သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး မြန်မာနိုင်ငံတွင်း ပြင်ဆင်


အရှေ့တောင်အာရှအပါအဝင် ကမ္ဘာတလွှား Zika ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့အခြေအနေပြ ဇယား။
အရှေ့တောင်အာရှအပါအဝင် ကမ္ဘာတလွှား Zika ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့အခြေအနေပြ ဇယား။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်တဲ့ Zika ဗိုင်းရပ်စ်ပိုးဟာ ၂၀၁၄ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ဖြစ်ပွါးခဲ့ဖူးသလို မြန်မာ့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း တွေ့နေရပါပြီ။ ဒီရောဂါနဲ့ ပတ်သက်လို့ ကာကွယ်ရေး လုပ်ငန်းတွေ ကို မြန်မာနိုင်ငံမှာ စတင်ဆောင်ရွက်နေပြီလို့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင် က VOA ကိုပြောပါတယ်။ လူသေစေလောက်တဲ့ အထိ မပြင်းထန်ပေ မဲ့ Zika ဗိုင်းရပ်စ်ကြောင့် မွေးဖွားလာတဲ့ ကလေးငယ်တွေ မှာ ဦးနှောက်သေး ၊ ခေါင်းသေးရောဂါ နဲ့ ဦးနှောက် အာရုံချို့ယွင်းမှုတွေ ဖြစ်စေတယ် ဆိုတဲ့ ယူဆမှုတွေရှိနေတာပါ။ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ခြင်ကနေ ကူးစက်တဲ့ Zika ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ ကာကွယ် ထိန်းချုပ်ရေးတွေ ဘယ်လို လုပ်ဆောင်ထားသလဲဆိုတာကို ဒေါက်တာသန်းထွန်းအောင် ကို နန်းလောင်ဝ်က ဆက်သွယ်မေးမြန်းထားပါတယ်။

နန်းလောင်ဝ်။ ။ မြန်မာရဲ့ ဘေးပတ်ဝန်းကျင် နိုင်ငံပေါ့နော် အင်ဒိုနီးရှားနိုင်ငံမှာ အခု Zika ဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ပြောပါတယ်ရှင့်။ အဲ့တော့ လောလောဆယ် မြန်မာနိုင်ငံတွင်း က အခြေအနေရော ဆရာ။

ဒေါက်တာသန်းထွန်းအောင်။ ။ မနေ့ကပဲ ဝန်ကြီးဦးဆောင်ပြီးတော့ Zika ဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အစည်းအဝေး လုပ်တာပေါ့နော်။

နေပြည်တော်မှာ ကျင်းပတဲ့ Zika ကာကွယ်ရေးအစည်းအဝေး
နေပြည်တော်မှာ ကျင်းပတဲ့ Zika ကာကွယ်ရေးအစည်းအဝေး

ကျနော်တို့ဘက်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၁ရက်နေ့မှာ ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်။ စပြီးတော့ ကျနော်တို့က ကိုယ့်နိုင်ငံတွင်းကို Zika ဗိုင်းရပ်စ်ပိုး ဝင်မလာအောင်နဲ့ တုန့်ပြန်ဆောင်ရွက်နိုင်တဲ့ အစီအစဉ်တွေကို ရေးဆွဲထားပါပြီ။ ကိုယ့်ဆီမှာတော့ မရှိသေးပါဘူး။ မရှိသေးဘူးဆိုပေမဲ့ ခြင်ကျားကတော့ရှိတယ်။ ရှိပေမဲ့ လည်း လောလောဆယ်တော့ မတွေ့ရသေးဘူးလို့ပဲ ကျနော်တို့က ပြောလို့ ရမှာပေါ့နော်။

နန်းလောင်ဝ်။ ။ ဟုတ်ကဲ့ပါဆရာ။ ကျမ နားလည်သလောက်ဆိုရင် ထိုင်းနိုင်ငံမှာ တုန်းက အရင်တုန်းက တကြိမ်ဖြစ်ဖူးတယ်။ အခုကလည်း အင်ဒိုနီးရှားမှာ တွေ့တယ် လို့ ကျမတို့ သိရပါတယ်ရှင်။ အဲ့ဒီ့တော့ မြန်မာနိုင်ငံထဲ မှာရော အခုလောလောဆယ် တယောက်မှ မတွေ့သေးတာလား။ ဒါမှမဟုတ် သတင်းပို့လာတာ မရှိသေးတဲ့သဘောမျိုးလားရှင့်။

ဒေါက်တာသန်းထွန်းအောင်။ ။ သွေးလွန်တုပ်ကွေးတို့၊ ခြင်တုပ်ကွေးတို့ ဆိုတာ ကတော့ ကိုယ့်နိုင်ငံမှာ ဖြစ်နေကျ ရောဂါတွေလေ။ ဒီဟာကတော့ ကိုယ့်နိုင်ငံ မှာ ဖြစ်နေကျ ရောဂါ မဟုတ်တဲ့အခါကျတော့ ထောက်လှမ်းမှုအနေနဲ့က အရင်က တခါမှ မဖြစ်ဖူးဘူးပေါ့။ ဒါပေမဲ့လည်း အခု အဲ့ဒီ့ကြေညာပြီးတဲ့အချိန်ကစပြီးတော့ နံပတ်တစ်ကတော့ စောင့်ကြပ်ကြည့်ရှု့ ထောက်လှမ်းရေးအဖွဲ့တွေကို အရှိန်အဟုန်မြှင့် လုပ်လိုက်တယ်။ ခြင်အတွက်ရော၊ လူအတွက်ရောပေါ့။ ဒီလေဆိပ် မှာ ရှိတဲ့ ခြင်တွေမှာ ဒီပိုး ရှိ၊ မရှိ အရင် ဓာတ်ခွဲစစ်ဆေးမယ်။ နောက် ဝင်လာတဲ့ လူတွေက ဖျားတာရှိလို့ရှိရင် စစ်ဆေးမယ်။

အကယ်လို့ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဒီလိုမျိုး ဖျားတယ်။ အနီတွေ ထွက်တယ်။ အဆစ်တွေနာတယ်။ နောက်ပြီးတော့မှ မျက်စိတွေ နာတယ်ဆိုရင်တော့ သံသယ အဖြစ်နဲ့ ကျနော်တို့က ဒီဟာကို ဓာတ်ခွဲ စစ်ဆေးမယ်ပေါ့။ သွေးဖောက် ပြီးတော့ စစ်ဆေးမယ်။ မဝင်အောင် အရင်လုပ်မယ်ပေါ့။ ဝင်လာခဲ့ရင်လည်း မပြန့်အောင် လုပ်မယ်ဆိုတဲ့ နည်းဗျူဟာတွေ ချထားပါတယ်။

နန်းလောင်ဝ်။ ။ ဟုတ်ကဲ့ဆရာ။ အဲ့ဒီ့နည်းဗျူဟာတွေက ဆရာတို့ ဘယ်တော့လောက် များ လုပ်ငန်းစတင်မှာပါလဲရှင့်။

ခြင်ကြောင့်ဖြစ်တဲ့ Zika
ခြင်ကြောင့်ဖြစ်တဲ့ Zika

ဒေါက်တာသန်းထွန်းအောင်။ ။ အခုကို ကျေျနာ်တို့က စနေပါပြီ။ စပြီးတော့ မနေ့က ဝန်ကြီးနဲ့ အစည်းအဝေး လုပ်ပြီးတဲ့ နောက်ပိုင်း Action Plans ဆွဲထားပြီးနောက်ပိုင်း ကျနော်တို့က လေဆိပ်၊ ရေဆိပ်တွေနဲ့ နယ်စပ်တွေမှာ Survey လုပ်မယ်။ ပြီးလို့ရှိရင် လူတွေနဲ့ ပတ်သက်လို့ရှိရင်လည်း Training လုပ်မယ်။ ဒါတွေလည်း လုပ်ပါမယ်။ နောက် ခြင်နှိမ်နှင်းရေး လုပ်ငန်းတွေကို ရက်သတ္တပတ်တွေ နဲ့ ဆောင်ရွက် သွားမယ်။ အထူးသဖြင့် ခြင်ကျား နဲ့ လောက်လန်းပေါ့။ ခြင်ကျား နဲ့လောက်လန်း ကို ရက်သတ္တပတ်နဲ့ နှိမ်နှင်းရေး လူထုလှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက် သွားမယ်။ ဆက်တိုက် လုပ်သွားမှာ။

နန်းလောင်ဝ်။ ။ ဟုတ်ကဲ့။ အဲ့တာ ဘယ်ဒေသတွေမှာ အဓိကထားပြီး လုပ်မှာပါလဲရှင့်။ တနိုင်ငံလုံးအတိုင်းအတာလား။

ဒေါက်တာသန်းထွန်းအောင်။ ။ အဓိက ကတော့ ထိုင်းနဲ့ နီးစပ်တဲ့နေရာတွေ အဓိကထား ဦးစားပေးလုပ်မယ်။ ထိုင်းက ဝင်လာမှာစိုးလို့ နောက်တခုကတော့ အပြည်ပြည်ဆိုင်ရာနဲ့ဆိုင်တဲ့ ဝင်ပေါက်တွေ၊ လေဆိပ်၊ ရေဆိပ်တွေ ၊ သင်္ဘောဆိပ်တွေ နောက်ပြီးတော့ သွေးလွန်တုပ်ကွေးဖြစ်နေကျ ဒီခြင် ပေါတဲ့နေရာ၊ မနှစ်က သွေးလွန်တုပ်ကွေး ဖြစ်ထားတဲ့ နေရာတွေရှိတယ်။ ရန်ကုန်တိုင်းတို့ မွန်ပြည်နယ်တို့ မန္တလေးတိုင်းတို့ ဧရာဝတီတိုင်းတို့ ပဲခူးတိုင်းတို့ အစရှိသဖြင့် ခြင်များ တဲ့နေရာတွေ နောက် သွေးလွန်တုပ်ကွေး နဲ့ သူနဲ့က နည်းနည်းဆင် တယ်။ ခြင်ကျားက ကူးတာဆိုတော့ အဲ့တာကို တခါတည်းနဲ့ လုပ်သွားတဲ့အတွက် Zika အတွက်ရော သွေးလွန်တုပ်ကွေး အတွက်ပါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ။

နန်းလောင်ဝ်။ ။ ဟုတ်ကဲ့ဆရာ၊ အင်ဒိုနီးရှားမှာကလည်း တွေ့ပြီဆိုတော့ အင်ဒိုနီးရှားမှာကလည်း မြန်မာကနေ သွားပြီး အလုပ်လုပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်ရှင့်။ အဲ့ဒီ့တော့ အဲ့ဒီ့ဘက် လမ်းကြောင်းကနေ ပြန်လာတဲ့သူတွေကိုရော ဆရာတို့ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးမယ်လို့ အစီအစဉ်ရှိထားပါလဲရှင့်။

zika virus ကူးစက်ခံရတဲ့ ကလေး
zika virus ကူးစက်ခံရတဲ့ ကလေး

ဒေါက်တာသန်းထွန်းအောင်။ ။ အထူးသဖြင့်က ဒီရောဂါက ကိုယ်ဝန်ဆောင်ကို ထိခိုက်တာများတယ်။ အဲ့ဒီ့ကို သွားမယ့်သူဆိုရင် အထူးသဖြင့် ကိုယ်ဝန်ဆောင် ဆိုရင် ကျနော်တို့က ခြင်ကိုက်မခံရအောင် ပညာပေးတာ လုပ်မယ်။ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ကို မှာမယ်ပေါ့။ ဒါတွေကတော့ ဦးစားပေး လုပ်ပါ့မယ်။

နန်းလော်ဝ်။ ။ အခုလောလောဆယ် မြန်မာနိုင်ငံတွင်းက အခြေအနေမှာရော Zika ပိုးဖြစ်နိုင်တဲ့ အလားအလာ ဘယ်လောက်ရှိပါလဲရှင်။

ဒေါက်တာသန်းထွန်းအောင်။ ။ သွေးလွန်တုပ်ကွေးခြင်က ဒီ Zika ခြင်နဲ့ အတူတူဖြစ်နေတော့ ကိုယ့်ဆီကို တကယ်လို့ ဝင်လာခဲ့ရင်တော့ ဖြစ်နိုင်ခြေ ရှိတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံတွင်းကို ဖြစ်နိုင်ရင် ဝင်မလာအောင် ၊ ဝင်လာတာက လူတင် ထိန်းရမှာမဟုတ်ဘူး။ ခြင်ပါ ထိန်းရမှာဆိုတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။

နန်းလော်ဝ်။ ။ ကျမ နားလည်သလောက်ဆိုရင် ထိုင်းမှာလည်း ဟိုးအရင်တုန်းက ဖြစ်ခဲ့ဖူးတယ် ဆိုတော့ မြန်မာပြည်မှာ ဆရာသိရသလောက် အတိုင်းအတာပေါ့နော်။ ဒီခေါင်းသေးပြီးတော့ ဒီဦးနှောက်ကျုံ့ပြီးတော့ မွေးလာတဲ့ ကလေးလိုမျိုး ကလေးပုံစံမျိုး ခပ်ဆင်ဆင်တူတဲ့ကလေးမျိုး ရှိခဲ့ဖူးလား ။

ဒေါက်တာသန်းထွန်းအောင်။ ။ အဲ့တာကြောင့် ကျနော်တို့က Retrograde Surveillance ပြန်လုပ်မယ်။ ခြောက်လ အတွင်းပေါ့။ လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ ဒီဆေးရုံ ဆေးခန်းကနေ မွေးပြီးတော့ ရပ်ကွက်ထဲမှာပဲ ရှိရှိ ဒီခေါင်းသေးလေးတွေ မွေးခဲ့လို့ရှိရင် သူတို့မှာများ Zika ပိုး နဲ့ ဆက်စပ်မှု ရှိသလားလို့ လေ့လာဖို့ အတွက် ကျနော်တို့ Plans လုပ်ဖို့ရှိတယ်။ အဲ့တာ နောက်ကြောင်းပြန်လေ့လာဖို့ရှိတယ်။

ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင် ကို ဗွီအိုအေမြန်မာပိုင်းက နန်းလောင်ဝ်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG