[[ ZAWGYI/ UNICODE ]]
ဂိုဘာချော့ဗ် ကွယ်လွန်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး
တချိန်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ဟောင်း Mikhail Gorbachev ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာတလွှားက ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ဝမ်းနည်းစကား ပါးခဲ့ကြပါတယ်။ နာတာရှည် ရောဂါဒဏ် အပြင်းအထန် ခံစားနေရတဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်းဟာ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း ဆေးကုသမှုခံယူနေတဲ့ မော်စကိုမြို့တော် Central Clinical Hospital က သတင်းထုတ်ပြန်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီဖြစ်တဲ့ Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့ပြီး ကွန်မြူနစ်အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့သူအဖြစ် ထင်ရှားခဲ့ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါတယ်။ သူ့ရဲ့ "glasnost" "perestroika" စတဲ့ လွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ထင်ရှားခဲ့ပေမဲ့ ဆိုဗီယက်ယူနီယံကို ထိန်းထားဖို့ ကြိုးပမ်းမှုတွေကတော့ အောင်မြင်မှု မရခဲ့ပါဘူး။
ပြည်တွင်း၊ ပြည်ပက ရုရှားတချို့ကတော့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုင်းပြည်သြဇာအရှိန်အဝါ ကျဆင်းခဲ့ရတယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်ခဲ့ကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ သမိုင်းကြောင်းကို ပြောင်းလဲခဲ့သူ၊ စစ်အေးခေတ်ကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်အောင် စွမ်းဆောင်ခဲ့သူ အဖြစ်နဲ့ ပြောလိုက်ပါတယ်။
ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကလည်း ၂ ခြမ်းကွဲနေတဲ့ ဂျာမနီနိုင်ငံ ပေါင်းစည်းရေး ကြိုးပမ်းခဲ့သူအဖြစ် ချီးကျုးခဲ့ပေမဲ့၊ ရုရှားမှာ ဒီမိုကရေစီ ထွန်းကားအောင် ကြိုးပမ်းမှုတွေကတော့ အောင်မြင်မှု မရခဲ့ဘူးလို့လည်း ပြောဆိုခဲ့တာပါ။
ရာထူးကထွက်တော့မယ့် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ လက်ရှိ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းအပေါ် ရန်လိုနေချိန်မှာ ဆိုဗီယက်လူမှုအသိုင်းအဝိုင်းကို လွတ်လပ်ပွင့်လင်းအောင် မနားမနေ ကြိုးပမ်းခဲ့တဲ့ Gorbachev ရဲ့ စွမ်းဆောင်မှုတွေဟာ စံနမူနာကောင်းတွေအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden ကလည်း Gorbachev ဟာ အနာဂတ်ကို မှန်းမျှော်ကြည့်ပြီး အပြောင်းအလဲတွေ လုပ်ရဲတဲ့ ရှားရှားပါးပါး ခေါင်းဆောင်တဦးအဖြစ် ချီးကျုးလိုက်သလို၊ သူ့ကြိုးပမ်းမှုတွေရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာကြီးပိုမိုလုံခြုံခဲ့ရသလို၊ သန်းပေါင်းများစွာ လွတ်လပ်ခွင့်တွေ ရခဲ့ကြတယ်လို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
===================
{{ UNICODE }}