ရန်ကုန်က မူဆလင်တွေရဲ့ Ramadan ဥပုသ်လ

ရန်ကုန်မြို့က မူဆလင်တွေရဲ့ Ramadan ဥပုသ်လ။ (ဇူလိုင် ၂၉-၂၀၁၄)

အစ္စလာမ်ဘာသာအပေါ် စိုးရိမ်စိတ်လွန်ပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေရဲ့ Ramadan ဥပုသ်လပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီအုပ်စုကြောင့် ရန်ကုန်အရှေ့ခြမ်း အစ္စလာမ်ကျောင်းတွေ ပိတ်ထားခဲ့ရတာကြောင့် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ Ramadan ဥပုသ်လမှာ ဝတ်ပြုဆုတောင်းဖို့ အခက်တွေ့နေတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး မခွာညိုက ပြောပြပေးပါမယ်။

ရန်ကုန်မြို့မှာ မိုးရွာနေတဲ့ကြားကပဲ ဥပုသ်ထွက်တဲ့ မွတ်စလင်တွေဟာ ဗလီက ဝေငှဒါနပြုတဲ့ ထမင်းနဲ့ဟင်းကို တန်းစီပြီးယူနေကြပါတယ်။ မွတ်စလင်အတော်များများဟာ ပုံမှန်အားဖြင့် အနားမှာရှိတဲ့ အစ္စလာမ်ကျောင်းတွေမှာ တနေ့နှစ်ကြိမ် ဝတ်ပြုလေ့ရှိပေမယ့် ပြီးခဲ့တဲ့လက မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီ အုပ်စုတွေကြောင့် အစ္စလာမ်ကျောင်းတွေ ပိတ်ထားခဲ့ရတာကြောင့် ဝတ်ပြုဆုတောင်းဖို့ အခက်တွေ့နေကြရပါတယ်။

Hussein ဟာ ပုံမှန်အားဖြင့် အစ္စလာမ်ကျောင်းတွေမှာ ဝတ်ပြုလေ့ရှိသူတယောက်ပါ။

"တချို့ မွတ်စလင်တွေကတော့ လမ်းတွေပေါ်မှာပဲ ဝတ်ပြုဆုတောင်းကြပေမယ့် အခုလို လမ်းပေါ် ဝတ်ပြုတာကိုလည်း ဒေသခံ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့တာပါ။

အခုလို အစ္စလာမ်ကျောင်းတွေနဲ့ လမ်းတွေပေါ်မှာ ဝတ်ပြုတာကို ပိတ်ပင်လိုက်တဲ့အတွက် ဗလီကျောင်းမှာ လူတွေ အဆမတန် များလာတာကို ရင်ဆိုင်နေကြရပါတယ်။"

မြန်မာနိုင်ငံမှာ မွတ်စလင်ဦးရေဟာ ၃ % ၊ ၄ % လောက်ပဲရှိပြီး သူတို့ရဲ့ ဘာသာရေး ဇစ်မြစ်ကတော့ မြန်မာနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး ရှိနေခဲ့တာပါ။ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ စဖြစ်လာခဲ့တဲ့ ၂၀၁၂ ခုနှစ် ကတည်းက မြန်မာအစိုးရ အနေနဲ့ လည်း အစ္စလာမ်ဆန့်ကျင်ရေးမြင့်မားလာတာကို ထိန်းချုပ်ဖို့ အတော်လေး ကြိုးပမ်းအားထုတ်နေရပါတယ်။

ရန်ကုန်သားတဦးဖြစ်တဲ့ Haroon ကတော့ ပြီးခဲ့တဲ့လကစတင်တဲ့ Ramadan ဥပုသ်ကို မိသားစုနဲ့အတူ အိမ်ထဲမှာပဲ ဝတ်ပြု ဝါရှောင်ခဲ့ကြ ကြောင်း ပြောပါတယ်။ သူက ကိုယ့်တိုင်းပြည်ထဲမှာနေရင်းနဲ့ မွတ်စလင်တွေကို ပိုပြီး ပစ်မှတ်ထားလာတာမျိုး ဖြစ်မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

အများစုကတော့ အခုလို တဘက်နဲ့တဘက် အခြေအနေတင်းမာနေတဲ့အပေါ် အမျိုးသားရေးစိတ်ပြင်းထန်တဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် အပြစ်ဖို့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား မွတ်စလင်တွေအတွက်ကတော့ စိတ်သက်သာရာ မရှိသလောက် ဖြစ်နေရပါတယ်။ ကလေးသုံးယောက်ဖခင် ဟာရွန်က - အဲဒီ အမျိုးသားရေးဝါဒီအဖွဲ့သာ လုံးဝ ပျက်သွားမယ်ဆိုရင် အရာရာ ငြိမ်းချမ်းသွားမှာပါ - လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်က မူဆလင်တွေရဲ့ Ramadan ဥပုသ်လ