ဒီမိုကရက်လွှတ်တော်အမတ်တဦးရဲ့ သမ္မတ Trump အပေါ်တရားစွဲနိုင်ရေးအဆို ကန်အောက်လွှတ်တော်ရွှေ့ဆိုင်း

အမေရိကန်လွှတ်တော် (ဗီအိုအေ)

အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုအရေးယူဖို့ ဒီမိုကရက် လွှတ်တော်အမတ်တဦးရဲ့ အဆိုပြုချက်နဲ့ ပတ်သတ်ပြီး ရွှေ့ဆိုင်းထားဖို့ အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ လအတွင်း တက္ကဆပ်ပြည်နယ်က အောက်လွှတ်တော်အမှတ် Al Green က ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးအတည်ပြုဖို့ ၂ ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ ဒီမိုကရက်တွေရဲ့ အဆိုပြုချက်ကို ရွှေ့ဆိုင်းဖို့ ထောက်ခံမဲ ၃၅၅ မဲ၊ ကန့်ကွက်မဲ ၆၆ မဲနဲ့ အောက်လွှတ်တော်က အခုလို ဆုံးဖြတ်လိုက်တာပါ။ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တွေနဲ့ ရုရှားတို့ကြား ပူးပေါင်းကြံစည်မှုတွေ ရှိခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးခင်မှာ ထရမ့်ကို တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက်တာဟာ ဆန္ဒစောလွန်းနေတယ်လို့ ရီပတ်ဘလစ်ကန်အမတ်တွေက ပြောပါတယ်။

သမ္မတလုပ်ေဆောင်နေတာတွေနဲ့ ပတ်သက်ပြိး လက်ခံနိုင်စရာမရှိဘူးလို့ အောက်လွှတ်တော်အမတ် Green က ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်အတွင်း ပြောကြားခဲ့ပါတယ်။ ဟေတီနဲ့ အာဖရိကနိုင်ငံတွေကို သမ္မတက ချိုးချိုးနှိမ်နှိမ် ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် နိုင်ငံတကာက ဝေဖန်ပစ်တင်လာတဲ့အကြောင်းကို ဂရင်းက ထောက်ပြပြီး အမေရိကန်ပြည်ထောင်စုအတွင်း ပြောပလောက်တဲ့ အကြောင်းအရာတွေမဟုတ်တာတွေကို ပြောဆိုဆွေးနွေးနေရတဲ့ အခြေအနေ အနိမ့်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။

ဥပဒေပြုလွှတ်တော်အမတ်တွေအနေနဲ့လည်း သမ္မတရဲ့ အခုလို ပြုမူဆောင်ရွက်ချက်တွေကို လက်မခံသင့်ဘူးဆိုပြီး သူက တိုက်တွန်းသလို သမ္မတကို တရားစွဲဆို အရေးယူမယ့် သူ့အဆို အောင်မြင်ဖို့ နောက်ထပ်လည်း အကြိမ်ကြိမ်ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်လွှတ်တော်အမတ်တဦးရဲ့ သမ္မတ Trump အပေါ်တရားစွဲနိုင်ရေးအဆို ကန်အောက်လွှတ်တော်ရွှေ့ဆိုင်း