သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ချေမှုန်းနိုင်ကြောင်း သမ္မတ Trump ကုလမှာ သတိပေး


၇၂ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ် မနေ့ က မိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားနဲ့IS စစ်သွေးကြွ အဖွဲ့တို့ကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

သမ္မတ မဖြစ်ခင် ကတည်းက တောက်လျှောက် ပြောလာခဲ့တဲ့ အမေရိကန်သာ ပထမ ဦးစားပေး ဆိုတဲ့ ကိစ္စကိုလည်း သမ္မတထရမ့်ရဲ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ထပ်ပြီး ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို Rocket Man ဒုံးပျံသမားလို့သမ္မတ ဒေါ်နလ်ထရမ့်က ခေါ်လိုက်ပြီး ဒီဒုံးပျံသမားကတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အစီအစဉ်နဲ့ လုပ်နေပြီလို့ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

“ အမေရိကန် ပြည်ထောင်စုဟာ ကြီးမားတဲ့ အင်အားနဲ့ သည်းခံမှုတွေ ရှိတဲ့ နိုင်ငံပါ။ ဒါပေမဲ့ မဖြစ်မနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဒါမှမဟုတ် မဟာမိတ်တွေကို ကာကွယ်ဖို့ ဆိုတဲ့ အခြေအနေ ဆိုက်လာခဲ့မယ် ဆိုရင်တော့ ကျနော်တို့မှာ ရွေးစရာလမ်း ရှိမှာ မဟုတ်တော့ပါဘူး။မြောက်ကိုရီးယားကို လုံး၀ ဖျက်ဆီး ပြစ်ရပါလိမ့်မယ်။ ဒုံးပျံသမားဟာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ အစီအစဉ် လုပ်နေပြီး သူ့ရဲ့ အစိုးရလည်း တပါတည်း ကျဆုံးအောင် လုပ်နေတာပါ”

ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကတော့ သမ္မတ ထရမ့် မိန့်ခွန်းပြောဖို့ခန်းမထဲကို ရောက်မလာခင် ကတည်းက ခန်းမထဲက ထွက်သွားခဲ့တာ သမ္မတထရမ့်ရဲ့ ၄၂ မိနစ်ကြာ မိန့်ခွန်းဆုံးခဲ့တဲ့ အထိပါပဲ။ America First အမေရိကန်သာ ပထမ ဦးစားပေး ဆိုတဲ့ သူ့ရဲ့ ကြွေးကြော်ချက်ကိုလည်း ကုလသမဂ္ဂ မိန့်ခွန်းထဲမှာ သမ္မတထရမ့်က ထပ်ပြီး ထည့်ပြော ခဲ့ပါသေးတယ်။

“ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ တဦးအနေနဲ့အမေရိကန်သာလျှင် ကျနော့ရဲ့အမြဲတန်း ပထမ ဦးစားပေး ဖြစ်ရပါလိမ့်မယ်။ ခင်ဗျားတို့လိုပါပဲ။ခင်ဗျားတို့ နိုင်ငံရဲ့ ခေါင်းဆောင်တွေ အဖြစ်ခင်ဗျားတို့ နိုင်ငံသာ အမြဲ ပထမ ဦးစားပေးထားကြမှာပါ။ ဒါမှမဟုတ် ထားသင့်ပါတယ်။ ”

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး မူဆလင် နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကိုလည်း သမ္မတထရမ့်က ပြောခဲ့ပါ သေးတယ်။

“ အာရပ်နဲ့ မူဆလင် နိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်တွေကို လေးစားစွာ ကျနော် ပြောလိုတာက အစ္စလာမ် အစွန်းရောက် အကြမ်းဖက် သမားတွေကို ရင်ဆိုင်ဖို့တာဝန်ရှိတဲ့ နိုင်ငံတွေအားလုံး အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ်လို့ကျနော်တို့တွေ သဘောတူထား ကြပါတယ်။ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒကို ကျနော်တို့တားမြစ်ရပါလိ့မ်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝါဒဟာ ကျနော်တို့ နိုင်ငံတွေ သာမက တကမ္ဘာလုံးကိုပါ ဖျက်စီးနိုင်တာကြောင့် ကျနော် တို့ ခွင့်မပြုနိုင်ပါဘူး။”

မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ မိန့်ခွန်းထဲမှာ အရင် သမ္မတ ဘားရက်အိုဘားမား လက်ထက် အီရန်နိုင်ငံနဲ့၂၀၁၅ ခုနှစ်က လုပ်ခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ဗင်နီဇွဲလား သမ္မတ နီကိုးလာစ် မာဒူရို ကိုလည်း အပြစ်တင် ရှုတ်ချခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် အမတ်တွေရဲ့ တုန့်ပြန်မှုတွေ ကတော့ ရီပါပလစ်ကန် ပါတီနဲ့ဒီမိုကရက် ပါတီအကြား မတူညီကြပါဘူး။ ရီပါဘလစ်ကန် အမတ်တွေကတော့ သမ္မတထရမ့်ရဲ့ မိန့်ခွန်းကို ချီးမွမ်းကြပြီး ဒီမိုကရက်ပါတီ အမတ်တွေကတော့ သိပ်ပြီး သဘောမကျကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG