ကန့်သတ်ချက်တွေနဲ့ မိုခါ ကူညီကယ်ဆယ်ရေးနှောင့်နှေး

ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့

မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းဒဏ်သင့် နေရာတွေမှာ လူအသေအပျောက်တွေနဲ့ နေအိမ်၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ မုန်တိုင်းပြီးချိန် မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အားနည်းခဲ့သလို စစ်ကောင်စီရဲ့ ကန့်သတ်တားဆီးတာတွေလည်း ရှိနေပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့၊တားဆီးလို့ မရနိုင်ပါဘူး။ဒါပေမဲ့ အထိအခိုက်၊အပျက်အစီး နည်းနိုင်သမျှ နည်းရေးအတွက် ကြိုတင်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လျင်မြန် ထိရောက်စေဖို့ကတော့ လုပ်လို့ရနိုင်တဲ့ အရာတွေပါ။မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ သဘာဝဘေးအန္တရာယ်တခု ဖြစ်ပါတယ်။မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက်နေ့က စစ်တွေမြို့အထက်နားကနေ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။တစ်နာရီ လေတိုက်နှုန်း မိုင် ၁၄၀ ကျော်ရှိတာမို့ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်ပါတယ်။

မုန်တိုင်းအပြီးမှာတော့ လူအသေအပျောက်စာရင်းတွေနဲ့ အပျက်အစီးစာရင်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာနေပါတယ်။မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူနေအိမ် ၁၈၃,၀၂၄ လုံး၊ သာသနိကအဆောက်အအုံနဲ့ ဘုန်းကြီးကျောင်း ၁,၇၇၀ ခု၊ စာသင် ကျောင်း ၁,၃၉၇ ကျောင်း၊ ဆေးရုံဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ တိုင်၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၃၄၀ ပျက်စီးတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုခါမုန်တိုင်းဝင်ပြီးနောက် မြောက်ဦးမှာလည်း အပျက်အစီးတွေများခဲ့ပါတယ်

ရခိုင်ပြည်နယ်အတွင်းမှာ ရသေ့တောင်၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊ပေါက်တောနဲ့ မြောက်ဦးမြို့နယ် တွေဟာ မုန်တိုင်းဒဏ် အဓိကခံခဲ့ကြရပြီး ရသေ့တောင်မြို့နယ်ဟာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီးတော့ နေအိမ် အဆောက်အဦး ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရသေ့တောင် မိုးစဲကျွန်းမှာ လူ ၅,၀၀၀ ကျော် သောက်သုံးရေအခက်အခဲဖြစ်နေတယ်ဆိုတဲ့ Myanmar Now ရဲ့မေ ၂၂ ရက်နေ့သတင်းမှာ "လက်ရှိတွင် ရွာ ၉ ရွာမှ လူ ၅,၀၀၀ ကျော် ရေအခက်အခဲဖြစ်နေပြီး ရွာ ၅ ရွာမှာ အခြေအနေ ဆိုးဝါးနေသည်ဟု ရက္ခိုင့်တပ်တော် (AA) က ဖွဲ့စည်းပေးထားသည့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) အတွက် ကူညီပေးနေသူများထံမှ သိရသည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။Myanmar Now ရဲ့ မေ၂၀ ရက်နေ့သတင်းမှာလည်း မုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြောင်း၊ စစ်ကောင်စီကတော့ ရိုဟင်ဂျာ(ဘင်င်္ဂါလီ) သေဆုံးသူ ၁၀၀ သာဖြစ်တယ်လို့ မေ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီ Myanmar Now သတင်းမှာပဲ စစ်တွေမြို့အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဆီတာဒက်ကျေးရွာက ကိုချစ်ဆွေက "စားရေးသောက်ရေးက တော်တော်လေး အခက်ဖြစ်နေတယ်။ ဒီမှာ လူတွေကတော့ နောက်တစ်ရက်ဆိုရင် မစား မသောက်ဘဲ သေမှာလို့ ထင်တယ်။ အုန်းပင်တွေ လဲကျနေလို့ အုန်းသီးတွေကို ခွဲပြီးတော့ အုန်းသီးပဲ စားပြီး နေထိုင်ရပါတယ်” လို့ ပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေကတော့ စစ်ကောင်စီဟာ မုန်တိုင်းမလာမီ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံရာကို ပြောင်းရွှေ့ပေးခဲ့ခြင်း မရှိဘူးလို့ စွပ်စွဲပြောဆိုတာကို မီဒီယာတွေမှာ တွေ့ရပါတယ်။စစ်ကောင်စီကတော့ ရခိုင်ပြည်မှာရှိတဲ့ ဒုက္ခသည်စခန်း ၁၇ ခုက ရိုဟင်ဂျာ(ဘင်္ဂါလီ)လူဦးရေ တစ်သိန်းနှစ်သောင်းကျော်အနက် ခြောက်သောင်းကျော်ကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက သေဆုံးသူတွေဟာ ပြောင်းရွှေ့ပေးရာကို လိုက်ပါခြင်းမရှိဘဲ ကျန်နေခဲ့သူတွေသာဖြစ်တယ်လို့ တုန့်ပြန်ဖြေရှင်းပါတယ်။

