ပြည်ထဲရေးအဆင့်မြင့်အရာရှိတချို့ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး

ရန်ကုန်တိုင်း တရားရုံး

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့လူခြောက်ဦးကို သိန်းထောင်ချီတန်တဲ့ ရန်ကုန်တိုင်းတွင်းက မြေကိစ္စ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က လနဲ့ချီစစ်ဆေးပြီးတဲ့နောက် ပြစ်မှုကျူးလွန်ကြောင်း စုံစမ်းတွေ့ရှိမှုအပေါ် အခြေခံပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

သိန်းထောင်ချီတန်တဲ့မြေကိစ္စ အဂတိလိုက်စားမှုမှာ ပြစ်မှုကျူးလွန်ကြောင်း စုံစမ်းတွေ့ရှိရတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှာ ဒုတိယအမြဲတန်း အတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးတဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယရဲမှူးကြီးတဦး၊ ဒုညွှန်ကြားရေးမှူးတဦး၊ ဦးစီးအရာရှိတဦးအပါအဝင် မြေပိုင်ရှင်က ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသူတဦးအပါအဝင် အဂတိလိုက်စားမှုမှာ ပူးပေါင်းပါဝင်သူ အားလုံးပေါင်းခြောက်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုအပါအဝင် ပေါင်းခြောက်ဦးကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုအဖြစ်နဲ့ တရားစွဲဆိုလိုက်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရလည်းဖြစ်တဲ့ ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အတွင်းရေးမှူးဆိုတာက တချိန်တုန်းက ဒုတိယအမြဲတန်းအတွင်းဝန်တဦး၊ တယောက် သူရယ် နောက် ဒုတိယရဲမှူးကြီးတဦး၊ နောက် ဝန်ကြီးရုံးက ဒုညွှန်ကြားရေးမှူးတဦးပါတယ်၊ ဦးစီးအရာရှိတဦးပါတယ် နောက် မြေပိုင်ရှင်က ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသူ ပါတယ် နောက် အငြိမ်းစားတယောက်ပါတယ်။ အားလုံးပေါင်း ၆ ယောက် ပါပါတယ်။ ဒီ ၆ ယောက်လုံးက အဂတိလိုက်စားမှုမှာ အက်ဥပဒေနဲ့ ငြိစွန်းတယ်ပေါ့နော်၊ ငြိစွန်းတဲ့အတွက် အဲ့တာတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးတယ်။ စုံစမ်းတဲ့အခါမှာ ပေါ်ပေါက်တယ်၊ ပေါ်ပေါက်တဲ့အခါမှာ ကျနော်တို့ ဥပဒေအကြောင်းအရ တရားရုံးမှာ တရားစွဲဆိုတယ်။ အခု စွဲဆိုတဲ့အဆင့်ရောက်သွားပြီပေါ့နော်။”

သိန်းထောင်ချီတန်တဲ့မြေကွက်ကိစ္စ အဂတိလိုက်စားတယ်ဆိုပြီး တိုင်တန်းမှုရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၈လက စတင်စုံစမ်းစစ်ဆေးခဲ့တဲ့ ဒီမြေယာကိစ္စမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိတဲ့အတွက် အခုလို တရားစွဲဆိုဖို့ဖြစ်လာတာလို့လည်း ဦးဇော်ဌေးကပြောပါတယ်။

" ဖြစ်တာကတော့ သူတို့လွန်ခဲ့တဲ့ ၈လကပေါ့။ အခုနောက်ပိုင်းမှာ ၂၀၁၇ နောက်ပိုင်းမှာမှ ကျနော်တို့ အဂတိလိုက်စားမှုကော်မရှင်က ကိုင်တွယ်တာဖြစ်တာပေါ့။ အဓိကကတော့ဗျာ မြေမှုပေါ့ ရန်ကုန်မှာ ရှိတဲ့ မြေကွက် တကွက်ကိစ္စပေါ့။ အဲ့ေ့မြကွက်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အဂတိလိုက်စားမှု မြေကွက်ပိုင်ဆိုင် ရယူရေးနဲ့ပတ်သက်ပြီးတော့ သိန်းထောင်နဲ့ချီတယ် သိန်းထောင်နဲ့ချီတဲ့အတွက် ဒီဟာတွေအပေါ်မှာ စစ်ဆေးပေါ်ပေါက်တဲ့အတွက် ကနဦးအရ ပေါ်ပေါက်တဲ့အတွက် ကျနော်တို့ ဒါကို စုံစမ်းစစ်ဆေးမှု လုပ်တာဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ မြေကိစ္စပေါ့ဗျာ မြေကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်တယ် စုံစမ်းတဲ့အခါမှာ ပေါ်ပေါက်တယ် ပေါ်ပေါက်တဲ့အတွက် ပေါ်ပေါက်တဲ့အခါ ထင်ရှားတယ် ထင်ရှားတဲ့အတွက် သက်ဆိုင်ရာက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူဖို့ ဖြစ်ပါတယ် ဖြစ်နေတာတော့ကြာပြီ။"

NLD ဦးဆောင်တဲ့အရပ်သားအစိုးရလက်ထက်မှာ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှု ပပျောက်အောင် ဦးစားပေး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခုလို ပြည်နယ်အစိုးရတာဝန်ရှိသူတဦးအပါအဝင် ပြည်ထဲရေးက အဆင့်မြင့်အရာရှိကြီးတွေပါဝင်တဲ့ အဂတိလိုက်စားမှုကို ကော်မရှင်ဘက်က ဖော်ထုတ်အရေးယူခဲ့တာဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

“ပြောရရင်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက အရေးကြီးတယ် ၊ အရေးကြီးတဲ့ဟာကို ဦးစားပေးအနေနဲ့ ကျနော်တို့လုပ်ပါတယ်။ တချို့ကျော်ဇောတွေဆိုတာရှိတယ် သတင်းတွေ ကျော်ဇောတယ်။ သို့သော် သက်သေအထောက်အထားပေါ့နော် အဲဒါတွေမှာလည်း မူတည်တယ်။ အဲဒီတော့ ဥပဒေကြောင်းအရပေါ့နော် ဒီလူက ဒါလုပ်တယ် ဆိုတာ လူပြောသူပြော ဖိအားပေးတွေတော့ရှိတယ်။ သို့သော် ဒါလုပ်နေတယ်ဆိုတာကို ပြောပြနိုင်တဲ့ အထင်အရှား ပြနိုင်တဲ့ သက်သေအထောက်အထား ပေါ့နော် လူပုဂ္ဂိုလ်ဖြစ်စေ၊ ပစ္စည်းဖြစ်စေ ပြသနိုင်တဲ့ အထောက်အထား ဒါတွေလိုပါတယ် အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဥပဒေကြောင်းအရ။ နောက် သက်ဆိုင်ရာ ကာယကံရှင်ကလည်း ဥပဒေနဲ့အညီ ဖြေရှင်းပိုင်ခွင့်ရှိတယ် ။ အဲလိုဖြေရှင်းတော့ တချို့သောကိစ္စတွေမှာ ကျနော်တို့ ကြီးကြီးမားမားထွက်ပေါ်မလာပေမယ့်လို့ သက်ဆိုင်ရာ ဥပဒေအလိုက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအလိုက် အရေးယူနေတာရှိပါတယ်။ အခုအမှုကတော့ ထင်ရှားသွားတာပေါ့နော်။ ထင်ရှားသွားတော့ ကျနော်တို့က ဥပဒေကြောင်းအရ အကြံဉာဏ်ယူတယ် ။ ယူပြီးတော့ တရားစွဲဆိုဖို့ ဥပဒေနဲ့ အညီ အရေးယူဖို့ ကျနော်တို့ဆောင်ရွက်တာပေါ့နော်။ ဒီလိုဆောင်ရွက်တဲ့အဆင့်ရောက်တယ် ရောက်တဲ့အခါမှာ ဒီလိုထွက်လာတယ်။”

NLD အစိုးရသစ်တက်ခါစတုန်းကလည်း သင်္ကြန်ကာလအတွင်း မီဒီယာကုမ္ပဏီကြီးတစ်ခုက အစိုးရပိုင်း အဆင့်မြင့်အရာရှိ တဦးကို ကျပ်ငွေ သိန်း ၅၀ လက်ဆောင်ပေးခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရဆိုပြီး အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်အသိပေးတဲ့ အကြောင်းကြားစာတစောင်ကို အစိုးရအဖွဲ့ရုံးက ဧပြီလ ၂၀ ရက်နေ့စွဲနဲ့ အစိုးရအဖွဲ့တွေနဲ့ အစိုးရဌာနတွေကို ပေးပို့ခဲ့တာပါ။ အဂတိလိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ Transparency International အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆နိုင်ငံထဲမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေက အဆင့် ၁၃၆ ရှိခဲ့ပြီး ရမှတ် ၂၈မှတ်နဲ့ အခြေအနေ အနည်းငယ်တိုးတက်ခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပြည်ထဲရေးအဆင့်မြင့်အရာရှိတချို့ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး