ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၊ ဗီယက်နမ် ဝန်ကြီးချုပ်တို့ နှင့် သီးခြားစီဆွေးနွေး

အိန္ဒိယဝန်ကြီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ။

အိန္ဒိယသမ္မတနိုင်ငံတော်နေ့နဲ့ ၂၅ ကြိမ်မြောက် AICS အိန္ဒိယ -အာဆီယံ ထိပ်သီး အစည်းဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ၂ နိုင်ငံ အကျိုးစီးပွါးဆိုင်ရာ ကိစ္စရပ်တွေနဲ့အတူ ၂၀၁၇ စက်တင်ဘာလ ဝန်ကြီးချုပ် Modi မြန်မာနိုင်ငံ လာရောက်စဉ်က အလေးထားဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေအပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး ရှေ့ရှောက် ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် S. Jaishankar ဒီဇင်ဘာက မြန်မာနိုင်ငံကို လာရောက်စဉ် အိန္ဒိယ- မြန်မာ ၂ နိုင်ငံကြား ရခိုင်ဖွံ့ဖြိုးရေး အစီအစဉ်ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့အပြီးမှာ အခုလို အိန္ဒိယဝန်ကြီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာ လည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီက သမ္မတအိမ်တော်မှာ ကျင်းပတဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သီးသန့် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အိန္ဒိယနဲ့ အာဆီယံနိုင်ငံ များအကြား ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းနဲ့ပါ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ အာဆီယံ ဆယ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အိန္ဒိယဝန်ကြီးချုပ်က ပင်လယ်၊ သမုဒ္ဒရာရေပြင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ စံနစ်တကျချပြီး ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုကို တည်ဆောက်ဖို့ အာဆီယံနိုင်ငံတွေရဲ့ အမြင်ဟာ အိန္ဒိယနဲ့ ထပ်တူဖြစ်ကြာင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ ရေကြောင်း လွတ်လပ်မှုကို ဦးစားပေးလုပ်ဆောင်ဖို့ ပန်ကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၊ ဗီယက်နမ် ဝန်ကြီးချုပ်တို့ နှင့် သီးခြားစီဆွေးနွေး