နယ်စပ်ဖြတ် ခိုလှုံခွင့်တောင်းသူတွေအပေါ် အမေရိကန် လူ့အခွင့်အရေးချိုးဖောက်

အမေရိကန်တောင်ပိုင်းက နယ်စပ်ဒေသမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအပေါ် အမေရိကန် အစိုးရက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် - လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

AI အဖွဲ့က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဗဟိုအစိုးရ နယ်ခြားနဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ အရာရှိတွေကို ကြီးကြပ်ရတဲ့ အမိမြေလုံခြုံရေး ဌာနရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ တွေကို စံနစ်တကျ စီမံကိန်းချပြီး ပြန်ပို့ဖို့ လုပ်ဆောင်နေတယ်လို့ AI အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ကို တရားဝင် စာရွက်စာတမ်းမပါပဲ ကျော်ဖြတ်လာသူတွေအပေါ် “zero tolerance” ခေါ် လုံးဝသည်းမခံတဲ့ Trump အစိုးရ အဖွဲ့ရဲ့ မူဝါဒအရ မိသားစုတွေကို တကွဲတပြား ခွဲထားပြီး အဲဒီမိသားစုတွေနဲ့ ခွဲထားတဲ့ ကလေးငယ် အရေအတွက်ကို အမေရိကန် အစိုးရက တိတိကျကျ ထုတ်ပြန်မပေးဘူးလို့လည်း AI အဖွဲ့က ပြောပါတယ်။

Trump အစိုးရအဖွဲ့ဟာ အမေရိကန် - မက်ဆီကို နယ်စပ်ဒေသကို လုံခြုံရေး အတွက် ခိုလှုံလာတဲ့ လူတွေကို တားဆီးပြီး အပြစ်ပေးဖို့ အမိန့်ထုတ်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ Amnesty International အဖွဲ့ရဲ့ အမေရိက နိုင်ငံများ ဆိုင်ရာ ဒါရိုက်တာ Erika Guevara-Rosas ကပြောပါတယ်။

အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ အပေါ် လုပ်ဆောင်ချက်တွေဟာ အမေရိကန် ပြည်ထောင်စုဟာ ဒုက္ခသည်တွေကို လက်ခံ ကြိုဆိုတော့မှာ မဟုတ်ဖူးဆိုတဲ့ Trump အစိုးရအဖွဲ့ ရဲ့ မူဝါဒကို တကမ္ဘာလုံးသိအောင် ကြေညာဖို့ ကြိုးစားတာ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

နယ်စပ်ဖြတ် ခိုလှုံခွင့်တောင်းသူတွေအပေါ် အမေရိကန် လူ့အခွင့်အရေးချိုးဖောက်