Donald Trump နဲ့ Kim Jong Un အပြန်အလှန် ချိုးနှိမ်ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတDonald Trump။

Pacific သမုဒ္ဒရာပေါ်မှာ Hydrogen ဗုံးတလုံး မကြာခင် ဖေါက်ခွဲစမ်းသပ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ရည်ညွှန်း ပြောကြားခဲ့ပြီးနောက်မှာ အမေရိကန်သမ္မတက Kim Jong Un ကို လူရူးတယောက်လို့ ပြောလိုက်ပါတယ်။ သမ္မတ Donald Trump ရဲ့ခြိမ်းခြောက်စကားတွေ။ အရေးယူဒဏ်ခတ်မှုသစ်တွေနဲ့ထပ်တူ တုံ့ပြန်မယ်လို့ Kim Jong Un ကပြောခဲ့ပြီးနောက် Hydrogen ဗုံးခွဲစမ်းသပ်မယ်လို့ ကြေညာခဲ့တာပါ။

အရူးတယောက်ဖြစ်တယ်ဆိုတာ သေချာနေတဲ့ Kim Jong Un ဟာ သူ့ရဲ့ပြည်သူတွေ ငတ်ပြတ် သေကြေတာကို ဂရုမစိုက်သူဖြစ်တယ်လို့ သမ္မတ Trump က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားတုံ့ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ သမ္မတ Trump က Kim Jong Un ကို ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတဲ့ ဒုံးပျံလူသားလို့ ရည်ညွှန်းပြောခဲ့သလို မြောက်ကိုရီးယားကို အမေရိကန်က လုံးဝ ဖျက်စီးပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို ဖျက်စီးဖို့ခြိမ်းခြောက်တာက Trump ရဲ့ စိတ်ဖောက်ပြန် ရူးသွပ်မှုကို ပြသနေတယ်လို့ Kim Jong Un ကိုယ်တိုင် သောကြာနေ့က တုံ့ပြန်ခဲ့ပါတယ်။ Trump ရဲ့စော်ကားမှုတွေကို သမိုင်းမှာအပြင်းထန်ဆုံး တန်ပြန်ဆောင်ရွက်မှုနဲ့ တုံ့ပြန်မယ်လို့လည်း မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။

အမေရိကန်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရကြား တင်းမာမှုတွေ ဆက်ဖြစ်နေတာဟာ စိန်ခေါ်မှုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကသောကြာနေ့က ဝန်ခံပြောဆိုပါတယ်။ ပြင်းပြင်းထန်ထန် စကားအဖြစ်ပြောနေကြတာတွေ။ စစ်ရေးအရခြိမ်းခြောက်နေကြတာတိုးလာပေမဲ့ သံတမန်ရေးနဲ့ အားထုတ်ဆောင်ရွက်မှုတွေကို အချည်းနှီး မဖြစ်စေပါဘူးလို့လည်း ဝန်ကြီး Tillerson ကပြောသွားခဲ့ပါတယ်။

Your browser doesn’t support HTML5

Donald Trump နဲ့ Kim Jong Un အပြန်အလှန် ချိုးနှိမ်ပြောကြား