Canada နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Huawei နည်းပညာကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲကို ဒီကနေ့ ရုံးထုတ်ဖို့ရှိပြီး သူ့ကိုအာမခံပေး မပေးကြားနာဆုံးဖြတ်မှာဖြစ်ပါတယ်။
Meng Wanzhou ကို မသာမာမှုစွဲချက်တွေနဲ့ တရားစွဲချင်နေတဲ့ အမေရိကန်ပြည်ထောင်စုကို လွဲှပြောင်းပေးသင့် မသင့် မဆုံးဖြတ်ခင် သူ့ကို အာမခံမပေးသင့်ဘူးလို့ Canada အစိုးရရှေ့နေတွေက ပြောပါတယ်။ သူ့ရဲ့ရှေ့နေကတော့ ကျန်းမာရေးကြောင့် အာမခံရသင့်တယ်လို့ပြောပါတယ်။ Meng Wanzhou ကိုဖမ်းဆီးထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အနေနဲ့ တရုတ်အစိုးရက တရုတ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး အင်မတန်ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို အမေရိကန်က ဆိုးဆိုးဝါးဝါး ချိုးဖောက်လိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ အင်မတန်ဆိုးဝါးတယ်လို့ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး Le Yucheng က အမေရိကန်သံအမတ်ကြီး Terry Branstad ကိုပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို Meng Wanzhou ကချိုးဖောက်ထားတယ်လို့ဆိုပြီး သူ့ကိုအမေရိကန်ကိုလွှဲပြောင်းပေးအပ်ဖို့ Canada အစိုးရကို တောင်းဆိုထားတာပါ။ ဒီတောင်းဆိုချက်ကို အမေရိကန်က ရုတ်သိမ်းပေးဖို့လည်း အမေရိကန်သံအမတ်ကြီးကို တရုတ်ကတောင်းဆိုခဲ့ပါတယ်။ Meng Wanzhou ဟာ ဒီဇင်ဘာ ၁ ရက်နေ့က Vancouver လေဆိပ်မှာ ခရီးတထောက်နားစဉ် Canada အစိုးရက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5