ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက်ကို ဥရောပ သမဂ္ဂဘက်က အတည်ပြုလိုက်ပါပြီ။ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့က ဥရောပ သမဂ္ဂ ခေါင်းဆောင် ၂၇ ဦးရဲ့ ဆွေးနွေးပွဲ အတွင်း ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက်နဲ့ အနာဂတ်မှာ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး နိုင်ငံရေး ကြေညာချက်ကို အတည်ပြုခဲ့ကြတယ်လို့ ဥရောပ ကောင်စီ ဥက္ကဌ Donald Tusk က ဒီကနေ့ တနင်္ဂနွေနေ့မှာ တွစ်တာ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။
စာမျက်နှာ ၆၀၀ နီးပါး ပါတဲ့ သဘောတူညီချက်မှာတော့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ် ဖော်ပြထားသလို အနာဂတ် ဆက်ဆံရေး မူဘောင်ကိုလည်း ချမှတ်ထားပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Theresa May အနေနဲ့တော့ လူကြိုက်မများလှတဲ့ ဒီသဘောတူညီချက်ကို ဗြိတိန် လွှတ်တော်ဘက်က အတည်ပြုချက်ရရေး ရင်ဆိုင်ရမှာပါ။
လွှတ်တော်ဘက်က အတည်ပြုမှ EU နဲ့ သဘောတူညီချက်ကို လက်တွေ့ကျင့်သုံးနိုင်မှာပါ။ တကယ်လို့ လွှတ်တော်ဘက်က သဘောတူညီချက် မရဘူးဆိုရင်တော့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ စီးပွားရေး ဖရိုဖရဲ ဖြစ်တာကို လျှော့ချပေးရေး သဘောတူညီချက် မရှိဘဲ EU အဖွဲ့ကြီးကနေ ဗြိတိန်တို့ နုတ်ထွက်ရမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် မေ ရဲ့ ကွန်ဆာဗေးတစ် ပါတီဘက်ကတောင် ထောက်ခံဖို့ မသေချာတဲ့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက် အပေါ် ဗြိတိန် ပြည်သူတွေ ထောက်ခံကြဖို့ ဝန်ကြီးချုပ် မေရဲ့ပန်ကြားချက် အိတ်ဖွင့်ပေးစာကိုတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဗြိတိန် သတင်းစာကြီးတွေမှာ ဖော်ပြခဲ့ကြပါတယ်။
Your browser doesn’t support HTML5
ခွဲထွက်ရေးကိစ္စ EU နဲ့ UK သဘောတူညီချက်ရ