ကမ္ဘာစစ်ကြီး နှစ်ခုစလုံးကို ကြုံခဲ့ရပြီး အော့ဇ်ဝစ်ဇ် သေမင်းတမန် နာဇီအကျဉ်းစခန်းကနေ အသက်မသေပဲ လွတ်မြောက်ခဲ့သူ ကမ္ဘာ့အသက် အကြီးဆုံးအမျိုးသား Israel Kristal ဟာ အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။ သူ့ရဲ့ အသက် ၁၁၄ နှစ်ပြည့် မွေးနေ့ရောက်ဖို့ တလအလို သောကြာနေ့က ကွယ်လွန်သွားတာပါ။
မစ္စတာ Kristal ကွယ်လွန်သွားတယ် ဆိုတာကို သူ့ရဲ့မြေးဖြစ်သူက AP သတင်းဌာနကို အတည်ပြုပြောပါတယ်။ သူဟာ ဘဝမှာ အောင်မြင်မှု အများအပြားရအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အခြားလူတွေအတွက် တန်ဘိုးရှိအောင် နေထိုင်ခဲ့ကြောင်း မြေးဖြစ်သူကပြောပါတယ်။
မစ္စတာ Kristal ကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် Guinness ကမ္ဘာ့မှတ်တမ်းအဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ သတ်မှတ်ခဲ့တာပါ။ သူ့ကို ပိုလန်နိုင်ငံမှာ ၁၉၀၃ ခုနှစ်က မွေးဖွားခဲ့ပြီး ပထမကမ္ဘာစစ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ မိဘမဲ့ ဖြစ်ခဲ့သူပါ။ ပိုလန်ကို နာဇီဂျာမနီက သိမ်းပိုက်တဲ့ ကာလအတွင်း ကန့်သတ်ဒေသထဲမှာ နေခဲ့ရပြီး နောက်ပိုင်းမှာ အော့ဇ်ဝစ်ဇ် အကျဉ်းစခန်းနဲ့ တခြားစခန်းတွေဆီကို ပို့ခံခဲ့ရပါတယ်။
သူ့ရဲ့ ပထမဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦးဟာ Holocaust လို့ခေါ်တဲ့ ဂျူးတွေကို နာဇီတွေက အစုအဝေးလိုက် ရက်ရက်စက်စက် သတ်တဲ့ ဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မေလမှာ မဟာမိတ်တပ်ဖွဲ့တွေက သူ့ကို အော့ဇ်ဝစ်ဇ်စခန်းကနေ ကယ်တင်လိုက်ချိန်မှာ သူ့ရဲ့ကိုယ်အလေးချိန်ဟာ ၈၁ ပေါင်လောက်ပဲရှိခဲ့ပြီး သူ့တမိသားစုလုံးမှာ သူတဦးပဲ အသက်မသေ ကျန်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ကွယ်လွန်