သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ မှတ်တမ်းရုပ်ရှင်


ဇာဂနာ မှတ်တမ်းရုပ်ရှင်

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟာသ သရုပ်ဆောင်၊ ဒါရိုက်တာ၊ လက်ရှိ မြန်မာစစ်အစိုးရ အကျဉ်းထောင်တွင်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရတဲ့ ကိုသူရ ခေါ် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ခွေ တခုကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ မြို့တော်က ရုပ်ရှင်ရုံတခုမှာ ပြသနေပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကျနော်နေထိုင်ရာ အကျဉ်းထောင်လို့ အဓိပ္ပာယ်ရတဲ့ The Prison Where I live မှတ်တမ်းရုပ်ရှင်ကို အင်္ဂလန်၊ ပြင်သစ် အပါအ၀င် ဥရောပနိုင်ငံတွေ အတော်များများမှာ ပြသခဲ့ပြီး ဖြစ်သလို အမေရိကန် ပြည်ထောင်စုက ပြည်နယ်တချို့မှာတော့ မတ်လ ၂၄ ရက်နေ့ကစပြီး ပြသနေတာပါ။ ဒီဇာတ်လမ်းကို ကြည့်ခဲ့ပြီးဖြစ်တဲ့ လန်ဒန်မြို့က ကိုခွန်စိုင်းက ဇာတ်လမ်း အကျဉ်းချုပ်ကို အခုလို ပြောပြပါတယ်။

“ဂျာမန်က ဒီနေ့ အင်မတန်မှ နာမည်ကြီးနေတဲ့ ဟာသပညာရှင်က မြန်မာပြည်ကို သတ်သတ် သွားလည်ပြီးတော့ ကိုဇာဂနာနဲ့အတူ လုပ်ခဲ့ကိုင်ခဲ့တဲ့ ကိုဇာဂနာရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ တွေ့ပြီး ကိုဇာဂနာ့ဘ၀ကို ခရေစေ့တွင်းကျ မေးတဲ့အကြောင်း၊ အဲဒီအခါမှာ ကိုဇာဂနာ့ကို လူတွေက ဘယ်လောက်ချစ်ကြသလဲ၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက ဘယ်လောက်ချစ်ကြသလဲ၊ ကိုဇာဂနာရဲ့ ပြက်လုံးတွေက ဘယ်လိုတွေပေါ့၊ အဲဒါတွေကို အသေးစိတ် တင်ပြထားတယ်။

“နောက်ဆုံးမှာ ဒီဟာသပညာရှင်က ကိုဇာဂနာ့အကြောင်း ပိုပိုစိတ်ဝင်စားလာပြီးတော့ ကိုဇာဂနာကို အရမ်းတွေ့ချင်လာတယ်။ တကယ့်တကယ် တွေ့ဖို့လုပ်တဲ့ အခါကျတော့ ကိုဇာဂနာက ထောင်ကျနေတယ်၊ သူတွေ့ခွင့်မရတော့ဘူး။ ဒါပေမဲ့ သူက အရမ်းတွေ့ချင်တယ်။ တွေ့ချင်တဲ့အခါကျတော့ သူက ကိုဇာဂနာရှိတဲ့ အရပ်ကို လိုက်သွားတာ။ ကိုဇာဂနာက အခုအချိန်မှာ မြစ်ကြီးနားထောင်မှာ ကျနေတာ။ ထောင်ကလည်း မြို့နဲ့ဆို ခပ်လှမ်းလှမ်း ဝေးတဲ့နေရာပေါ့။

“အဲဒီ ဟာသအနုပညာရှင်က ကိုဇာဂနာကို သူ မမြင်ရပေမဲ့ ကိုဇာဂနာနဲ့ အနီးဆုံးအရပ်ကို သွားချင်တယ် ဆိုပြီး သူ့စိတ်ထဲမှာ ဖြစ်ပြီးတော့ အဲဒီထောင်နားအထိ သွားတာ။ အင်မတန်မှ အန္တရာယ်ကြီးတယ်ပေါ့နော်။ နိုင်ငံခြားသား တယောက်က ထောင်နားကို ကပ်ပြီးတော့ ကိုဇာဂနာရှိတဲ့ အရပ်ကို မှန်းပြီးတော့ သွားကြည့်တဲ့ ဇာတ်လမ်းလေးပေါ့။

“သူ ခိုးကြောင်ခိုးဝှက် သွားရတယ်၊ ဆိုင်ကယ်တစီးရဲ့နောက်က လိုက်ပြီးတော့။ ထောင်ကိုပတ်ပြီး သူကြည့်တယ်။ အဲဒီအခါမှာ နယ်မြေခံ ထောက်လှမ်းရေးတွေက ရိပ်မိသွားပြီး လိုက်တာ။ လိုက်တော့ သူတို့ ပြန်ပြီး ထွက်ပြေးရတယ်။ နောက်ဆုံး သူလည်း လက်မတင်လေး လွတ်သွားတယ်။ နောက် သူ့ကို လိုက်ပြီး လမ်းပြလုပ်တဲ့သူလည်း တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ အဲဒီအကြောင်းအရာလေးကို ရိုက်ထားတာ။ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။”

ဒီရုပ်ရှင်မှတ်တမ်းခွေ ရိုက်ကူးဖြစ်ခဲ့ပုံနဲ့ ဇာဂနာအပေါ် သူ့ရဲ့ အမြင်တချို့ကိုတော့ ဒီဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရက်စ် ဘလွမ်းစတိန်း (Rex Bloomstein) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ဇာဂနာဟာ ကျနော့်အတွက်တော့ ထူးခြားတဲ့ လူတယောက်ပါ။ သူ့အကြောင်း ရိုက်ဖြစ်ခဲ့ပုံကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စခဲ့တာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း မှတ်တမ်းခွေတခု လုပ်ဖို့ ကမ္ဘာတ၀န်းက လူတချို့နဲ့ ကျနော် လိုက်လံတွေ့ဆုံပြီး မေးမြန်းမှုတွေ လုပ်နေတဲ့ အချိန်ပါ။ အဲဒီမှာ လူတယောက်က ကျနော့်ကို အကြံပေးလာတယ်၊ မြန်မာနိုင်ငံမှာ ဟာသပျက်လုံးတွေက သိပ်ကို အရေးပါတဲ့ အကြောင်းကိုလည်း သူက ရှင်းပြပါတယ်။

“ဒါနဲ့ မြန်မာနဲ့ နိုင်ငံတကာမှာ မိမိရဲ့ အယူအဆတခုကို ထုတ်ဖော် ပြောဆိုတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံကြရတဲ့ ဟာသသရုပ်ဆောင်၊ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေ အကြောင်းကို ကျနော် မှတ်တမ်းရုပ်ရှင် ရိုက်ချင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက နှုတ်ခမ်းမွေးညီနောင်လို့ လူသိများတဲ့ ပါပါလေးတို့ လူရွှင်တော်အဖွဲ့ အကြောင်းကိုလည်း ကျနော်ကြားရတယ်။ ဒါနဲ့ သူတို့အကြောင်းရိုက်ဖို့ ကျနော်ပြင်တယ်။

“အဲဒီမှာ ကျနော့် အဆက်အသွယ် တယောက်က မြန်မာနိုင်ငံမှာ တကယ့်ကိုတော်တဲ့ ဟာသ အနုပညာရှင်တယောက် ရှိသေးတယ်။ သူကတော့ ဇာဂနာ၊ သူ့အကြောင်း ရိုက်သင့်တယ်လို့ ကျနော့်ကို ပြောလာတယ်။ အဲဒီအချိန်က ဇာဂနာဟာ နေအိမ်အကျယ်ချုပ် ပုံစံမျိုးနဲ့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု ခံနေရတဲ့ အချိန်ပါ။ သူ့အကြောင်းရိုက်ဖို့ ကျနော် ကမ်းလှမ်းတာကို ဇာဂနာက လက်ခံပါတယ်။ ဒါနဲ့ပဲ ဒီဇာတ်လမ်းကို ရိုက်ဖြစ်ခဲ့တာပါ။”

ဇာဂနာဟာ ဟာသလူရွှင်တော် တယောက်သာမက ရုပ်ရှင်ထုတ်လုပ် ရိုက်ကူးသူ၊ ဒါရိုက်တာ စတဲ့ စွယ်စုံရ အနုပညာရှင်တယောက် ဖြစ်တဲ့အပြင် လူမှုရေး တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်တယ်လို့ ဒါရိုက်တာ ဘလွမ်းစတိန်းက ပြောပါတယ်။

ဂျာမဏီနိုင်ငံက နာမည်ကြီး လူရွှင်တော် တယောက်က မြန်မာနိုင်ငံက နာမည်ကြီး လူရွှင်တော် တယောက်ကို စိတ်ဝင်တစားနဲ့ အခက်အခဲ မျိုးစုံကြားကနေ တွေ့ဆုံဖို့ ကြိုးစားခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ လူရွှင်တော် ၂ ယောက်ရဲ့ လှုပ်ရှားမှုတွေကို တင်ပြထားပေမဲ့ ရယ်မောစရာ ဇာတ်ကားတခုတော့ မဟုတ်ခဲ့ပါဘူး။ သူ့အတွက်တော့ ဒီဇာတ်လမ်းဟာ တကယ့်ကို ကြေကွဲစရာ ဇာတ်လမ်းတပုဒ်ပါလို့ ကိုခွန်စိုင်းက ပြောပါတယ်။

“လူပြိန်းပေါ့နော်၊ ကျနော်တို့ သိတာက ဟာသပညာရှင်က လုပ်ရင် ရယ်စရာတွေ ဖြစ်မယ်ထင်တာ။ အဲဒီလို ရယ်စရာတွေ မဟုတ်ဘဲနဲ့ အနုပညာရှင် အချင်းချင်း လေးစားမှု၊ နှလုံးသားချင်း ချိတ်ဆက်နေမှု၊ အဲဒါကို တောတော် နက်နက်ရှိုင်းရှိုင်း ဖော်ပြနိုင်တယ်လို့ ထင်တယ်။ ကျနော် အဲဒီ ဟာသအနုပညာရှင်ကို တော်တော့်ကို လေးစားသွားတယ်။

“ဘာကြောင့်လဲဆိုတော့ ကိုဇာဂနာ့အပေါ်မှာရှိတဲ့ သူ့ရဲ့ လေးစားမှု၊ ချစ်ခင်မှုပေါ့၊ သူတို့ အနုပညာသည် အချင်းချင်းမှာရှိတဲ့ ရင်တွင်းခံစားချက်၊ အဲဒါကို ဖော်ပြနိုင်တယ်လို့ ထင်တယ်။ ဒါကြောင့် ဒီဇာတ်ကားက ကျနော့်အတွက်တော့ တော်တော့်ကို ထိခိုက်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလို့ ခံစားရတယ်။”

မြန်မာစစ်အစိုးရရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေအောက်မှာ သူ့ရဲ့ ဟာသ အနုပညာ ပြက်လုံးတွေနဲ့ ပြည်သူတွေကို အသိပညာ ပေးနေသူ လူရွှင်တော် ဇာဂနာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ ပဲရစ်စ်မြို့မှာ လုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း Student Prize ဆိုတဲ့ဆုကို ရရှိခဲ့တဲ့ မှတ်တမ်းတင် ရုပ်ရှင်ခွေလည်း ဖြစ်ပါတယ်။

XS
SM
MD
LG