ဘင်္ဂလားဒေ့ရှ်ရောက် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦး ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်တွေနဲ့တွေ့မည်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ အီရန်နိုင်ငံက Shirain Ebadi (ဝဲ) နဲ့ ယီမင်နိုင်ငံက Tawakkol Karman (ယာ) တို့ နှစ်ဦး (ဓါတ်ပုံ-ရိုက်တာ)

အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၃ ဦးဟာ အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေပါတယ်။

အစိုးရစစ်သားတွေရဲ့ မတရားပြုကျင့် နှိပ်စက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံဖို့ စနေနေ့က စတင်လိုက်တဲ့ ဒီခရီးစဉ်မှာ အီရန်နိုင်ငံက Shirain Ebadi ၊ ယီမင်နိုင်ငံက Tawakkol Karman နဲ့ မြောက်အိုင်ယာလန်က Mairead Maguire (မာဂီးဒေး) ပါဝင်ပြီး သူတို့ ၃ ဦးဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ရိုဟင်ဂျာအမျိုးသမီးတွေ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို ဒီခရီးစဉ်အတွင်းမှာ လေ့လာသွားမှာဖြစ်ကြောင်း အမျိုးသမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအဖွဲ့ကို အမျိုးသမီး နိုဘယ်လ်ဆုရှင် ၆ ဦးနဲ့ ၂၀၁၆ ခုနှစ်က ဖွဲ့စည်းထားတာပါ။ ဆုရှင်တဦးဖြစ်တဲ့ Tawakkol Karman က သူတို့အဖွဲ့အနေနဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ အတူရပ်တည်သွားမှာဖြစ်ကြောင်းနဲ့ သူတို့တွေရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်တွေကို အားလုံးသိရအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အေပီသတင်းသတင်းဌာနကို ရေးသားပေးပို့တဲ့ အီးမေးထဲမှာ ဖေါ်ပြထားပါတယ်။ ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့အနီးမှာ မနေ့က သောကြောနေ့က ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသား အကူအညီပေးရေးအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။

NGO အဖွဲ့ဝင် အဲဒီ အကူအညီပေးရေးလုပ်သား ၁၁ ဦးဟာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်အထောက်အထားတွေကို မပြနိုင်တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အဆင့်မြင့် ရဲအရာရှိတဦးက ဒီကနေ့ ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ဗြိတိန်နိုင်ငံသား ၂ ယောက်၊ အီတလီနိုင်ငံသား ၂ ယောက်၊ တူရကီ၊ နယ်သာလန်၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ကိုရီးယားနဲ့ ကင်ညာနိုင်ငံက တယောက်စီပါဝင်ပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနေထိုင်တဲ့ စခန်းတွေကို သွားနေတဲ့လမ်းမှာ အခုလို ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။ အဲဒီနောက် သူတို့ဟာ ဒုက္ခသည်စခန်းတွေကို ထပ်မံသွားရောက်မှာမဟုတ်သလို ခွင့်ပြုချက်မရဘဲ သွားမှာ မဟုတ်တော့ကြောင်း အာမခံ ကတိပေးတဲ့အတွက်ပြန်လွှတ်ပေးလိုက်တာလို့ Ukhiya ခရိုင်ရဲဌာနခွဲက တာဝန်ခံရဲအရာရှိ Mohammad Abul Khair က ပြောပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ရောက် အမျိုးသမီးနိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦး ရိုဟင်ဂျာအမျိုးသမီးဒုက္ခသည်တွေနဲ့တွေ့မည်