သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဗျူရိုကရေစီစနစ်နဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု သမ္မတ Trump ဝေဖန်


အမေရိကန်သမ္မတ Donald Trump ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာပြောကြား
အမေရိကန်သမ္မတ Donald Trump ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာပြောကြား

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကမ္ဘာတဝန်းကပြည်သူတွေရဲ့ ယုံကြည်မှုပြန်ရအောင်လုပ်ရမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ ဗျူရိုကရေစီစနစ်နဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကုလသမဂ္ဂအဖဲ့ွအနေနဲ့ ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိဘူးလို့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာ သမ္မတ Trump ကပြောကြားခဲ့တာဖြစ်ပါတယ်။ New York မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံကို ပထမဆုံး တက်ရောက်နေတဲ့ သမ္မတ Trump ဟာ တခြားကမ္ဘာ့ရေးရာတွေကိုလည်း နိုင်ငံခြားခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံကို ပထမဆုံးတက်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲခြင်းဆိုတဲ့ဆွေးနွေးပွဲကို တနင်္လာနေ့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းမှာ ရည်မှန်းချက်တွေအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ သမ္မတ Trump ကခုလိုပြောကြားခဲ့ပါတယ်။

"ဗျူရိုကရေစီစနစ်နဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် အခုနှစ်ပိုင်းတွေအတွင်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် အပြည့်အဝ မလုပ်နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂအဖွဲ့ရဲ့ ပုံမှန်ဘားဂျက်ကို ၁၄၀% အထိတိုးမြှင့်ခဲ့တယ်။ ဝန်ထမ်းအရေအတွက်အကလည်း ၂၀၀၀ ခုနှစ်ကထက် ၂ ဆ တိုးခဲ့ပေမဲ့ အဲဒီရင်းနှီးမှုတွေနဲ့ ထိုက်တန်တဲ့ ရလာဒ်တွေ မမြင်ရပါဘူး။ အခုအတွင်းရေးမှူးချုပ် လက်ထက်မှာတော့ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။"

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဗျူရိုကရေစီစနစ်ကို အမေရိကန်သမ္မတ Trump ကဝေဖန်သွားခဲ့သလိုပဲ၊ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သူဦးဆောင်နေတဲ့ အဖွဲ့အစည်းအတွင်းရှိနေတဲ့ ပြဿနာကို မိန့်ခွန်းထဲမှာ ခုလိုပြောကြားသွားခဲ့ပါတယ်။

"ခင်ဗျား ညဖက် ဘာကြောင့် မအိပ်နိုင်ရသလဲလို ကျွန်တော့်ကို တယောက်က လောလောလတ်လတ်ပဲ မေးခဲ့ပါတယ်။ ကျွန်တော့်အဖြေက ခပ်ရှင်းရှင်းပါပဲ။ ဗြူရိုကရေစီစနစ်၊ စနစ်တကျမရှိ အဆီအငေါ်မတည့်တဲ့ အစီအမံတွေ။ ရှုပ်ထွေးတဲ့ စီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့ မပြီးဆုံးနိုင်တဲ့ ကြိုးနီစနစ်တွေကြောင့်ဖြစ်ပါတယ်။"

ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပိုင်းဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းတွေမှာ အပြောင်းအလဲ လုပ်နေတာတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အကြောင်းတွေကိုလည်းအတွင်းရေးမှူးချုပ် Guterres ကသူ့ရဲ့မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အသုံးစရိတ်အတွက် အမေရိကန်ပြည်ထောင်စုက ရန်ပုံငွေ အများဆုံးထည့်ဝင်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂ ပုံမှန်လုပ်ငန်းလည်ပါတ်ရေး အသုံးစရိတ်ရဲ့ ၂၅% နီးပါးအပြင် ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းအသုံးစရိတ်ရဲ့ ၂၈% ကျော်အမေရိကန်ကပေးနေတာပါ။ ဒါနဲ့ပတ်သက်လို့လည်း သမ္မတ Trump က ထောက်ပြခဲ့တဲ့အပြင် ကမ္ဘာတဝန်းမှာ ယုံကြည်မှုပြန်ရအောင် ကုလသမဂ္ဂအဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရမယ်လို့တိုက်တွန်းခဲ့ပါတယ်။

"ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ကမ္ဘာတဝန်းက ပြည်သူတွေရဲ့ ယုံကြည်မှုပြန်ရလာတာကို ကျွန်တော်တို့မြင်ချင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက်ဆိုရင် ကုလသမဂ္ဂအဖွဲ့အနေနဲ့ စီမံခန့်ခွဲမှုအဆင့်တိုင်းမှာ အများယုံကြည်စိတ်ချမှုရအောင်လုပ်ရပါမယ်။ လှုျိ့ဝှက်သတင်းပေးသူတွေကို အကာအကွယ်ပေးရပါမယ်။ လုပ်ငန်းစဉ်တွေထက် လက်တွေ့ရလဒ်ရလာဖို့ အာရုံစိုက်ရပါမယ်။ ကျွန်တော်တိုရဲ့ပြည်သူတွေလေးစားတဲ့အနေနဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကမှ ဝန်ထုပ်၊ ဝန်ပိုးကို ပိုပြီးမယူသင့်ပါဘူး။ စစ်ရေးပိုင်းမှာရော ဘဏ္ဍာရေးပိုင်းမှာပါ အချိုးအစားမမျှတဲ့ တာဝန်တွေ မယူသင့်ပါဘူး။"

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားဟာ အမေရိကန်သမ္မတ Trump အတွက် အထွေထွေညီလာခံမှာ ပထမဆုံး အခမ်းအနားဖြစ်ပါတယ်။ အထွေထွေညီလာခံလာတက်တဲ့ ကမ္ဘာခေါင်းဆောင်တော်တော်များများနဲ့လည်း အမေရိကန်သမ္မတ သီးသန့်တွေ့ဆုံနေ ပါတယ်။

တနင်္လာနေ့ နေ့လည်ပိုင်းက အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြန်စနိုင်ဖို့ အမေရိကန်က အပြည့်အဝထောက်ခံတယ်လို့ အစ္စရေးဝန်ကြီးချုပ်နဲ့တေ့ွဆုံစဉ်မှာ အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ကပဲ သမ္မတ Trump ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့လည်းတွေ့ဆုံပါတယ်။ တနင်္လာနေ့ ညပိုင်း အခုအသံလွှင့်နေချိန်မှာတော့ လက်တင်အမေရိကနိုင်ငံခေါင်းဆောင်တွေနဲ့ သမ္မတ Trump ညစာစားပွဲတက်ရောက်နေပါတယ်။

မြောက်ကိုရီးယားအရေး ထိပ်တန်းဆွေးနွေးစရာဖြစ်နေချိန်မှာ တောင်ကိုရီးယားသမ္မတ Moon Jae-in ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့လည်း အခုသီတင်းပတ်ထဲမှာ တေ့ွဆုံဖို့ရှိနေပါတယ်။

အင်္ဂါနေ့ကျရင်တော့ ၇၂ ကြိမ်မြောက် အထွေထွေ ညီလာခံမိန့်ခွန်းကို သမ္မတ Trump ပြောကြားမှာဖြစ်ပါတယ်။ အဲဒီမိန်ခွန်းမှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ Nuclear အရေးကိစ္စ၊ IS စစ်သွေးကြွတွေရဲ့ ရန်အပါအဝင် ကမ္ဘာတဝန်းရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဖြေရှင်းကြရေးကို သမ္မတ Trump အဓိကထားပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG