သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်ရည်မှာ ဇီကာပိုး ရှင်သန်နိုင်


ဇီကာဗိုင်းရပ်စ်ပိုးဟာ မျက်စေ့ထဲမှာ ရှင်သန်နိုင်ပြီး၊ တိရစ္ဆာန်တွေရဲ့ မျက်ရည်တွေမှာ နေထိုင်နိုင်တာကိုလည်း အထောက်အထားနဲ့တကွ တွေ့ခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း လူတွေကြားမှာ မျက်ရည်ကနေ ရောဂါကူးစက်နိုင်သလား ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ အတိအကျ မသိကြသေးပါဘူး။

ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ မျက်လုံးတွေ ယောင်ယမ်းနေတာ တွေ့ရတတ်ပြီး၊ တခါတရံမှာ မျက်စေ့ကွယ်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။

ဇီကာရောဂါ ကူးစက်ခံရတဲ့ အရွယ်ရောက်သူတွေ ကြားမှာတော့ ၁၅ ရာခိုင်နှုန်းလောက်ဟာ မျက်စေ့အလယ်လွှာယောင်ယမ်းတာ၊ မျက်စေ့နာတာလို ရောဂါမျိုးတွေ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။

သုတေသီတွေကတော့ ဇီကာဗိုင်းရပ်စ်ပိုးကို ကြွက်ရဲ့မျက်လုံးမှာ စမ်းသပ်လေ့လာကြည့်တဲ့အခါ - ရောဂါကူးစက်နေတဲ့ မျက်လုံးဟာ ပြူးထွက်လာတာ တွေ့ရတယ်လို့လည်း St. Louis မှာရှိတဲ့ ဝါရှင်တန်တက္ကသိုလ် ဆေးပညာဌာနက မော်လီကျုးဆိုင်ရာ အဏုဇီဝဗေဒပညာ ပါမောက္ခ Michael Diamond က ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးနဲ့ စမ်းသပ်ကြည့်တဲ့ ကြွက်ရဲ့ မျက်ရည်ထဲမှာ ရောဂါပိုးဟာ ၂၈ ရက်အထိကြာမြင့်အောင် ရှိနေတာကိုလည်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ရောဂါရနေတဲ့ ကြွက်ရဲ့ မျက်ရည်နဲ့ တခြားကြွက်တွေကို ကူးစက်မှု ရှိနိုင် မရှိနိုင် စမ်းသပ်ကြည့်ရမှာ အောင်မြင်မှု မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒီတွေ့ရှိချက်ကြောင့် လူတွေရဲ့ မျက်ရည်ဟာ ရောဂါ ကူးစက်မှု မရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ လူတွေကြားမှာ မျက်ရည်ကတဆင့် ကူးစက်မှု ရှိ မရှိ ဆိုတာကို မလေ့လာရသေးဘူးလို့လည်း ပါမောက္ခ Diamond က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG