သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်အရေး လွှတ်တော်မှာ သဘောတူညီမှုမရလို့ ကန်အစိုးရယန္တယားရပ်ဆိုင်း


သမ္မတထရမ့် နဲ့ လွှတ်တော်ပါတီ ၂ ရပ်ခေါင်းဆောင်များ (ဓါတ်ပုံ-အေပီ)
သမ္မတထရမ့် နဲ့ လွှတ်တော်ပါတီ ၂ ရပ်ခေါင်းဆောင်များ (ဓါတ်ပုံ-အေပီ)

ဘဏ္ဍာရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ သဘောတူညီချက်မရနိုင်တဲ့ အတွက် အမေရိကန် အစိုးရရဲ့လုပ်ငန်းတွေ သောကြာနေ့ညကစလို့ ရပ်ဆိုင်းလိုက်ရပါပြီ။ အမေရိကန်သမ္မတ Donald Trump ရဲ့ သမ္မတသက်တမ်း တနှစ်ပြည့်ချိန်မှာပဲ အစိုးရ ယန္တယား ရပ်ဆိုင်းလိုက်ရတဲ့ အဖြစ်နဲ့ ကြုံရတဲ့အပေါ် သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီနဲ့ အတိုက်အခံ ဒီမိုကရက်ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အပြန်အလှန် အပြစ်ဖို့နေကြတာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို လွှတ်တော်တွင်းက လူများစု ရီပတ်ဘလစ်ကန်တွေနဲ့ လူနည်းစု ဒီမိုကရက်တွေကြား နောက်ဆုံးအချိန်အထိ ညှိနှိုင်းလို့ မရခဲ့ရာက အမေရိကန် အစိုးရယန္တယား ရပ်ဆိုင်းလိုက်ရတဲ့အထိ ဖြစ်ခဲ့တာပါ။ အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေမူကြမ်းကို အစိုးရရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် သန်းခေါင်ယံအချိန်မတိုင်ခင်မှာပဲ သောကြာနေ့ညပိုင်း အထက်လွှတ်တော်မှာ မဲခွဲခဲ့ရာမှာတော့ ကိုယ်စားလှယ် ၁၀၀ ရှိတဲ့အထဲက လိုအပ်တဲ့မဲ ၆၀ မပြည့်ဘဲ ထောက်ခံမဲ ၅၀ သာ ရခဲ့ပြီး အရေးနိမ့်ခဲ့တာပါ။ အထက်လွှတ်တော် လူများစု ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကတော့ လွှတ်တော်မှာ မဲခွဲမဆုံးဖြတ်မီ သမ္မတအိမ်ဖြူတော်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီမိုကရက်တွေကို အပြစ်တင်ခဲ့တာပါ။

“သန်းပေါင်းများစွာသော အမေရိကန်တွေကို ဘေးချိတ်ထားပြီး၊ တာဝန်မဲ့စွာနဲ့ နိုင်ငံရေး ကစားဖို့အတွက် ဒီမိုကရက်အထက်လွှတ်တော် အမတ်တွေရဲ့ မရိုးသားတဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်မှာတွေ့ခဲ့ကြရတာပါ။ တကယ်ဆိုရင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အရေးကနေ ရာနှုန်းပြည့် ရှောင်ရှားနိုင်မှာပါ။”

အမေရိကန် ပြည်ထောင်စုကို မိဘတွေနဲ့အတူ တရားမဝင် ရောက်လာကြသူ သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးထားတဲ့အစီအစဉ်ကို ဘဏ္ဍာရေး ဥပဒေမှာထည့်သွင်းဖို့ ဒီမိုကရက်တွေကတာင်းဆိုနေပေမဲ့၊ အစိုးရနဲ့ ရီပတ်ဘလစ်ကန်တွေက ဆန့်ကျင်နေကြသလို၊ နယ်စပ်လုံခြုံရေးအတွက် တံတိုင်းကာရံမယ့် အစီအစဉ်ကို ထည့်သွင်းဖို့ သမ္မတနဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ လိုလားချက်တွေကိုလည်း ဒီမိုကရက်ဘက်က ငြင်းဆန်ထားကြတာ ဖြစ်ပါတယ်။ အထက်လွှတ်တော် လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ အစိုးရ ယန္တယား ရပ်ဆိုင်းရတာဟာ သမ္မတ Donald Trump မှာ အဓိက တာဝန်ရှိကြောင်း ပြောဆိုခဲ့တာပါ။

“ဒီတကြိမ် အစိုးရယန္တယား ရပ်ဆိုင်းရတာဟာ သမ္မတ Trump ရပ်ဆိုင်းမှုလို့ ခေါ်ရပါလိမ့်မယ်။ ဒီအခြေအနေအထိ ဖြစ်ခဲ့တဲ့အပေါ် အပြစ်တင်ရမယ့်သူဟာ သမ္မတ Trump ကလွဲလို့ တခြားလူမရှိပါဘူး။ နယ်စပ်တံတိုင်းအစီအစဉ်ကိုတောင် ထည့်သွင်းဆွေးနွေးခဲ့တဲ့ ပါတီ ၂ ရပ်ပေါင်းရဲ့ ညှိနှိုင်းမှုတွေကို ပစ်ပယ်ခဲ့တာဟာလည်း သမ္မတပဲဖြစ်ပါတယ်။”

အစိုးရယန္တယား ရပ်ဆိုင်းလိုက်ရတဲ့အပေါ် အပြန်အလှန် အပြစ်ဖို့နေကြတဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေကြား နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမယ်လို့လည်း အကဲခတ်တွေ ယူဆနေကြတာပါ။ အစိုးရနဲ့ လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန် ပါတီနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ဒီမိုကရက်တွေရဲ့ လုပ်ရပ်ဟာလည်း နိုင်ငံရေးအရ ကြီးမားတဲ့ မဟာဗျုဟာ အပြောင်းအလဲ တရပ်အဖြစ်နဲ့လည်း မြင်ကြပါတယ်။ AP သတင်းဌာနရဲ့ ဝါရှင်တန်ဗျုရို အကြီးအကဲ Julie Pace ကတော့ ၂ ဘက်စလုံးက နိုင်ငံရေး တွက်ကိန်းနဲ့ တုန့်ပြန်နေပုံရတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေး အခြေအနေက ရှုတ်ထွေးပြီး အပြောင်းအလဲတွေကလည်း မြန်ပါတယ်။ ပါတီ ၂ ခုစလုံးကတော့ ဒီနှစ်ရွေးကောက်ပွဲအပေါ် ဆိုးကျိုးတွေ ရိုက်ခတ်မလာဖို့ မျှော်လင့်နေကြတာပါ။ ရှေ့လာမယ့် လတွေအတွင်း ဖြစ်လာနိုင်တာတွေလည်း အများကြီးရှိနေပါတယ်။”

အစိုးရယန္တယား ရပ်ဆိုင်းလိုက်ရတဲ့အချိန်ဟာ သမ္မတ Trump အစိုးရသက်တမ်း တနှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေတာပါ။ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ ဒီအခြေအနေတွေ အားလုံးကို သမ္မတကိုယ်တိုင် ဖန်တီးခဲ့တာလို့ ဝေဖန်ပါတယ်။

“မနက်ဖြန်ဆိုရင် သမ္မတ Trump လွှတ်တော် အဆောက်အဦးရှေ့မှာ ကျမ်းသစ္စာကျိန်ဆို တာဝန်ယူတာ တနှစ်ပြည့်ပါပြီ။ ကံဆိုးချင်တော့ ဖရိုဖရဲဖြစ်အောင် သူလုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သမ္မတ Trump အစိုးရယန္တယား ရပ်ဆိုင်းရတဲ့ အဖြစ်နဲ့ ကြုံရပါတယ်။ သူဟာ ကျနော်တို့ အားလုံးကို စုစည်းရမယ့်အစား၊ အကွဲကွဲအပြားပြားဖြစ်အောင် လုပ်ခဲ့တာပါ။”

အစိုးရသက်တမ်း တနှစ်ပြည့်ချိန် ကြုံခဲ့ရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို သမ္မတ Trump ရဲ့ တုန့်ပြန်မှုတွေနဲ့အတူ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့လည်း AP သတင်းဌာနက Julie Pace က သုံးသပ်ပါတယ်။

“သမ္မတအဖြစ် Trump က ကျမ်းသစ္စာကျိန်ဆို တာဝန်ယူတာ တနှစ်ပြည့်ချိန်မှာပဲ၊ အစိုးရယန္တယားရပ်ဆိုင်းရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတာပါ။ ဒါက ဘယ်သမ္မတအတွက်မှ မကောင်းပါဘူး။ သူ့အတွက်လည်း ထိုးနှက်ချက်ဖြစ်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒီမိုကရက်တွေအပေါ် အပြစ်ဖို့ဘို့လည်း ကြိုးစားပါလိမ့်မယ်။ အစိုးရလုပ်ငန်းတွေ ရပ်လိုက်ရတဲ့အပေါ် လူတွေစိတ်ပျက်လာပြီး၊ ဘဏ္ဍာရေး အသုံးစရိတ် ကိစ္စမှာ လူဝင်မှု ကြီးကြပ်ရေး ကိစ္စအတွက် ဒီမိုကရက်တွေက ဘာကြောင့် အတိုက်အခံလုပ်နေသလဲဆိုပြီး စဉ်းစားတာမျိုး ဖြစ်လာဖို့လည်း မျှော်လင့်နိုင်ပါတယ်။ အစိုးရယန္တယားကို တပတ်ရပ်ထားမလား၊ ၂ ပတ် ရပ်ထားမလား၊ Trump က ဘယ်လောက်အထိ တောင့်ခံမလဲဆိုတာကိုပဲ ကျမတို့က စောင့်ကြည့်နေပါတယ်။”

သမ္မတဟောင်း Barack Obama လက်ထက်မှာတုန်းကလည်း နိုင်ငံရေးအရ ကွဲပြားမှုတွေကြောင့် အစိုးရလုပ်ငန်းတွေကို ၁၆ ရက်ကြာ ရပ်ထားခဲ့ရတဲ့အထိပါ။ အစိုးရဝန်ထမ်းတွေ အများအပြား အလုပ်မဆင်းနိုင်တာ၊ နိုင်ငံအနှံ့က အများပြည်သူ လည်ပတ်စရာ ပန်းခြံတွေ ပိတ်ထားရတာလို့ အခြေအနေမျိုးတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အစိုးရရဲ့ ယန္တယားရပ်ဆိုင်းရတဲ့အတွက် တိုင်းပြည်စီးပွားရေးကို ချက်ခြင်းလက်ငင်း သက်ရောက်မှုတွေ တွေ့ရမှာ မဟုတ်ပေမဲ့လည်း ဘဏ္ဍာငွေကြေးဈေးကွက်တွေမှာတော့ ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG