ကင်တားနား နေပြည်တော်ရောက်

د کابل په ارگ کې د کروشیا ولسمشره د افغانستان د جمهوري ریاست د تشریفاتو د گارد د معاینې په وخت

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီးဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် လာရောက်တဲ့ ကုလအထူးကိုယ်စားလှယ်ကို အိမ်ရှင်နိုင်ငံရဲ့ ဝတ္တရားနဲ့အညီ လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးထားပြီး
နောက် ထွက်ပေါ်လာမယ့် ကုလအထူးကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ် စောင့်ကြည့်ရမှာဖြစ်တယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယ
ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

မစ္စတာကင်တားနားရဲ့ နေပြည်တော်ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်နဲ့ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရောက်ရှိလာတဲ့ သောမတ်စ် အိုဟေး ကင်တားနား ဟာ ဒီကနေ့မှာတော့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောရေးရာဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတော်သမ္မတရဲ့ ဥပဒေပိုင်း၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်ကို ရောက်ရှိချိန်အတွင်း မစ္စတာကင်တာနားဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က လွှတ်တော် တာဝန်ရှိသူတွေ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ မစ္စတာကင်တာနားဟာ အခု နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တံခါးပိတ် တွေ့ဆုံခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“တွေ့ပြီးသွားပါပြီ။ အခုပဲ ကျနော်ပြန်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာပဲ တွေ့ပါတယ်။ နေပြည်တော်မှာရှိတဲ့နေရာမှာပါ။ သူတို့ တံခါးပိတ် ဆွေးနွေးတဲ့အခါကျတော့ အန်ကယ်လ်လည်း အထဲမရောက်တာနဲ့ မသိဘူးခင်ဗျ။”

နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ညနေ ၆ နာရီလောက်က တွေ့ဆုံခဲ့ကြတဲ့အကြောင်းကိုလည်း တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်တဲ့ ပရော်ဖက်ဆာ ကင်တားနားတို့ဟာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်
နေအိမ်မှာပဲ တွေ့ဖြစ်ပါတယ်။ တွေ့ဆုံဖြစ်တဲ့အချိန်ကတော့ မိနစ် ၄၀ လောက်ကြာပါတယ်။”

နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီး အပါအဝင် ဒုတိယပြန်ကြားရေးဝန်ကြီး အဖွဲ့နဲ့ မစ္စတာ ကင်တာနား တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့သလို အင်းစိန်ထောင်အတွင်း သူသွားရောက်လေ့လာစဉ်က တွေ့ရှိခဲ့တဲ့ အထိန်းသိမ်းခံ သတင်းထောက်တွေရဲ့ အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့
ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတကြီးက သူ့ကို တွေ့ဖို့ အစီအစဉ် မရှိပါဘူး။ မနက်ကတော့ ၈ နာရီခွဲလောက်ကတော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ပါတယ်။ အစိုးရဝန်ကြီးဌာနက တာဝန်ရှိသူတွေရယ်၊ နောက်ပြီးရင် ကျနော်တို့ လွှတ်တော်ပေါ့ အဲ့ဒီက တာဝန်ရှိသူတွေနဲ့ တွေ့ကြပါတယ်။ အဓိကကတော့ ကျနော်တို့ လုပ်နေတဲ့ လွှတ်တော်ကိုတင်ထားတဲ့ မီဒီယာဥပဒေတွေရဲ့ အခြေအနေပေါ့ အဲ့ဒါတွေ သူ သိချင်တာမေးပါတယ်။ နောက်တခါ ကျနော်တို့ ဒီမီဒီယာရဲ့ အတတ်ပညာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေတဲ့ အခြေအနေလေးတွေ သူ သိချင်တာကို မေးပါတယ်။ သူ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လည်ပတ်တုန်းက အဲ့ဒီက ၄ ယောက်နဲ့ သူ တွေ့ခဲ့တယ်။ အဲ့ဒီက နောက်ဆုံးအခြေအနေက ဘယ်လိုလဲလို့ မေးတဲ့အခါကျတော့ ကျနော်တို့လည်း သူတို့ကို ဥပဒေအရ တရားစွဲဖို့အတွက် တရားရုံးက ကြားနာစစ်ဆေးနေပြီ။ သူတို့ဟာ တရားဥပဒေရဲ့ မျှတတဲ့ တရားစီရင်မှုကို ရဖို့နဲ့ သူတို့ရဲ့ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအားလုံးရဖို့ အာမခံပါတယ်။ သူတို့ကို စွဲထားတာကတော့ နိုင်ငံတော် မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေကနေ တရားစွဲထားတာဖြစ်တယ်။ အဓိကကတော့ သူတို့အနေနဲ့ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေထဲ ဝင်ရောက်ပြီးတော့မှ ဓာတ်ပုံရိုက်တာတို့ ဘာတို့ကြောင့်မို့ အရေးယူထားတာဖြစ်တယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ အဲ့ဒါ သူလည်း လက်ခံပါတယ်။”

နောက်ဆုံးအကြိမ်ရောက်လာတဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို သေချာ လေ့လာ သိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့ သူသွားလိုတဲ့ နေရာတွေကို သမ္မတအနေနဲ့ရော အာဏာပိုင်တွေကပါ လွတ်လွတ်လပ်လပ် စုံစမ်းလေ့လာခွင့် ပေးထားပြီး သူ့ရဲ့သတင်းထုတ်ပြန်ချက်အပေါ် စောင့်ကြည့်ရမှာ ဖြစ်တယ်လု့ိလည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ပြောပါတယ်။

“ကျနော်တို့ကတော့ အိမ်ရှင်နိုင်ငံရဲ့ ဝတ္တရားနဲ့အညီ သူ့ကို လွတ်လွတ်လပ်လပ် လေ့လာနိုင်အောင် လုပ်ပေးတယ်ပေါ့။ အဲတော့ ဒီရလာတဲ့ အချက်အလက်တွေပေါ်ကနေပြီးတော့မှ သူ ဘယ်လောက်အထိ မျှမျှတတနဲ့ ဘက်မလိုက်ဘဲနဲ့ တင်ပြနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ အရင် အစီရင်ခံစာတွေတုန်းကတော့ ဒီက တွေ့တဲ့အချက်တွေထက် သူ တခြားက ရှာလာတဲ့ အချက်တွေကိုပဲ အဓိကထားပြီး ရေးခဲ့တာမျိုးလေးတွေရှိတော့ ဒီတခါ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမယ် ထင်ပါတယ်။”

မစ္စတာကင်တားနားဟာ သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ အင်းစိန်ထောင်၊ ရန်ကုန်သီလဝါဆိပ်ကမ်းနဲ့ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ မုံရွာကြေးနီစီမံကိန်း စတဲ့ ဒေသတွေကိုပါ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ မစ္စတာကင်တားနားဟာ အစိုးရတာဝန်ရှိသူအချို့နဲ့ နေပြည်တော်မှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီးတဲ့ နောက်မှာတော့ ရန်ကုန်ကို ပြန်သွားမှာဖြစ်ပြီး ညနေပိုင်း ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။

မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ အပြည့်အစုံကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ၆ နှစ်အတွင်း မစ္စတာ ကင်တားနားအတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စုံစမ်းစစ်ဆေးရေးမှူး တာဝန်နဲ့ လာရောက်တဲ့ နောက်ဆုံးခရီးလည်း ဖြစ်ပါတယ်။