ဇင်ဘုန်းတော်ကြီးသစ်နက်ဟန် ထားရှိခဲ့တဲ့အမွေ

ဗီယက်နမ်နိုင်ငံ ဟွေမြို့က တူဟျူဘုရားမှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားအတွင်း ဘုန်းတော်ကြီး သစ်နက်ဟန်ရဲ့ ခန္ဓာကို အခေါင်းသွင်းဖို့ သံဃာတော်တွေ သယ်ဆောင်လာတာဖြစ်ပါတယ်။ Mindfulness လို့ခေါ်တဲ့ “ခန္ဓာမှာ သတိမြဲခြင်း” သဘောတရားကို ကမ္ဘာကြီးနဲ့ ထိတွေ့ပေးခဲ့တဲ့ ဇင်ဘာသာရေး အထွတ်အထိပ်ဆရာတော် သစ်နက်ဟန်ဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့က ပျံလွန်တော်မူခဲ့တာပါ။ ဟွေမြို့ ဇာတိ ဆရာတော်ဟာ မြို့ခံ ဇင်ဘာသာရေးဘုန်းကြီးကျောင်းမှာ အသက် ၁၆နှစ်အရွယ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့တာဖြစ်ပြီး ခန္ဓာဝန်ချချိန်မှာတော့ သက်တော် ၉၅ နှစ်ရှိပါပြီ။ ဈာပနအခမ်းအနားပြီးရင်တော့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို မီးသဂြိုလ်ပြီး အရိုးပြာကို ပြင်သစ်မှာ သူတည်ထောင်ခဲ့တဲ့ ဇီးတောကျောင်းတိုက်နဲ့ နှီးနွှယ်မှုရှိတဲ့ ကမ္ဘာတဝှမ်းက ဘုန်းကြီးကျောင်းတွေမှာ ပူဇော်ထားရှိမှာဖြစ်ပါတယ်။

ဆရာတော်သစ်နက်ဟန်ရဲ့ ဈာပနကို ဗီယက်နမ်နဲ့ ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့ ဒကာ၊ ဒကာမတွေ တက်ရောက်ကြပါတယ်။ ဒီဈာပနဟာ ၇ရက်တာ အေးချမ်းစိတ်ငြိမ်ရေးကာလလည်းဖြစ်ပြီး တက်ရောက်သူတွေဟာ သတ်မှတ်ချိန်အတိုင်း တရားထိုင်တာ၊ လမ်းလျှောက်ရင်း တရားအားထုတ်တာတွေ လုပ်ဆောင်ကြပါတယ်။

သမ္မတ လင်ဒန်ဂျွန်ဆင်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ရိုးသားတယ်လို့ ဗီယက်နမ်လယ်သမားတွေက မယုံကြည်ကြောင်း ၁၉၆၆ခုနှစ် မေလ ၁၆ရက်နေ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲတခုအတွင်း ဆရာတော်သစ်နက်ဟန်က မိန့်ကြားခဲ့ပါတယ်။ အဲဒီအချိန်က ဆရာတော်ဟာ Buddhist Weekly စာစောင်ရဲ့ အယ်ဒီတာဖြစ်သလို ဆိုင်ဂုံက ဗန်ဟန်ဗုဒ္ဓတက္ကသိုလ်ရဲ့ လူမှုရေးသိပ္ပံဌာနက ညွှန်ကြားရေးမှူးလည်းဖြစ်ပါတယ်။ စစ်ပွဲအဆုံးသတ်ရေးဟာ ဗီယက်နမ်လူထုရဲ့ အရေးကြီးဆုံးဆန္ဒဖြစ်လာကြောင်း၊ စစ်ပွဲအတွင်း အမေရိကန်စစ်သားတွေသတ်ခဲ့တဲ့ အပြစ်မဲ့တောင်သူလယ်သမားဦးရေဟာ ဗီယက်ကောင်းတော်လှန်ရေးသမားသေဆုံးမှုဦးရေထက် ကျော်လွန်တယ်လို့ သူယုံကြည်ကြောင်းလည်း ဆိုပါတယ်။

၁၉၆၆ မေလ ၃၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ဆရာတော်သစ်နက်ဟန်ဘေးနဲ့အတူ ဒေါက်တာမာတင်လူသာကင်းဂျူနီယာဟာ ဗီယက်နမ်မှာ အမေရိကန်ဗုံးကြဲမှုကို ရပ်တန့်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဆရာတော်ဟာ အဲဒီအချိန်က စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ပြည်ထောင်စုတွင်း လှည့်လည်စည်းရုံးလှုံ့ဆော်နေတာဖြစ်ပါတယ်။ ဆရာတော်ကို အဲဒီနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ဒေါက်တာကင်းဟာ နာမည်တင်သွင်းခဲ့ပါတယ်။ ဒီလိုဂုဏ်ယူဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဟာ တဖက်မှာလည်း ဆရာတော်အတွက်တော့ ကွန်မြူနစ်ဆန့်ကျင်ရေး ခေါင်းဆောင်တွေရဲ့ အငြိုးအတေးခံခဲ့ရလို့ ဗီယက်နမ်ကို စွန့်ခွာခဲ့ရပြီး ပြင်သစ်မှာ နောက်ထပ် ၃၉ နှစ်ကြာအောင် နေထိုင်ခဲ့ရပါတယ်။

သူတည်ထောင်ခဲ့တဲ့ ဇီးတောကျောင်းတိုက် အနှစ်၂၀ ပြည့်အထိမ်းအမှတ်နဲ့ ၂၀၀၂ခုနှစ်မှာ လမ်းလျှောက်ရင်း တရားမှတ်တဲ့ချီတက်ပွဲတခုကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီကျောင်းကို ၁၉၈၂ခုနှစ် ပြင်သစ်နိုင်ငံ အနောက်တောင်ဒေသက ဘော့ဒိုးမြို့အနီးမှာ ဆရာတော် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းမှာပဲ ခန္ဓာမှာသတိမြဲခြင်း Mindfulness ကို ဟောကြားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဒီသဘောတရားကို တကမ္ဘာလုံးက နားလည်နေကြပြီဖြစ်ပါတယ်။ ဇီးတောကျောင်းတိုက်ဟာ အနောက်တိုင်းမှာ “အကြီးမားဆုံးနဲ့ အစွဲဆောင်ဆုံး ဗုဒ္ဓဘုန်းကြီးကျောင်းတဆောင်” ဖြစ်လာပြီး ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့လူအရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း တရားကျင့်ဖို့ရောက်လာတဲ့ နေရာတခုဖြစ်ပါတယ်။

၂၀၀၄ခုနှစ် သြဂုတ်လအတွင်း အာရပ်ကလေးငယ်အုပ်စုတစုနဲ့အတူ ဇီးတောကျောင်းတိုက်အတွင်း တွေ့ရတာဖြစ်ပါတယ်။ အစ္စရေးမှာရှိတဲ့ အာရပ်နဲ့ ဂျူးလူမျိုးတွေကြား တွေ့ဆုံဆွေးနွေးရေးကြိုးပမ်းမှုတွေကြောင့်လည်း ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းဟာ အသိမှတ်ပြုခံရပါတယ်။ ဗီယက်နမ်စစ်ပွဲ ၁၉၇၅ခုနှစ်မှာ ပြီးဆုံးသွားပေမယ့် ဆရာတော်ဟာ စစ်ဆန့်ကျင်ရေးလုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၉ ရက်နေ့တိုက်ခိုက်ခံရမှုအပြီး အမေရိကန်ဦးဆောင်တဲ့ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေအပေါ်မှာလည်း သူဟာ ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

ပြည်ပြေးဘဝနဲ့ ပြင်သစ်မှာနေထိုင်ပြီး ဗီယက်နမ်ကို ပထမဆုံးအကြိမ် ၂၀၀၅ခုနှစ်မှာ ပြန်ရောက်တုန်းက ဟနွိုင်းမြို့ ဘိုဒီဘုရား သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းတွေကို ဖြေကြားနေတာဖြစ်ပါတယ်။ ပြင်သစ်နဲ့ အမေရိကန်အများစုပါတဲ့ သူရဲ့ နောက်လိုက် အဖွဲ့ဝင် ၂၀၀ ကို ဦးဆောင်ပြီး ဆရာတော်ဟာ နိုင်ငံအတွင်း ၃လကြာအောင် နေခဲ့ပါတယ်။ နောက်ထပ်လည်း ၄ကြိမ် အလည်အပတ်ရောက်ရှိခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်း သေဆုံးခဲ့သူတွေအတွက်ရည်စူးတဲ့အနေနဲ့ ၂၀၀၇ခုနှစ်က ဟိုချီမင်းမြို့ စေတီတဆူမှာ ဆုတောင်းပွဲတခု ဆရာတော်ဦးဆောင်ပြီး ၃ရက်တာ ကျင်းပခဲ့ပါတယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေကလည်း သူ့ကိုကြိုဆိုခဲ့ပါတယ်။ ၂၀၀၈မှာတော့ ဗီယက်နမ်အစိုးရက သူ့အပေါ် မကျေမလည်ဖြစ်ပြီး ဘက်နာဘုန်ကြီးကျောင်းမှာ စုဝေးနေတဲ့ သူ့နောက်လိုက်တွေကို ဒေသခံအာဏာပိုင်အဖွဲ့က ဖြိုခွင်းခဲ့လို့ အတော်များများ ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ရပါတယ်။

၂၀၀၇ခုနှစ် မေလ ဘန်ကောက်မြို့မှာကျင်းပတဲ့ (ကဆုန်လပြည့်)ဗုဒ္ဓနေ့ ကုလသမဂ္ဂရဲ့ ၄ကြိမ်မြောက် ဗုဒ္ဓညီလာခံအတွင်း ဆရာတော်သစ်နက်ဟန် ဟောကြားနေတာဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ဆရာတော်ဟာ ကိုလံဘီယာနဲ့ ပရင်စတန်လို တက္ကသိုလ်တွေမှာ သင်ကြားပြသခဲ့ဖူးပါတယ်။ ၂၀၀၆ အောက်တိုဘာလ ယူနက်စကိုဌာနချုပ်အတွင်း ဟောကြားမှုမှာတော့ ဆရာတော်ဟာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲနဲ့ ဥတုရာသီပြောင်းလဲမှုတွေကို တန်ပြန်လုပ်ဆောင်ဖို့ အလေးအနက်တောင်းဆိုခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ ဂူဂယ်လ်ကုမ္ပဏီ၊ ကမ္ဘာ့ဘဏ်နဲ့ ဟားဗတ်တက္ကသိုလ်ဆေးကျောင်းမှာ ခန္ဓာမှာသတိမြဲခြင်း (Mindfulness) သင်တန်းတွေ ပို့ချခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးနေ့တွေကို သူ့အမိမြေမှာပဲ ကုန်ဆုံးစေလိုတဲ့ ဆန္ဒကြောင့် ဆရာတော်ဟာ ၂၀၁၈ခုနှစ်မှာ ဗီယက်နမ်ကို အပြီးပြန်လာခဲ့ပါတယ်။ ပျံလွန်တော်မမူခင် နောက်ဆုံး ၃နှစ်နဲ့ ၃လကို ဟွေမြို့က တူဟျူဘုရားမှာ သီတင်းသုံးခဲ့ပါတယ်။ အဲဒီနေရာဟာ သူပထမဆုံး သာသနာ့ဘောင်ဝင်ခဲ့ပြီး ခန္ဓာမှာ သတိမြဲခြင်းသဘောတရား ကမ္ဘာကြီးကို ပြသခဲ့တာအပြင် ငြိမ်းချမ်းရေးလှုံ့ဆော်မှု စတင်ခဲ့ရာနေရာလည်းဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ အသက်အန္တရာယ်တိမ်းစောင်းလုနီးပါး လေဖြတ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အနာယူခဲ့ပြီးနောက်မှာမှ အမိမြေဆီ ပြန်ကြွခဲ့တာဖြစ်ပါတယ်။