သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ အီရန်အပေါ် ကုလမိန့်ခွန်းမှာ သမ္မတ Trump သတိပေး


သမ္မတ Trump ကုလမိန့်ခွန်းပြော
သမ္မတ Trump ကုလမိန့်ခွန်းပြော

မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူးကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုတွေကို မစွန့်လွှတ်ရင် လုံး၀ ချေမှုန်းပစ်ရမယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ သမ္မတ Trump က အခုလို ပြောတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အစိုးရရဲ့ မဆင်မခြင် လုပ်ရပ်တွေက လူ့အသက်ပေါင်း များစွာကို မတွေးဝံ့စရာ ခြိမ်းခြောက်မှုနဲ့ အတူ တကမ္ဘာလုံး အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အမေရိကန် ခေါင်းဆောင်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ အတူ မဟာမိတ်တွေကို မဖြစ်မနေ ကာကွယ်ရမယ့် အချိန်မှာ ရွေးချယ်စရာမရှိရင် အပြီးတိုင် ချေမှုန်းမယ်လို့ သမ္မတ Trump က ပြောပါတယ်။ အီရန်နိုင်ငံနဲ့ ပတ်သက်ပြီးလည်း သမ္မတက ပြောဆိုတာမှာတော့ အီရန် အနေနဲ့ နျူးကလီးယား သဘောတူ စာချုပ်ကို အကာအကွယ်ယူပြီး နျူးကလီးယား အစီအစဉ်တွေ ဆောင်ရွက်နေမယ်ဆိုရင်တော့ နျူးကလီးယား သဘောတူစာချုပ်ကို လိုက်နာနေလို့ မရဘူးလို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ပြီးလည်း ကုလ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတက ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။ အကြမ်းဖက် ဝါဒစွဲ အဖွဲ့တွေကို ငွေကြေး ထောက်ပံ့နေတဲ့ နိုင်ငံတွေကို ဖော်ထုတ် တာဝန်ခံခိုင်းရမယ့် အချိန် ရောက်ပြီလို့ သုံးနှုန်း ပြောဆိုတာပါ။

အကြမ်းဖက်ဝါဒီတွေ နောက် သူတို့ အပေါ် လွှမ်းမိုးနေတဲ့ အစ္စလာမ္မစ် အစွန်းရောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းတာမှာ တာဝန်ရှိတဲ့ နိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း သမ္မတက ပြောပါတယ်။ အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက် ဝါဒကို အဆုံးသတ်ရမှာဖြစ်ကြောင်း ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံ နောက် တကမ္ဘာလုံးကို ပြိုကွဲသွားခွင့် မပြုနိုင်တဲ့ အတွက် ဖြစ်တယ်လို့ အမေရိကန် ခေါင်းဆောင်က ပြောဆိုပါတယ်။ နောက် ဗင်နီဇွဲလား နိုင်ငံအရေးနဲ့ ပတ်သက်ပြီးလည်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့ရေးရာတွေမှာ အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် ခေါင်းဆောင်က ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG