သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအခွင့်အရေး ချိုုးဖေါက်ခံရမှု ထိရောက်စွာအရေးယူဖို့ မြန်မာကိုကုလ တောင်းဆို


ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein. (Photo: UN/Jean-Marc Ferré)
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein. (Photo: UN/Jean-Marc Ferré)

မြန်မာနိုင်ငံအတွင်း လူနဲစုတွေအပေါ် စံနစ်တကျ နှိမ်ချ ဆက်ဆံနေတာ ရပ်တန့်ရေးအတွက် အစိုးရအနေနဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေ ချမှတ်ဆောင်ရွက်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သက်ရောက်စေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေအကြောင်း တရားဝင် မတင်သွင်းခင် ကြိုတင် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က - မြန်မာနိုင်ငံအတွင်းက လူနဲစုဝင်တွေ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သက်ရောက်စေတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရှိရတဲ့အတွက် မဟာမင်းကြီးအနေနဲ့ ဒီကိစ္စကို အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြရခြင်း ဖြစ်တယ်လို့ မဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

“ကျမတို့ ရရှိတဲ့ အစီရင်ခံစာအရ ရိုဟင်ဂျာတွေအပေါ် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားချက်အရ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု သက်ရောက်စေနိုင်တယ်လို့ မဟာမင်းကြီးက ပြောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကျူးလွန်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်မမြောက်ဆိုတာကိုတော့ တရားစီရင်ရေးစံနစ်က အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ လက်ခံ ရရှိထားတဲ့ ချိုးဖောက်မှုတွေဟာ စံတကျ စီစဉ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်ဆိုတာကို တွေ့ခဲ့ရတဲ့အတွက် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်လောက်တဲ့အထိ ဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။”

လက်ရှိ NLD အစိုးရအနေနဲ့ အရင်အစိုးရတွေလက်ထက်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှု အမွေတွေကို ဆက်ခံလိုက်ရတယ်ဆိုတာကို မဟာမင်းကြီးအနေနဲ့ နားလည် သဘောပေါက်ထားကြောင်းလည်း Ravina Shamdasani က ပြောပါတယ်။

“လူနဲစုတွေရဲ့ အခြေခံ အခွင့်အရေးတွေ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ငြင်းပယ်ဖို့ ရည်ရွယ် ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို အစိုးရသစ်အနေနဲ့ အမွေအဖြစ်နဲ့ ဆက်ခံလိုက်ရတယ် ဆိုတာကို မဟာမင်းကြီးက နားလည် သဘောပေါက်ပါတယ်။ နိုင်ငံသားဖြစ်ပိုင်ခွင့်မရှိအောင် တမင် လုပ်ဆောင်ထားတာ၊ လွတ်လပ်စွာ သွားလာခွင့်မရှိအောင် ကန့်သတ်ထားတာ၊ သူတို့ရဲ့ဘဝနဲ့ လုံခြုံရေးတွေအတွက် ခြိမ်းချောက်မှုတွေ လုပ်ဆောင်တာ၊ သူတို့တွေ ပညာသင်ကြားခွင့်မရအောင် ကန့်သတ်ထားတာ စတဲ့ အစီရင်ခံစာတွေကို ကျမတို့ ရရှိထားပါတယ်။ ဒါတွေဟာ အခြေခံအခွင့်အရေးတွေ ဖြစ်တယ်ဆိုတာကိုလည်း မဟာမင်းကြီးက အလေးပေး ပြောကြားထားပါတယ်။ ဒါတွေဟာ နှိမ့်ချ ဆက်ဆံမှုတွေ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့အတွက် ဖြစ်တယ်ဆိုတာနဲ့ ဒါတွေကို ဖြေရှင်းဖို့ လုပ်ဆောင်တဲ့နေရာမှာ စိန်ခေါ်မှုတွေ ရှိနိုင်တယ်ဆိုတာကို မဟာမင်းကြီးက သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူက ဒီအခြေအနေတွေ ပြေလည်စေမယ့် လုပ်ဆောင်မှုတွေ အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ဆောင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။”

မဟာမင်းကြီး Zeid Hussein ရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အစီရင်ခံစာ နိုင်ငံတကာ အသိုင်းဝိုင်းကို မထုတ်ပြန်ခင် ဇွန်လ ၁၆ ရက်နေ့က မြန်မာအစိုးရထံ ကြိုတင် ပေးပို့ခဲ့တဲ့အတွက် မြန်မာအစိုးရဖက်ကလည်း ဒီအစီရင်ခံစာ အပေါ် ပြန်လည် တုန့်ပြန်ခဲ့တာမှာ - လက်ရှိ အစိုးရသစ်အနေနဲ့ အုပ်ချုပ်ရေးအာဏာကို လွဲပြောင်းရယူခဲ့တဲ့ အချိန်ကစလို့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ ငြိမ်းချမ်းစွာ ပြေလည်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေကြောင်း၊ ဒီကိစ္စဟာ ထိလွယ် ခိုက်လွယ်တဲ့ကိစ္စဖြစ်တဲ့အတွက် အကောင်းဆုံးနည်းလမ်းကို အချိန်ယူ ရှာဖွေပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေက သူတို့တို့ကိုယ် သူတို့ ခေါ်ဝေါ် သုံးစွဲနေတဲ့အတိုင်း ရိုဟင်ဂျာ၊ ဒါမှမဟုတ် အရင် ဦးသိန်းစိန်အစိုးရက ခေါ်ဝေါ်တဲ့အတိုင်း ဘင်္ဂါလီရယ်လို့ ၂ မျိုးစလုံး ခေါ်ဆိုခြင်းမပြုပဲ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေအဖြစ် ခေါ်ဆိုတာကို လိုလားကြောင်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်က ပြောကြားခဲ့သလိုပဲ၊ မနေ့က နေပြည်တော်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးနဲ့ တွေ့ဆုံစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ သဘောထားကို အသိပေး ပြောကြားခဲ့တဲ့အကြောင်းနိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့တော့ မြန်မာအစိုးရက ခေါ်ဆိုစေချင်တာထက် ရိုဟင်ဂျာတွေက အခေါ်ခံချင်တဲ့ ဝေါဟာရအတိုင်း ဆက်လက် ခေါ်ဆိုရမှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

“ဒီနေရာမှာ ပြဿနာက ၂ ခု ရှိပါတယ်။ တခုကတော့ လူမျိုးစုတွေက သူတို့ကို ခေါ်စေချင်တဲ့ နံမည်အတိုင်း ခေါ်ဆိုရမယ်ဆိုတဲ့ ကုလသမဂ္ဂ ပေါ်လစီရှိပါတယ်။ ဒီနေရာမှာတော့ သူတို့ကို ရိုဟင်ဂျာ မူဆလင်လို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အဓိက ဖြစ်နေတဲ့ အကြောင်းအရာကိုလည်း ပျောက်ကွယ် မသွားစေချင်ပါဘူး။ အဲဒါကတော့ သူတို့ကိုယ် သူတို့ ဘယ်သူပါလို့ သတ်မှတ်တဲ့အတွက် သူတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စပါ။ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအတွက် သက်သက်ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေတွေ ရှိနေပါတယ်။ သူတို့ကို ဘယ်လိုပဲခေါ်ခေါ်၊ အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ကိုင်တွယ် ဖြေရှင်းပေးဖို့ပဲ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein အနေနဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို အခုလ ၂၉ ရက်နေ့ကျရင် လူ့အခွင့်အရေး ညီလာခံမှာ တရားဝင် တင်သွင်းမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၃၂) ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG