အစိုးရသစ်အတွက် စိန်ခေါ်မှု ဘာဖြစ်မလဲ ပညာရှင်တွေ ဆွေးနွေး

အာရှဖောင်ဒေးရှင်းမှ ပြုလုပ်သော ဆွေးနွေးပွဲတွင် တွေ့ရသော မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်များ။ ဓါတ်ပုံ (ရဲခေါင်)

မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သား သမ္မတကို ရွေးချယ်နိုင်ခဲ့တာဟာ မတူညီတဲ့ အစုအဖွဲ့တွေအတွက် ညီညွှတ်မှုရစေမယ့် ဆုံးဖြတ်ချက် တစ်ခုဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးထင်ကျော်နဲ့ NLD ပါတီဝင်တွေ ဦးဆောင်တဲ့ အစိုးရသစ်တက်လာတဲ့အခါ ဘယ်လို အရေးကိစ္စတွေဟာ အဓိကစိန်ခေါ်မှုဖြစ်လာနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး၊ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲမှာ ပညာရှင်တွေ က ပြောကြားခဲ့ကြတာပါ။ အပြည့်အစုံကို ဒီဆွေးနွေးပွဲကို သွားရောက်သတင်းယူထားတဲ့ ကိုရဲခေါင်က ဒီသတင်းကို ပြောပြပါမယ်။

မတ်လ ၁၆ရက်နေ့က ဝါရှင်တန်ဒီစီမြို့ Carnegie Endowment for International Peace စင်တာမှာ အာရှ ဖောင်ဒေးရှင်းက ပြုလုပ်ခဲ့တဲ့ ”Post-Election Myanmar: Context, Opportunities & Challenges” ဆွေးနွေးပွဲမှာ မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေက သုံးသပ်ပြောကြားခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအပြီး အရပ်သားသမ္မတကို ရွေးချယ်နိုင်ခဲ့တာနဲ့ ပက်သက်ပြီး အာရှဖောင်ဒေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Kim N. B. Ninh က ခုလို ပြောပါတယ်။

”မြန်မာနိုင်ငံမှာ ဒီ သမ္မတနဲ့ ဒုသမ္မတ အသစ်တွေကို ရွေးချယ်လိုက်တာဟာ မတူညီတဲ့ အစုအဖွဲ့တွေ ပြန်လည် စုစည်းညီညွတ်ဖို့ ရည်ရွယ်ချက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ်ရွေးလိုက်တာဟာ အသွင်ကူးပြောင်းရေးကာလမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သမ္မတသစ် ရွေးချယ်ပြီးနောက်ပိုင်း NLD ပါတီရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဒီခေါင်းဆောင် တစ်ဦးတည်းရဲ့ သဘောထားနဲ့တင် မဟုတ်ပဲ အခြား အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်တွေလည်း ပါဝင်ဦးမှာပါ။ အသစ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့နဲ့ ဝန်ကြီးအဖွဲ့မှာ ဘယ်သူတွေ ပါဝင်လာမလဲ၊ ဘယ်လိုပုံစံနဲ့ အခွင့်အာဏာ ခွဲဝေလုပ်ဆောင်ကြမလဲ ဆိုတာတွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။”

ဝါရှင်တန်အခြေစိုက် အာရှဖောင်ဒေးရှင်းက ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ သွားရောက်ပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းအရ မြန်မာနိုင်ငံမှာ လိုအပ်နေတယ်လို့ လူတိုင်းလိုလိုက သဘောတူတဲ့အချက်ကတော့ အစိုးရနဲ့ ပြည်သူတွေအကြား ယုံကြည်မှုမရှိကြတာပဲ ဖြစ်တယ်လို့ ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရအောင် ဆက်လုပ်ဖို့၊ ဆင်းရဲမွဲတေမှုကို လျှော့ချပြီး စီးပွားရေးအခွင့်အလမ်းတွေ တိုးတက်လာအောင် လုပ်ပေးဖို့၊ ပြည်သူလူထုအကြား လူမှုရေး သဟဇာတရှိအောင် ထိန်းသိမ်းဖို့၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ စတာတွေဟာ နောက်တက်လာမယ့် အစိုးရအတွက် အဓိကရင်ဆိုင်ရမယ့် အရေးကိစ္စတွေ ဖြစ်လာမယ်လို့ အာရှဖောင်ဒေးရှင်းက Kim N. B. Ninh က ပြောပါတယ်။

