သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး


မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊ နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီးသွားပြီခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ဝတ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက်တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေးတွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။”

ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာ၀ အတိုင်း ကောလာဟလတွေကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလလည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
XS
SM
MD
LG