လယ်ယာထုတ်လုပ်မှုစစ်တမ်း

ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်နေ(ဓါတ်ပုံ FAO/ Bui Thi Lan)

Your browser doesn’t support HTML5

လယ်ယာထုတ်လုပ်မှုစစ်တမ်း


မြန်မာပြည်သားအများစုဟာ ကျေးလက်မှာ နေထိုင်ကြတဲ့အတွက် ဆင်းရဲကျဆင်းရေးလမ်းစဉ် ချမှတ်မယ်ဆိုရင် စိုက်ပျိုးလယ်ယာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိနားလည်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အလွန်အားနည်းတဲ့အတွက် ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ ဧရာဝတီ၊ ပဲခူး၊ စကိုင်း နဲ့ ရှမ်းပြည်နယ်က အိမ်ထောင်စု နှစ်ထောင်နီးပါးကို ၂၀၁၄ မှာ စစ်တမ်းကောက်ယူပြီး လယ်ယာထုတ်လုပ်မှု အစီရင်ခံစာရေးတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ LIFT အဖွဲ့က ဆိုပါတယ်။ ဖေဖေါ်ဝါရီလက Analysis of Farm Production Economics ဆိုတဲ့ စာမျက်နှာ (၂၂၅) မျက်နှာ အစီရင်ခံစာ ထွက်လာပါတယ်။

တိုင်းနဲ့ပြည်နယ်(၄) ခုက ရွာကြီးတွေကို လေ့လာတာမို့ တပြည်လုံး ကိုယ်စားမပြုပေမယ့် လုပ်ကွင်းလုပ်ကွက်နဲ့ ထုတ်လုပ်မှု ဆက်စပ်နေပုံကို တင်ပြထားပါတယ်။ ဘယ်စံနှုန်းနဲ့တိုင်းတိုင်း လယ်ယာထုတ်လုပ်မှု နိမ့်ကျနေတာမို့ တိုးတက်ဖွံ့ဖြိုးရေးမှာ အကန့်အသတ် ရှိပါတယ်။ အစိုးရအနေနဲ့ အဓိက ပါဝင်ရမယ့် ကျေးလက်အခြေခံ အဆောက်အအုံ ကောင်းမွန်မှုနဲ့ လယ်သမားကို အတတ်ပညာပေးမှု စတာတွေမှာ ချို့တဲ့နေတဲ့အတွက် လယ်ယာထုတ်လုပ်မှု နိမ့်ကျရတာ ဖြစ်ပါတယ်။ ခြောက်သွေ့ရာသီမှာ နွေစပါးစိုက်ရတာ အရင်းများပြီး အမြတ်နည်းတာမို့ အခြားသီးနံှစိုက်ပျိုးရေးကို အားပေးသင့်တယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူတဲ့ အိမ်ထောင်စုမှာ (၈၀) ရာခိုင်နှုန်းဟာ မိုးစပါးစိုက်ပါတယ်။ ခြောက်သွေ့ရာသီမှာ နွေစပါးစိုက်သူ (၂၀) ရာခိုင်နှုန်းသာရှိပြီး (၈၀) ရာခိုင်နှုန်းက ကောက်ပဲသီးနံှစိုက်ပါတယ်။ ပဲတီစိမ်း၊ ပဲဝါကလေး နဲ့ မတ်ပဲကို အများဆုံး စိုက်ကြပြီး အိန္ဒိယ၊ အာရပ်အိမာရိတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်ပြည်ကို တင်ပို့ပါတယ်။ ၂၀၁၄ မှာ ပဲမျိုးစုံ ဒေါ်လာသန်း (၈၃၅) တန်းဖိုး တင်ပို့နိုင်ပြီး၊ ဆန်က သန်း (၆၃၀) ကျော်ဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ဆီထွက်သီးနံှနဲ့ ပြောင်းစိုက်ပျိုးမှု ရှိပေမယ့် လုပ်အားအများကြီး စိုက်ထုတ်ရပြီး အထွက်နည်းပါတယ်။ မိုးစပါး စိုက်ပျိုးမှုကို တစ်ရက်လုပ်အားနဲ့တွက်ရင် မြန်မာပြည်မှာ စပါး (၂၃) ကီလိုသာထွက်ပြီး၊ ကမ္ဘောဒီးယားမှာ (၆၂) ကီလို၊ ဗိယက်နမ်မှာ (၄၂၉) ကီလို၊ ထိုင်းမှာ (၅၄၇) ကီလိုထွက်လို့ မြန်မာထက် အများကြီးသာပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ ယှဉ်ပြိုင်ဖို့ အခက်အခဲ ရှိပါတယ်။

မြန်မာ့စိုက်ပျိုးနည်းဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်က ထိုင်း နဲ့ ဗိယက်နမ်မှာ သုံးခဲ့တဲ့နည်း ဖြစ်ပါတယ်။ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံ (၈) နိုင်ငံကို တန်းစီးပြီး ဆန်စပါးကရတဲ့ အမြတ်ငွေကို တွက်မယ်ဆိုရင် မြန်မာက အနည်းဆုံး၊ တရုတ်နဲ့ ထိုင်းက အများဆုံး ဖြစ်ပါတယ်။ လယ်ယာလုပ်ခမှာလည်း မြန်မာက အနည်းဆုံးဖြစ်ပြီး တရုတ်နဲ့ထိုင်းက အများဆုံး ဖြစ်ပါတယ်။ မိုးရာသီမှာ တနေ့ကျပ် (၂၀၀၀) ကျော်သာ လုပ်ခရပါတယ်။ မြို့တက်ပြီး အလုပ်လုပ်သူတွေ များလာတဲ့အတွက် လယ်ယာလုပ်သား ရှားပါးလာပါတယ်။ နှစ်ပေါင်းများစွာ အစိုးရဝင်ရောက်စွက်ဖက်ခဲ့တဲ့ ဆိုးကျိုးကို လယ်ယာကဏ္ဍမှာ တွေ့နိုင်ပါတယ်။ ထိုင်းနဲ့ဗိယက်နမ်မှာ မျိုးစပါးရဖို့ ပြဿနာမရှိပေမယ့် မြန်မာပြည်မှာတော့ အလုံအလောက်ရဖို့ အခက်အခဲ ရှိပါတယ်။

ဆည်တွေဆောက်ထားပေမယ့် စိုက်ပျိုးမြေ (၁၂) ရာခိုင်နှုန်းကိုသာ ရေပေးနိုင်ပါတယ်။ ထိုင်းနဲ့ဗိယက်နမ်မှာ စိုက်ပျိုးမြေ (၇၀) ရာခိုင်နှုန်းဟာ ဆည်ရေသုံးနိုင်ပါတယ်။ မြန်မာပြည်က လယ်သမား (၇၀) ရာခိုင်နှုန်းဟာ မူလတန်းပညာလောက်သာ သင်ဖူးတာမို့ စိုက်ပျိုးရေးပညာပေးလုပ်ရာမှာ ပြဿနာ ရှိပါတယ်။ ဥပမာ ဓါတ်မြေသြဇာသုံးရာမှာ အချိုးအစား မကျတာတွေ ရှိပါတယ်။ Nitrogen နဲ့ Phosphorus သုံးတဲ့နေရာမှာ မိုးရာသီမှာ လိုသလောက် မသုံးဘဲ နွေရာသီမှာ လိုတာထက် ပိုသုံးထားပါတယ်။ ဒါကြောင့် ဓါတ်မြေသြဇာ သုံးတာချင်းတူပေမယ့် နွေရာသီမှာ အခြာသီးနံှတွေဟာ စပါးထက် ပိုအရေးကြီးပါတယ်။ နှမ်းနဲ့ ကုလားပဲဟာ ဆန်လောက် အမြတ်မရပေမယ့် ထုတ်လုပ်တဲ့စရိတ် ပိုမိုသက်သာတယ်လို့ ဆိုပါတယ်။

သဘာဝဂေဟ အခြေအနေလိုက်ပြီး သီးနံှဖြစ်ထွန်းမှု ကွဲပြားသွားတာကိုလည်း တင်ပြထားပါတယ်။ ဧရာဝတီက ရေငန်းအနည်းငယ်ရှိတဲ့ဒေသနဲ့ စစ်ကိုင်းတိုင်းက ဆည်ရေသောက်ဒေသမှာ ပဲတီစိမ်းဟာ အမြန်အစွန်း အများဆုံး ဖြစ်ပါတယ်။ ဒါကြောင့် နေရာဒေသကိုလိုက်ပြီး ကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှု ကွဲပြားသွားတာကို အစိုးရက အသိအမှတ်ပြုပြီး ဆန်စပါးကိုချည်း အဓိကထားတဲ့လမ်းစဉ်ကို ပြန်လည်ဆန်းစစ်သင့်တယ်လို့ ဆိုပါတယ်။ ကုန်ကျစရိတ်နည်းပြီး အမြတ်အစွန်းများတဲ့သီးနံှ စိုက်ပျိုးနိုင်အောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရင် စိုက်ပျိုးလယ်ယာထုတ်လုပ်မှု တိုးပွားလာလိမ့်မယ်လို့ ဆိုပါတယ်။

အမြတ်အစွန်းများတဲ့ သီးနံှအမျိုးမျိုး စိုက်ပျိုးရေးကို ထောက်ခံအားပေးမယ်ဆိုရင် ဆန်စပါး ဦးစားပေးလမ်းစဉ်ထက် ပိုမိုကျယ်ပြန့်တဲ့ စိုက်ပျိုးရေးအစီအစဉ် ချမှတ်ဖို့ လိုပါတယ်။ ဥပမာ မျိုးစေ့ထုတ်လုပ်မှုမှာ မျိုးစပ်စပါးအမျိုးမျိုးအတွက်သာ ရည်ရွယ်တာကို အခြားစပါး အမျိုးအစားနဲ့ သီးနံှတွေအတွက်ပါ မျိုးစေ့ဖြန့်ဝေနိုင်အောင် ဆောင်ရွက်ရပါလိမ့်မယ်။ ခေတ်မီစိုက်ပျိုးရေး အတတ်ပညာကို အသုံးပြုတက်အောင် လယ်သမားပညာပေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ရပါလိမ့်မယ်။ လယ်သမားတွေရဲ့ စိုက်ပျိုးရေးစီမံကိန်းကိုလိုက်ပြီး ရေပေးနိုင်မယ့် ဆည်မြောင်းစနစ် ရှိဖို့လိုကြောင်း Analysis of Farm Production Economics စာတမ်းမှာ ကမ္ဘာဘဏ်အုပ်စုနဲ့ LIFT အဖွဲ့က ဆန်းစစ်ထားပါတယ်။