မြန်မာပြည်သူတွေ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ရရှိရေး ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်နေတဲ့အတွက် ကိုဇာဂနာကို ဒီဆုချီးမြှင့်တာလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရတဲ့ စွယ်စုံအနုပညာရှင် ကိုဇာဂနာ ခေါ် ကိုသူရကို ဂျာမနီနိုင်ငံ ဘရီမန်မြို့ရဲ့ သွေးစည်းညီညွတ်ရေးဆု ချီးမြှင့်ရခြင်းနဲ့ ပတ်သက်လို့ ဘရီမန် မြို့တော်ဝန်ရဲ့ သံတမန်ရေးရာဌာန တာဝန်ခံ ဘားဂျစ် ရမ်ဘားလ်စကီး (Birgitt Rambalski) က ရှင်းပြပါတယ်။

“မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်မြောက်မှုအတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်ဆောင်နေတဲ့ အနုပညာရှင်တဦး ဖြစ်တာကြောင့် ဒီဆုကို သူ့ကိုပေးဖို့ ကျမတို့က ရွေးချယ်လိုက်တာပါ။ လူ့အခွင့်အရေးနဲ့ လွတ်မြောက်မှုတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေကြသူတွေ အတွက် ဘရီမန်မြို့က ၂ နှစ်မှာတခါ ဒီဆုကို ချီးမြှင့်ပေးလာတာ နှစ်ပေါင်း ၂၀ ကျော်သွားပါပြီ။”

အထူးသဖြင့်တော့ သူတို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေအတွက် နိုင်ငံတကာက သွေးစည်းညီညွတ်စွာ ထောက်ခံအားပေးတယ်၊ အသိအမှတ်ပြုတယ် ဆိုတာကို ပြသတဲ့ အနေနဲ့ ဒီဆုကို ပေးတာလို့ ဘားဂျစ် ရမ်ဘားလ်စကီးက ပြောပါတယ်။ ဆုကြေးငွေအဖြစ် ယူရိုငွေ ၁၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

ကိုဇာဂနာရဲ့ အနုပညာ၊ သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်အောက်မှာ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ ဘဝတွေကို ဂျာမနီနိုင်ငံက ဟာသပညာရှင်တွေက သူတို့ရဲ့ အနုပညာ ဖျော်ဖြေပွဲတွေမှာ မကြာခန ကိုးကား တင်ဆက်လေ့ ရှိတာကြောင့် ကိုဇာဂနာကို ဂျာမန်ပရိသတ်က အတိုင်းအတာ တခုအထိ သိရှိပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ပေးတာဟာ မြန်မာနိုင်ငံအတွင်းက အမှန်တရားကို မြတ်နိုးသူတွေ အားလုံးအတွက် ပေးတာ ဖြစ်တယ်လို့ ကိုဇာဂနာရဲ့ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဘက်ဟောင်း တဦးလည်းဖြစ်တဲ့ ပန်းချီ ထိန်လင်းက ပြောပါတယ်။

“ကျနော့်အမြင်အရတော့ ဒါ တော်တော်အရေးကြီးပါတယ်။ တကယ်တမ်းကျတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အမှန်တရားကို ချစ်ခင် မြတ်နိုးပြီးတော့ လွတ်လပ်မှုကို အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ ပြည်သူတရပ်လုံးအတွက် ကိုယ်စားပြုပြီး ပေးတယ်လို့ပဲ သဘောပေါက်ပါတယ်။ နောက်တခုကတော့ ဒီမှာ ပြီးခဲ့တဲ့နှစ်က ဂျာမန်လူရွှင်တော်နဲ့ အင်္ဂလိပ် ဒါရိုက်တာတယောက် ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကလည်း အခုလိုမျိုး ဆုရွေးချယ်ရေး အဖွဲ့က နေပြီးတော့ ကိုဇာဂနာကို ရွေးချယ်စေဖို့အတွက် ပိုပြီးတော့ မျက်စိကျစေတဲ့ အကြောင်းတကြောင်း ဖြစ်ပါလိမ့်မယ်။

“အဲဒါအပြင် လောလောဆယ် အခြေအနေမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး နောက်ပိုင်း လူငယ်တွေနဲ့ရော၊ နိုင်ငံတကာနဲ့ရော တွဲဖက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှု နေရာတခု ဝင်ပြီးတော့ ထိပ်တန်းက ပေးနေတာပေါ့။ အဲဒီအတွက်လည်း ဒီနိုင်ငံသူ နိုင်ငံသားတွေမှာ ပိုပြီးတော့ မြန်မာနိုင်ငံကို အာရုံစိုက်စရာ ဖြစ်လာတယ်။ အဲဒါကြောင့် နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာကို ရွေးတယ်လို့ပဲ ကျနော် သဘောပေါက်ပါတယ်။”

ကိုဇာဂနာအကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူး ပြသခဲ့သူ ၂ ယောက်ကတော့ ဂျာမနီနိုင်ငံက နာမည်ကြီး ဟာသအနုပညာရှင် Michael Mittenmeier နဲ့ Rex Bloomstein တို့ ဖြစ်ပါတယ်။ မနှစ်က အဲဒီ ကိုဇာဂနာအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို ပြသပြီးနောက်မှာ ဘရီမန်မြို့ ဆီးနိတ်လွှတ်တော်ရဲ့ ဆုရွေးချယ်ရေး အဖွဲ့က ကိုဇာဂနာနဲ့ မြန်မာပြည်သူ ပြည်သားတွေ ခံစားနေရတာတွေကို ပိုသိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပမယ့် ဆုချီးမြှင့်ပွဲကို ကိုယ်တိုင်တက်ဖို့ ဘရီမန်မြို့ကို ရောက်နေတဲ့ ကိုထိန်လင်းဟာ ဆုပေးပွဲ အခမ်းအနားမှာ ကိုဇာဂနာ ရေးသားခဲ့တဲ့ ကဗျာတချို့ကို ဖတ်ပြမှာ ဖြစ်ပါတယ်။

“ကိုဇာဂနာအကြောင်း ကျနော် နည်းနည်း ပြောမယ်ပေါ့ဗျာ။ နောက်ပြီးတော့ သူ အကျဉ်းထောင်ထဲမှာ ရေးလိုက်တဲ့ ကဗျာ ၂ ပုဒ်ရှိတယ်။ အတိုလေးပေါ့။ တပုဒ်ကတော့ မြစ်ကြီးနားဆိုတဲ့ ကဗျာ၊ တပုဒ်ကတော့ သူ အင်္ဂလိပ်လို ရေးထားတယ်။ အဲဒီဟာ ၂ ခု။ အဲဒါ ကျနော် ရွတ်ပြမယ်၊ ဗမာလိုရော၊ အင်္ဂလိပ် ဘာသာပြန်ရော။”

ပန်းချီ ထိန်လင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီဆုကို ကိုဇာဂနာ ကိုယ်စား သားဖြစ်သူ ကိုမြတ်ကောင်းက လက်ခံရယူမယ်လို့ ဆိုပါတယ်။

ကိုဇာဂနာကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အစောပိုင်းက မြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေစဉ် ၂၀၀၈ ခုနှစ် ဇွန်လဆန်းပိုင်းက သူ့နေအိမ်မှာ လာပြီး အာဏာပိုင်တွေက ဖမ်းသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG