သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားဖွံ့ဖြိုးဖို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ပံ့ပိုးပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် အကြံပြု


UAB နဲ့ ADB တို့ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမှာစကားပြောကြား (FB-Phyo Min Thein)
UAB နဲ့ ADB တို့ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမှာစကားပြောကြား (FB-Phyo Min Thein)

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကို အားပြုပြီး အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ တိုးတက်လာဖို့ ဆောင်ရွက် လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆို လိုက်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ ပြည်တွင်းဘဏ်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တော့မှာဖြစ်လို့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အရေးတွေပေါ်လာမှာဖြစ်တယ်လို့ ADB ဘဏ်ကလည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

ဘဏ်စနစ်ကို အားပြုပြီး အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ နဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကို မြှင့်တင်ဖို့အတွက် ကျနော်တို့ မျှော်မှန်းထားတာတော့ SME ဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးကို SME ကျောရိုးထားပြီး ကျနော်တို့ထူထောင်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့လိုပါတယ်။ ဒါမှ အကြီးစားလုပ်ငန်းကြီးတွေကို ကျနော်တို့ ချိတ်တွဲပြီး ကျနော်တို့ ဆောင်ရွက်ပေးသွားနိုင်မှ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံရဲ့စီးပွားရေးကို SME ကို ကျောရိုးထားပြီး ဘဏ်စနစ်နဲ့ မောင်းနှင်ဖို့ကို လိုပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ဘဏ်တွေဟာ ဒီထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ကို လိုအပ်တာဖြစ်ပါတယ်။”

ပြည်တွင်းဘဏ်တစ်ခုဖြစ်တဲ့ ယူနိုက်တက်အမရာဘဏ် UAB နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကြား အကျိုးတူပူးပေါင်းရေး သဘောတူစာချုပ်ရေးထိုးပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီလိုအကျိုးတူပူးပေါင်းမှုကနေ မြန်မာ့ဘဏ်စနစ် တဖြည်းဖြည်းတိုးတက်လာပြီး ပြည်တွင်းပြည်ပနဲ့ဆက်သွယ်ကာ စီးပွားရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။

“ကောင်တာတွေဖွင့်ထားပြီး ချေးငွေနဲ့ ငွေပို့တဲ့ လုပ်ငန်းလောက်ကိုပဲ ကျနော်တို့ အားပြုဆောင်ရွက်နေတဲ့ အခြေအနေမျိုးရှိပါတယ်။ အခုပြောင်းလဲလာတဲ့ အခြေအနေအသစ်မှာ ADB အနေနဲ့လည်း SME လုပ်ငန်းတွေကို တွန်းအားပေးလာမယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေကိုလည် နိုင်ငံတကာ အဝန်းအဝိုင်းနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပေါင်းစပ်နိုင်ပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကိုပါ ရလာနိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ဘဏ်လုပ်ငန်းဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှ စီးပွားရေး အခြေအနေအရပ်ရပ်ဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။”

UAB ဘဏ်နဲ့ ADB ဘဏ်ကြား ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာငွေကြေးသဘောတူစာချုပ်ကို ဒီနေ့မှာပဲ လက်မှတ်ရေးထိုးလိုက်တာပါ။ ဒီသဘောတူစာချုပ်အရ ADB ဘဏ်အနေနဲ့ UAB ဘဏ်ရဲ့ နိုင်ငံတကာ ကုန်သွယ်မှုတွေအတွက် ထုတ်ပေးတဲ့ ငွေထုတ်ခွင့်ပေးစာ Letters of Credit LC တွေကို အာမခံပေးမှာဖြစ်ပါတယ်။

(ကွယ်လွန်သူ ပြည်ခိုင်ဖြိုးပါတီစက်မှုဝန်ကြီးဟောင်း၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင်ဟာ UAB United Amara ဘဏ်မှာ အစုရှယ်ယာအများစု ပိုင်ဆိုင်တာဖြစ်ပါ တယ်။ ဦးအောင်သောင်းဟာ ကွယ်လွန်တဲ့အချိန်အထိ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ SDN (ခေါ် ) ပစ်မှတ်ထား ပိတ်ဆို့ အရေးယူဖို့အတွက် အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။)

ဒီလို ပူးပေါင်းဆောက်ရွက်မှုကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လာမှာဖြစ်သလို အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အကျိုးရှိမှာဖြစ်တယ်လို့ ADB ဘဏ် ဆက်ဆံရေးမန်နေဂျာ က အခုလို ပြောပါတယ်။

“ဒီပူးပေါင်းဆောင်ရွက်ချက်အရ သွင်းကုန်၊ ထုတ်ကုန်တွေ တိုးမြင့်လာမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအားလုံးဟာ အရင် မရှိခဲ့ဖူးတဲ့ ဈေးကွက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ ဒီလို ဈေးကွက်စီးပွားရေး ကျယ်ပြန့်လာတဲ့အတွက် အသေးစား၊အလတ်စား လုပ်ငန်းတွေ အပါအဝင် မြန်မာကုမ္ပဏီတွေအနေနဲ့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုမှာ အားလုံးပါဝင်နိုင်မှာဖြစ်သလို ဈေးကွက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။”

SME ကဏ္ဍ တိုးတက်ဖွံဖြိုးလာဖို့အတွက် ရည်မှန်းပြီး ၊ မြန်မာနိုင်ငံတွင်းအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာဘဏ်တွေ ဆက်ဆံဆောင်ရွက်မှုတွေ အပေါ်မှာ အေဒီဘီ အာရှ ဖွံဖြိုးရေးဘဏ်က ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီပေး တာတွေ အရင်ကလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG