သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ဘေးဒုက္ခသည်များ လုံခြုံမှုကင်းမဲ့နေ” ကရင်နီအမျိုးသမီးအစည်းအရုံး


ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီဘက်က မီးရှို့တယ်ဆိုတဲ့ကားများကိုတွေ့ရတာဖြစ်ပြီး စစ်ကောင်စီကတော့ လက်နက်ကြီးနဲ့ပ်စခတ်လို့ မီးလောင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ (ဓာတ်ပုံ-KNDF vía AP)
ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီဘက်က မီးရှို့တယ်ဆိုတဲ့ကားများကိုတွေ့ရတာဖြစ်ပြီး စစ်ကောင်စီကတော့ လက်နက်ကြီးနဲ့ပ်စခတ်လို့ မီးလောင်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ (ဓာတ်ပုံ-KNDF vía AP)

[[Zawgyi/Unicode]]

ကယားပြည်နယ်ထဲမှာ စစ်ဘေးကထွက် ထွက်ပြေးနေသူတွေ အစုလိုက်သတ်ဖြတ်ခံရတာကိုကြည့်ရင် လုံခြုံရေးအာမခံချက် မရှိတာပြသနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ကပြောကြားလိုက်ပါတယ်။ ဖရူဆိုမြို့နယ်ထဲမှာ Save the Children အဖွဲ့က ဝန်ထမ်းတွေရဲ့ မော်တော်ယာဉ်အပါအဝင် အရပ်သားယာဉ်တန်းအပေါ် စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ကယားပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေပါလာတဲ့ ယာဉ်တန်းအပေါ် စစ်တပ်က တိုက်ခိုက်ခဲ့မှုအတွင်း ကလေးသူငယ်များကူညီစောင့်ရှောက်ရေး Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦးသေဆုံးသွားသလားဆိုတာ ဒေသခံတွေ အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။ စစ်တပ်ဘက်က တိုက်ခိုက်မှုအတွင်း မီးလောင်နေတဲ့ကားတွေထဲက လောင်ကျွမ်းနေတဲ့ အလောင်းတွေထဲမှာ Save the Children ဝန်ထမ်းပါသလားဆိုတာ လိုက်ပြီးစုံစမ်းနေကြဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က ဒေသခံအမျိုးသမီးတဦးက ပြောပြပါတယ်။

“ဒီကားကတော့ မီးရှို့တဲ့ထဲမှာ ပါသွားတာပေါ့နော်။ သို့သော် ဒီဝန်ထမ်းနှစ်ယောက်ကတော့ ပျောက်ဆုံးနေတဲ့အပေါ်မှာ မီးရှို့တဲ့ထဲ ပါသွားလား၊ မပါသွားဘူးလား၊ ဘယ်ကိုရောက်နေလဲဆိုတာကတော့ မသိရသေးဘူး။”

ဖရူဆိုမြို့နယ်ထဲက မိုဆိုးကျေးရွာနားမှာ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များကူညီစောင့် ရှောက်ရေး Save the Children အဖွဲ့က လူသားချင်းစာနာမှု အကူအညီပေးဖို့သွားတဲ့ ဝန်ထမ်းတွေရဲ့ မော်တော် ကား တိုက်ခိုက်၊ မီးရှို့ခံရပြီး ဝန်ထမ်း ၂ ယောက်ပျောက်ဆုံးနေတယ်ဆိုတာ Save the Children အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်က ကားတွေကို အတင်းတားဆီးပြီး တချို့ကို ဖမ်းဆီး၊ ကျန် သူတွေကို သတ်ဖြတ်ပြီးအလောင်းတွေကို မီးရှို့ခဲ့တယ်ဆိုတဲ့သတင်းကို အဖွဲ့ကရရှိတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ မီးလောင်ပျက်စီးနေတဲ့ကားတွေထဲ မီးလောင်နေတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။ ကလေးငယ် တွေနဲ့ အမျိုးသမီးတွေအပါအဝင် ၃၈ ယောက်ထက်မနည်းကို စစ်တပ်က တိုက်ခိုက်ခဲ့တဲ့အပေါ်Save the Children အဖွဲ့က အပစ်တင်ထားပါတယ်။ အခုလိုတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ပြောပါတယ်။ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ဆက်လက် စုံစမ်းနေကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေအပေါ် တိုက်ခိုက်တာ သည်းခံနိုင်စရာ မရှိလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါဟာအဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဖရူဆိုဘက်မှာ ကား ၇ စီးနဲ့ ရွာဟောင်းတနေရာကနေ သွားနေတာရှိတယ်။ အဲဒါကို ရပ်တန့်ဖို့အတွက်...စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းတယ်။ ရပ်တန့်ခိုင်းတဲ့နေရာမှာ မရပ်တန့်လို့၊ မရပ်တန့်ဘဲနဲ့ သူတို့ကားပေါ်ကနေပြီးတော့လည်း လက်နက်တွေနဲ့ပစ်တယ်။ ကျနော်တို့ဆီကလည်း ပြန်လည်ပစ်ခတ်တယ်။ အဲဒီဟာရဲ့ အနောက်တောင်ဘက်လောက်ကနေပြီး ဘေးကနေပြီး ကျနော်တို့ ပစ်ခတ်တဲ့ဟာရှိပါတယ်။ ဘေးကနေပြီး ပစ်တယ်။ အဲဒါ အကြမ်းဖက် ၃၀ လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒီယာဉ်တွေကို မရပ်တန့်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တယ်၊ လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တယ်။ ဒါကြောင့်မို့လို့ တချို့ကားတွေ မီးလောင်တာရှိတယ်။ အဲဒီမှာ ၂၅ ဦး အသက်သေဆုံးတယ်။ ၂၅ ဦးထဲမှာလည်း ကလေးတယောက်မှ မပါပါဘူး။”

ကရင်နီအမျိုးသား ခုခံကာကွယ်ရေး Karenni National Defence Force အဖွဲ့ဘက် ကတော့ သေဆုံးသွားသူတွေဟာ စစ်ဘေးဒုက္ခသည် အရပ်သားတွေ ဖြစ်တယ်လို့ပြောကြားထားပါတယ်။ စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကြိုးစားနေတာလို့ KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။

“အဲဒီ မီးရှို့ပြီးတဲ့ညမှာပဲ စစ်ကောင်စီက ဒီရွာသားတွေမှာ သေနတ်ပါတယ်ဆိုတဲ့ဟာကို ကာဗာလုပ်ပြီး ပြောနေတာ ရှိတယ်။ နောက်တခုက အခင်းဖြစ်တဲ့နေရာမှာ သက်သေတွေကို အစအနဖျောက်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်ဆိုတာ ကျနော်တို့ လက်ရှိမြေပြင်မှာပဲ ကြုံနေရပါတယ်ဗျ။ ကျနော်တို့ အလောင်းတွေသယ်လို့မရအောင် လုပ်နေတာတခုရယ်၊ နောက် ပြည်သူတွေကို သေနတ်နဲ့အရင်ဆုံးပစ်၊ ဒီကျည်ခွံကိစ္စတွေကို.ဖုံးဖိဖို့ကြိုးစားနေတာတွေ..အဲလိုမျိုးတွေ ကျနော်တို့တွေ့ရတယ်ဗျ။ နောက်ပြီး သုံးခဲ့တဲ့ဓာတ်ဆီဗူးတွေကို စစ်ကောင်စီဘက်က အလျင်စလို ဖျောက်ဖို့ကြိုးစားနေတယ်၊ ဒီသက်သေတွေကိုဖျောက်ဖို့ ကြိုးစားနေတာ ကျနော်တို့ တွေ့ရတယ်ဗျ။”

ဖရူဆိုမြို့နယ်ဘက်ကို စစ်တပ်က အဓိကထိုးစစ်ဆင်နေပုံရတယ်လို့လည်း သူကပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲမှာလည်း နေအိမ်တွေကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေမှုတွေ နေ့တိုင်းလိုလုပ်နေတယ်လို့ပြောပါတယ်။ ခုလို တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရသူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတာကို ကြည့်ရင် လုံခြုံရေးအရ အာမခံချက် မရှိတာပြနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNOW ကပြောပါတယ်။

“သွားလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ စစ်ရှောင်တဲ့အခါမှာပဲဖြစ်ဖြစ် လုံခြုံမှုမရှိဘူးပေါ့နော်။ လုံခြုံမှုမရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ပြေးနေရင်းနဲ့ စစ်ကောင်စီနဲ့တိုးပြီးတော့ ဒီလိုမျိုး သတ်ဖြတ်တာခံရတာပေါ့နော်။ ကျမတို့စစ်ရှောင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ်မှာ ဒါတွေက အမျိုးသမီးအခွင့်အရေးပဲပြောပြော၊ ကလေးအခွင့်အရေးပဲပြောပြောပေါ့နော်၊ ဒါတွေအားလုံးက အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာထက်ကို ပိုနေပါတယ်။”

ကယားပြည်နယ်ထဲမှာ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရသူ သောင်းနဲ့ချီရှိနေပြီး ဆောင်းတွင်းကာလမို့ အနွေးထည်တွေ၊ စောင်တွေ၊ ဆန်၊ ဆီ၊ ဆား စတဲ့ ကုန်ခြောက်တွေလည်း လိုအပ်နေကြတယ်လို့ သူ ကပြောပါတယ်။ စစ်တပ်ဘက်က တားဆီး စစ်ဆေးမှုတွေလုပ်နေတဲ့အတွက် ဒုက္ခသည်တွေဆီ အကူအညီရောက်နိုင်ဖို့လည်း အခက်အခဲ စိန်ခေါ်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]













#MyanmarViolence #KayahFighting #MyanmarIDPs #VOABurmese


==================

XS
SM
MD
LG