အသစ် ဖွဲ့စည်းတော့မယ့် NLD အစိုးရအနေနဲ့ တရားဥပဒေကို အခြေခံတဲ့ အစိုးရစီမံခန့်ခွဲမှုဖြစ်ဖို့၊ အရပ်ဘက် ရုံးဌာနတွေမှာ စစ်တပ်ရဲ့ ပါဝင်မှု လျှော့ချပြီး၊ လုပ်ငန်းကျွမ်းကျင်မှုကို ဦးစားပေးတဲ့ ပုံစံဖြစ်အောင် လုပ်ဖို့၊ ပြည်ထောင်စုအဆင့် အစိုးရ၊ လွှတ်တော် နဲ့ ပြည်နယ်တိုင်းအဆင့် အစိုးရ၊ လွှတ်တော်တွေရဲ့ အခွင့်အာဏာနဲ့ အခန်းကဏ္ဍတွေ ကွဲပြားမှုရှိအောင် လုပ်ဖို့၊ နိုင်ငံပိုင် အကြီးစား လုပ်ငန်းစုကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ စတဲ့ အချက်တွေကို အာရှဖောင်ဒေးရှင်းက အကြံပြုထားပါတယ်။

စီးပွားရေး ကဏ္ဍမှာဆိုရင်လည်း ရှေ့ဆက်ပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို ၇.၈ ရာခိုင်နှုန်း အနည်းဆုံးရှိနေအောင် ထိန်းထားနိုင်မယ်ဆိုရင်၊ LDC လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ အဖြစ်က လွတ်မြောက်ပြီး၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံအဖြစ်ရောက်ရှိနိုင်ဖို့ အလားအလာရှိနေတာကို အခု အသစ်တက်လာမယ့် အစိုးရသစ် လက်ထက် မှာ အောင်မြင်အောင်လုပ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုနဲ့ ပက်သက်ပြီး Center for Economy, Environment and Society အဖွဲ့က ညွှန်ကြားရေးမှုး ဒေါက်တာ တင်ထူးနိုင်က ခုလို ပြောပြခဲ့ပါတယ်။

“စီးပွားရေး ကိစ္စက စိုက်ပျိုးရေး ကဏ္ဍ အပေါ်မှာ မူတည်နေတယ်။ နောက်ပြီးတော့ ခုနက ပြောထားတဲ့ ကုန်သွယ်ရေးနဲ့ FDI အပေါ်လည်း ပြန်စဉ်းစားတယ်။ နောက်ပြီးတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း ထည့်စဉ်းစားတယ်။ တစ်ဖက်က လယ်ယာကိုလဲ ဖွံ့ဖြိုးအောင် လုပ်မယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကိုပါ ပြိုင်တူ ဖွံ့ဖြိုးအောင် လုပ်စေချင်တယ်။ ဒါမှလဲ ကုန်သွယ်ရေး တိုးတက်လာခဲ့ရင် စိုက်ပျိုးရေး ကဏ္ဍက အပိုထွက်လာတဲ့ လုပ်သားကို အသုံးချနိုင်မှာပါ။”

အရပ်သားအစိုးရ စစ်စစ်တက်လာတော့မယ် ဆိုပေမယ့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိတာ၊ စစ်တပ်က လွှတ်တော်မှာ အမတ် ၂၅ရာခိုင်နှုန်း ရထားတဲ့အပြင်၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသရေးရာလို အရေးပါတဲ့ ဝန်ကြီးဌာနတွေကို ထိန်းချုပ်ခွင့်ဆက်ပြီးရထားတာ၊ လူသိနည်းသေးတဲ့ NDSC ခေါ် (အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ) ကို စစ်တပ်က ထပ်ပြီး ချုပ်ကိုင်ထားတာ စတဲ့ ကန့်သတ်ချက်တွေကိုလည်း ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။