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ခေါင်ဒုက္ခာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၅၊ ၂၀၂၃)

ထူးခြားတဲ့ သတင်းတစ်ခုကတော့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ညီနောင်မဟာမိတ် အဖွဲ့အစည်းများက လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ သတင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် မုန်တိုင်းတိုက်ခတ်အပြီး တစ်ပတ်ကြာတဲ့အထိ အကူအညီတွေ ပေးနိုင်ခြင်းမရှိသေးဘဲ စစ်ကောင်စီရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း မိုခါ မုန်တိုင်းကြောင့် ရခိုင်၊ချင်း၊မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက လူ ၈ သိန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေတယ်။မိုခါမုန်တိုင်းကြောင့် လူဦးရေ ၅.၄ သန်းအပေါ် အကျိုးသက်ရောက်မှာဖြစ်ပြီး အဲဒီအထဲက လူဦးရေ ၃.၂ သန်းဟာ ထိလွယ်၊ခိုက်လွယ်သူတွေ ဖြစ်မယ်လို့ဆိုပါတယ်။ အရပ်ဘက်လူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ စစ်ကောင်စီရဲ့ တားဆီးကန့်သတ်ခြင်းတွေခံနေရတယ်လို့ သတင်းတွေကဆိုပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စစ်တွေဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

"စစ်တွေမြို့မှာ ပြည်မကလာတဲ့အကူအညီတွေ လုပ်ဆောင်နေတာရှိတယ်။လျှပ်စစ်မီး အမြန်ဆုံးရရှိအောင်၊နောက် သန့်ရှင်းရေးပေါ့ အမှိုက်ပုံတွေ သန့်ရှင်းရေး လုပ်နေတာတွေ့ရတယ်။ဘာတွေ အခက်အခဲရှိလဲဆိုရင် ရေပေါ့နော်၊စစ်တွေမြို့မှာ ရေ ရပေမဲ့ ရွာတွေမှာ မရသေးဘူး။နောက်ပြီးတော့ အစားအစာမရသေးတဲ့ ရွာတွေ အများကြီးရှိတယ်။နောက်တစ်ခုက ရှင်းလင်းတဲ့လူတွေမှာ ကရိယာ တန်ဆာပလာ မစုံလင်တာပေါ့။ဒီနေ့အထိတော့ ၉ ရက်ရှိပြီပေါ့နော် လမ်းတွေက ကားသွားလို့ ရရုံပဲ ရှိသေးတယ်။အစားအစာနဲ့ တာပေါ်လင်တွေ ကြန့်ကြာနေတယ်။ဒီဘက်မှာက ဝယ်လိုအားနဲ့ ရောင်းတဲ့သူတွေက ပစ္စည်း ပြတ်လပ်နေတယ်။ ရန်ကုန်ကနေ ရခိုင်လာတဲ့ကားတွေ လမ်းမှာ စစ်ဆေးမှုတွေ၊ည ၆ နာရီကျော်ရင် သွားလို့ မရတော့ဘူး။ ဒီလိုပိတ်ဆို့မှုတွေကလည်း ကူညီကယ်ဆယ်ရေးတွေအတွက် ကြန့်ကြာမှုတွေ ပိုဖြစ်နေတာပေါ့။ တကယ်တမ်းကတော့ ပြည်မက ကူညီကယ်ဆယ်မယ့်သူတွေကိုများများ ခေါ်သင့်တယ်။ဒီနေ့ဆိုရင် ကျောင်းဖွင့်တာပေါ့။ကျောင်းဖွင့်ပေမယ်လို့ ကျောင်းသားလက်ခံတာတော့ရှိတယ်။ဒါပေမဲ့ ကျောင်းရဲ့ ခေါင်းမိုးတွေ ပြန်ပြုပြင်တာတွေ၊အမိုး မိုးပေးတာတွေ ရှိမနေသေးဘူး။ပိုမိုထိရောက်ဖို့ဆိုရင်တော့ နိုင်ငံတကာ အကူအညီတွေကို လမ်းဖွင့်ပေးဖို့လိုမယ်။အကူအညီတွေ ပြည်သူတွေဆီ ထိထိရောက်ရောက် မရောက်နိုင်သေးဘူး။WFP တို့လို World Food Program အစီအစဉ်ကတော့ ဆောလျင်စွာ လုပ်ဆောင်နေတယ်ပေါ့လေ။ဒါပေမဲ့ သူမှာလည်း သူ့ရဲ့ Limit ကရှိတာပေါ့လေ။ဒီလို အခြေအနေမျိုးမှာ အစားအစာ၊ရိက္ခာ၊ရေ၊ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”

မြန်မာ့အရေး လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲကို ကုလသမဂ္ဂရုံးချုပ်မှာ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။အလွတ်သဘော ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ဦးဆောင်ခေါ်ယူခဲ့ကာ မိုခါ ဆိုင်ကလုန်းအပြီး အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးခဲ့ကြကြောင်း၊မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတာအားလုံးဟာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်တဲ့အကြာင်းနဲ့ အကူအညီမပေးရင် မရတော့တဲ့ အလွန့်ကိုဆိုးရွားတဲ့အခြေအနေဆိုက်ရောက်နေပြီဆိုတာကို တက်ရောက်တဲ့နိုင်ငံ အများစုက လက်ခံကြတဲ့အကြောင်း မြန်မာအရပ်ဘက်အဖွဲ့ ကိုယ်စားပြုတက်ရောက်ခွင့်ရသူ မမေစပယ်ဖြူနဲ့ မဝေဝေနုတို့ကပြောတဲ့အကြောင်း VOA က ထုတ်လွှင့်ခဲ့ပါတယ်။

မုန်တိုင်းဟာ သာဘာဝဘေးအန္တရာယ်(Natural Disasters)ဖြစ်ပါတယ်။သဘာဝဘေးအန္တရယ်ကို ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုအပိုင်းပျက်ကွက်တာ၊သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်နဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ပျက်ကွက်တာတွေကတော့ လူတွေကြောင့်ဖြစ်တဲ့ အန္တရာယ်(Man-Made Disasters)ဖြစ်ပါတယ်။မိုခါ ဆိုင်ကလုန်းမုန်းတိုင်းအလွန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးတာ၊ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေကို စစ်ကောင်စီက ကန့်သတ်တားဆီးတာ၊မုန်းတိုင်းဒဏ် ခံနေရတဲ့ဒေသတွေကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်တာတွေကတော့ Man-Made Disasters တွေလို့ ဆိုရမှာ ဖြစ်ကြောင်းပါခင်ဗျာ။