မြန်မာ့အရေး အာဆီယံကို ဗဟိုပြုစဉ်းစားမှု လူ့အခွင့်ရေးလှုပ်ရှားသူတွေ ဝေဖန်
ကုလ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတွေမှာ အာဆီယံကိုဗဟိုပြုစဉ်းစားနေတာတွေက လူထုကို အကျိုးမပြုဘဲ လက်တွေ့ အလုပ်မဖြစ်လို့ စိတ်ပျက်ကြောင်း ယူကေ နိုင်ငံက ဦးဆောင်ကျင်းပတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာအရပ်ဘက်အဖွဲ့စည်းကိုယ်စားပြုသူတွေ တက်ရောက်တဲ့ မေလ ၁၉ ရက် ကုလသမဂ္ဂရုံးချုပ်က အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာလူ့အခွင့်ရေးလှုပ်ရှားသူတွေက ဝေဖန် လိုက်ပါတယ်။
ဆိုင်ကလုန်း မိုခါ အပြီး အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အကြောင်း ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးပါမယ်။
ယူကေ နိုင်ငံက ဦးဆောင်ခေါ်ယူခဲ့တဲ့ လုံခြုံရေးကောင်စီ အလွတ်သဘော အစည်းအဝေးမှာ လက်ရှိ ဖြစ်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းနဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတာ အားလုံးက စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ကြောင်းနဲ့ အကူအညီမပေးရင် မရတဲ့ အလွန့်ကို ဆိုးရွားတဲ့ အခြေအနေမျိုးဆိုတာကို တက်ရောက်တဲ့ နိုင်ငံ အများစုက လက်ခံကြောင်း မြန်မာ အရပ်ဘက်အဖွဲ့ ကိုယ်စားပြု တက်ရောက်ခွင့်ရသူ နှစ်ဦးက ပြောပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နဲ့ ရုရှား နိုင်ငံတွေကတော့ အကူအညီပေးရာမှာ အချုပ်အခြာအာဏာ မထိပါးဖို့နဲ့ ပြည်တွင်းရေး မစွက်ဖက်လို ကိစ္စတွေ ထည့်ပြောပြီး ကျန်တဲ့ နိုင်ငံ အားလုံးကတော့ မြန်မာ့ အရေးကို ဝိုင်းဝန်ပူးပေါင်း ဖြေရှင်းဖို့ အရေးတကြီး လိုနေကြောင်း တညီတညွတ်တည်း ပြောကြတယ် ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ စင်မြင့်မှာ အရေးပါတဲ့ ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အခုလို မြေပြင်က အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ အသံကို အခုလို မကြာခဏ နားထောင်ဖို့ လိုကြောင်း တက်ရောက်တဲ့ နိုင်ငံတွေက အလေးထား ပြောသွားတာက အရေးကြီးပြီး အပြုသဘောဆောင်တယ်လို့ မြန်မာပြည်တွင်းက အကူအညီပေးရေး လူမှုအဖွဲ့တွေ ကိုယ်စား ဒီအစည်းအဝေးမှာ တက်ရောက် စကားပြောခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်မေစပယ်ဖြူက ဗွီအိုအေက ပြောပါတယ်။
"၈၀/၉၀ ရာခိုင်နှုန်းလောက်ပြောသွားတာတွေက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေပါ။ ယူကေ သံအမတ်ကြီးဆိုရင် ကျွန်မတို့ကို လူချင်းကိုယ်တိုင်တွေ့ဆုံပြီး ပြောပါတယ်။ သူတို့အနေနဲ့ လေပေါ်မှာပဲ၊ စာရွက်ပေါ်မှာပဲ စကားတွေပြောနေရတာကို သူတို့ တကယ်စိတ်မကောင်းပါဘူးလို့ ပြောပါတယ်။ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်လာအောင် သူတို့ ကြိုးစားနေပါတယ် ဆိုတာမျိုး ပြောသွားပါတယ်။"
အခု အရေးပေါ် လိုနေတဲ့ မိုခါ ဆိုင်ကလုန်းဘေးသင့် ရခိုင်ပြည်နယ်ထဲက အကူအညီပေးရေးတွေကို စစ်ကောင်စီကို ပေးတာမျိုး မဟုတ်ဘဲ၊ အာဆီယံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) ဆီက တဆင့် သွားတာမျိုး မဟုတ်ဘဲ အောက်ခြေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေဆီ တိုက်ရိုက်သွားဖို့ လုံခြုံရေးကောင်စီကို မြန်မာလူမှုအဖွဲ့ကိုယ်စားပြု တက်ရောက်သူတွေက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အစည်းအဝေးတက်ရောက်တဲ့ နိုင်ငံတွေရဲ့ တုံ့ပြန်ပုံတွေက အကူအညီပေးရေးမှာပဲ ဖြစ်ဖြစ် မြန်မာအရေး ဖြေရှင်းရာမှာပဲ ဖြစ်ဖြစ် ဒေသတွင်း အဖွဲ့ အာဆီယံက တဆင့် ဖြေရှင်းပြီး စစ်ခေါင်းဆောင်နဲ့ သဘောတူ ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက် ကိုးကား ပြောဆိုနေတာတွေက စိတ်ပျက်စရာ ဖြစ်လို့ ဒါကို ပြင်းပြင်းထန်ထန် ထောက်ပြ ပြောဆိုခဲ့တယ် လို့ တက်ရောက်ခဲ့သူ နောက်တဦး ဖြစ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ဝေဝေနုက ဗွီအိုအေကို ပြောပါတယ်။
“မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေနဲ့ ကျွန်မတို့ဆီမှာ ရှိနေတဲ့ အကြမ်းဖက်မှုတွေကို အကြမ်းဖက်မှုလို့ မမြင်ဘဲ ပဋိပက္ခလို့ ပဲ မြင်တယ်ပေါ့၊ ဒါကို ဖြေရှင်းတဲ့ အခါမှာ အာဆီယံကို လွှဲပြီးတော့ ဘုံသဘောတူညီချက် (၅) ကို အကောင်အထည် ဖော်ပြီး ဖြေရှင်းရမယ်၊ စစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သင့်တယ်ဆိုတဲ့ အဲဒီလို အမြင်မျိုးတွေ ရှိကြတာကို ကျွန်မတွေ့ရတယ်။ ယေဘုယျ အားဖြင့် မြန်မာပြည်ရဲ့ ပဋိပက္ခ တခုလုံးကို ချဉ်းကပ်တဲ့ အခါမှာ သူတို့ရဲ့ ချဉ်းကပ်မှုက အခုအထိ အာဆီယံကို ဗဟိုပြုနေတာကို တွေ့ရတယ်။ ဆိုတော့ သိပ်အားရမှု မရှိဘူး။ သို့သော် ဒီလို အစည်းအဝေးကြောင့် နိုင်ငံတခုချင်းစီကနေ ပိုပြီးတော့မှ မုန်တိုင်းဘေးသင့် ထားတဲ့ ပြည်သူတွေ အတွက် ကူညီကယ်ဆယ်ရေးတွေ ရောက်လာနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ ရခိုင်မှာဆိုလို့ရှိရင် ပိတ်ပင်မှုတွေ လျော့သွားပြီး ရေတွေ၊ အစားအသောက်တွေ လိုနေတဲ့ သူတွေဆီကို ဒါတွေ ရောက်ရှိသွားနိုင်ဖို့ မျှော်လင့်တယ်။”
အာဆီယံကို ဦးတည်နေတဲ့ စဉ်းစားပုံက အလုပ်မဖြစ်တာကို ဒေါ်မေစပယ်ဖြူကလည်း သဘောတူပြီး ဒါကို နိုင်ငံတကာက အကြိမ်ကြိမ် ပြန်လည် ညွန်းဆိုနေတာတွေက ဝမ်းနည်းစရာ ဖြစ်လို့ အခု လုံခြုံရေး ကောင်စီ အစည်းအဝေး မှာ ဒါကို ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။
“လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဒီဟာတွေက စစ်ကောင်စီကို မဖယ်ရှားမချင်း စစ်ကောင်စီ ရှိနေသရွေ့ကာလပတ်လုံး ဒီပြဿနာတွေ မပြေလည်နိုင်ဘူးဆိုတာ သူတို့ မသိတာလည်း မဟုတ်ဘူး။ သိတယ်။ သိလျက်သားနဲ့ မြန်မာနိုင်ငံအရေးကို ဒီအာဆီယံဒေသတွင်းမှာပဲ ဖြေရှင်းဖို့၊ ဒီ အလုပ်မဖြစ်တဲ့ အာဆီယံ ဘုံသဘောတူညီကို အားလုံးနီးပါးက ကျွန်မထင်တယ် ထည့်မပြောတဲ့ နိုင်ငံက မရှိသဘောက်ပါပဲ။ ဒါပေမယ့် ကနေဒါ နိုင်ငံကတော့ ဒါကို စစ်ကောင်စီဘက်က လက်ခံမထားဘူး၊ သူ အကောင်အထည်ဖော်ပါမယ်လို့လည်း ကတိကဝတ်လည်းပြုမထားဘူး၊ ဒါကို ပြန်ပြန်ပြီး ညွှန်းနေတာက ထိရောက်တဲ့ ရလဒ် မရလာနိုင်ဘူး ဆိုပြီးဆွေးနွေးသွားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်”
လူသားချင်း စာနာမှု အကူအညီတွေကို စစ်ကောင်စီက နိုင်ငံရေး အရ အမြတ်မထုတ်နိုင်ဖို့၊ နိုင်ငံရေး လက်နက် အဖြစ် အသုံးမချနိုင်ဖို့ လည်း ဒီအစည်းအဝေးမှာ တင်ပြခဲ့ပြီး ပြည်သူတွေရဲ့ ဘေးဒုက္ခကနေ တရားမဝင်တဲ့ စစ်ကောင်စီက တရားဝင်မှုကို ရအောင် ကြိုစားနေကြောင်း တက်ရောက်သူတွေက ထောက်ပြခဲ့တယ် ဆိုပါတယ်။
ဒီ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး ဘေးသင့်တဲ့ ပြည်သူတွေ အကူအညီတွေ မရတာ၊ မလုံလောက်တာ အပြင် လူသားချင်း စာနာမှုအကူအညီတွေ အကန့်အသတ်မရှိ သွားရောက် ကူညီနိုင်ရေးတွေ တင်ပြ တောင်းဆိုခဲပါတယ်။ စစ်တပ်က အခြေခံ လူအခွင့်အရေး ကိုတောင်မှာ လုံးဝ လေးစားလိုက်နာမှု မရှိလို့ နိုင်ငံတကာ အသိုင်းအဝန်းက မတားမချင်း အကူအညီတွေကို ပိတ်ဆို့တာ၊ ပြည်သူကို ဖိနှိပ်သတ်ဖြတ် တာတွေ ဆက်လုပ်နေမှာပဲ ဆိုပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်က ထောက်ပြပြီး စစ်တပ်အပေါ် လက်နက်မရောင်းချရေးနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ရေးတွေကို လုံခြုံရေးကောင်စီအနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီအစည်းအဝေး ကမကထ လုပ်ခဲ့တဲ့ ယူကေနိုင်ငံကတော့ မြန်မာပြည်သူတွေကို တိုးမြှင့် အကူအညီပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး အရေးပေါ် ကူညီရေး ပဏာမ အဆင့် ဒေါ်လာ ၂.၅ သန်း မတည်ခဲ့ပါတယ်။ ဒီထဲက တဝက်ကို မိတ်ဖက်အဖွဲ့တွေက တဆင့် မိုခါ မုန်တိုင်းသင့် ပြည်သူတွေ အတွက် အရေးပေါ် ရေ၊ သန့်ရှင်ရေးနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီ တွေ ပေးမှာ ဖြစ်ပြီး ကျန်တဲ့ ရန်ပုံငွေ တချို့ကို ကုလ အဖွဲ့အစည်းတွေနဲ့ အရေးပေါ် အခြေအနေ သုံးဖို့ အပြင် ချင်း၊ စစ်ကိုင်း၊ မကွေး တိုင်းတွေထဲက နေရပ်စွန့်ခွာ ပြည်သူတွေ၊ ရေဘေးသင့် ပြည်သူတွေ အတွက် သုံးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။