အာချေးမှာ လှေမှောက်ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုဒေသခံတွေမောင်းထုတ်

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

အင်ဒိုနီးရှား အနောက်အာချေး (West Aceh) ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ကယ်ဆယ်ခဲ့ပြီးတဲ့နောက် လှေပေါ်ပါလာသူ စာရင်းအတိအကျ မှတ်တမ်းဘာမှ မရှိတဲ့အတွက် ကယ်ဆယ်ရေးတွေ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်းတွေကို နေ့စဉ်လိုလို ဆယ်ယူနေရပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေ ကယ်ဆယ်ထားတဲ့ လူမမည်ကလေးငယ်တွေပါ ရိုဟင်ဂျာဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာမထားဖို့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အာချေးမှာ ဒုက္ခရောက်နေရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေကိုစုစည်းပြီး “ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်” ကနေ မဆုမွန်က တင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေးပင်လယ်ထဲကနေ ဆယ်ယူရရှိခဲ့တဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီထားရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ မထားဖို့ အင်ဒိုနီးရှားအာချေးဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် လက်ရှိသူတို့နေထိုင်တဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေကနေ ကားနဲ့ ဆယ်မိနစ်လောက် သွားရတဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ရုံး နောက်ဘက်က ဝင်း ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာန က ပြောပါတယ်။ ရိုဟင်ဂျာတွေကို ကြက်ခြေနီ အဆောက်အဦဟောင်းထဲမှာ ယာယီထားပြီး စောင့်ရှောက်မှုပေးနေချိန် အင်ဒိုဒေသခံတွေ က ထွက်သွားခိုင်းတာလို့ AFP သတင်းမှာဖော်ပြပါတယ်။

ပြီးခဲတဲ့သီတင်းပတ် မတ်လ ၂၁ရက်နေ့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်ပင်လယ်ပြင်ထဲ မှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် ဒုက္ခရောက်နေကြသူတွေကို အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ အာချေးပင်လယ်ထဲကနေ သစ်သားလှေပေါ်တွယ်ကပ်နေတဲ့ ရိုဟင်ဂျာကလေး ၉ ယောက်၊ ရိုဟင်ဂျာအမျိုးသမီး ၁၈ ယောက်နဲ့ အမျိုးသား ၄၂ ယောက် စုစုပေါင်း ၆၉ ယောက်ကို ကယ်ဆယ်ခဲ့ပြီး သူတို့ကို အနောက်အာချေးပြည်နယ်မြို့တော် Meulaboh ကို အာဏာပိုင်တွေက ကယ်ဆယ် ခေါ်ဆောင်သွားတယ်လို့ ရှာဖွေ ကယ်ဆယ်ရေးဌာနက AFP သတင်းဌာနကို ပြောပါတယ်။ မတ်လ ၂၂ရက်နေ့မှာတော့ အနောက်အာချေးပင်လယ်ထဲ မျောပါနေတဲ့ ရိုဟင်ဂျာတွေကို ကယ်ဆယ်နိုင်ရေး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်မရှာတော့ပဲ အင်ဒိုနီးရှားအာဏာပိုင်တွေဘက်က ရပ်တန့်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီ့ စက်လှေပေါ် လိုက်ပါလာသူစာရင်း မရှိသလို ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်လို့ ဘာစာရင်းမှတ်တမ်း အချက်အလက်မှ မရှိတာကြောင့် ရှာဖွေမှုတွေ ရပ်လိုက်တာလို့လည်း အာချေးပြည်နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အရာရှိ Muhammad Fathur Rachman က ပြောပါတယ်။ အဲ့ဒီ့တိမ်းမှောက်သွားတဲ့စက်လှေပေါ်မှာ အနည်းဆုံးရိုဟင်ဂျာ ၁၅၀ လောက်ပါပြီး ဒါဇင်နဲ့ချီ ပင်လယ်ရေလှှိုင်းနဲ့အတူ မျောပါပြီး ရေနစ်ကုန်တယ်လို့ အသက်ရှင်ကျန်နေသူတွေက ခန့်မှန်းပြောဆိုပါတယ်။

လောလောဆယ်မှာတော့ ကယ်ဆယ်ရခဲ့တဲ့အထဲက တချို့ကို ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံကိုပို့ဆောင်ထားသလို အများစုကိုတော့ အင်ဒိုနီးရှား Aceh Barat District ယာယီကယ်ဆယ်ရေးစခန်းဆီမှ စောင့်ရှောက်ထားချိန် အခုလို ဒေသခံဘက်က ရိုဟင်ဂျာတွေ သူတို့ဒေသမှာ မထားဖို့ ကန့်ကွက်ဆန္ဒခဲ့ကြတာဖြစ်ပါတယ်။ အခုလို ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ပင်လယ်ထဲ မျောပါ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ဆိုးကြီးအပေါ် တုန်လှုပ်ရပါကြောင်းနဲ့ အထူးစိုးရိမ်မကင်းဖြစ်ရပါကြောင်း အသက်ရှင်ကျန်ရစ်သူတွေကို လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ စီစဉ်နေပါတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR နဲ့ နိုင်ငံတကာ ရွေ့ပြောင်းသွားလာသူများ ကူညီပေးရေးအဖွဲ့ IOMက သတင်းထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားဘက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပြီးနောက်နေ့တွေမှာတော့ အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ အလောင်းတွေ နေ့စဉ်လိုလို ပေါ်လာနေပါတယ်။ ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းတွေကိုတော့ အာချေဒေသ Jaya District မှာ ထုံးတမ်းစဉ်လာအရ အင်ဒိုနီးရှားအာဏာပိုင်တွေက သဂြိုဟ်ပေးနေတာဖြစ်ပါတယ်။ စနေနေ့ မတ်လ၂၃ကစ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဆယ်ယူခဲ့ပြီး ပင်လယ်ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုတွေလက်ခံရတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ မတ်လ ၂၄ရက်နေ့မှာတော့ အလောင်းသုံးလောင်း ဆယ်ယူရခဲ့ထားတယ်လို့ အာချေးပြည်နယ် ရှာဖွေကယ်ဆယ်ရေး အေဂျင်စီခေါင်းဆောင် Muhammad Fathur Rachmanက AP သတင်းဌာနကိုပြောပါတယ်။

မတ်လ ၂၅ရက်နေ့အထိတော့ အာချေးပင်လယ်ထဲကနေ အနည်းဆုံးလူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ Mitra Suryono က AFP သတင်းဌာနကို ပြောပါတယ်။ အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ ရိုဟင်ဂျာလို့ယူဆရတဲ့ ရုပ်အလောင်းပေါင်း ၁၁လောင်းဆယ်ယူရရှိထားပါတယ်လို့ ဗွီအိုအေအင်ဒိုနီးရှားဌာနက သတင်းရရှိထားပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာသူတွေလို့ ယူဆထားပြီး နှစ်စဉ် ဒီလို ဒုက္ခသည် ထောင်နဲ့ချီဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို လာဖို့အတွက် ငွေကြေး အမြောက်အများ ပေးရပြီးထွက်ခွာနေကြတာဖြစ်ပါတယ်။ ဒေသတွင်းမှာပါ စိုးရိမ်စရာဖြစ်လာနေတဲ့ရိုဟင်ဂျာတွေရဲ့အရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အာဆီယံအနေနဲ့ အထူးအလေးပေးကူညီပေးကြဖို့ကိုလည်း NUG အစိုးရလူ့အခွင့်အရေးဒုဝန်ကြီးက ဗွီအိုအေနဲ့ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ပင်လယ် ရေကြောင်း ခရီးရှည်ကို အသက်အာမခံချက်မပေးနိုင်တဲ့ လုံခြုံရေးစီမံမှု အလွန်အားနည်းတဲ့ မည်ကာမတ္တ ခနော်ခနဲ့ စက်လှေတွေနဲ့ အသက်စွန့် ထွက်ခွာလာကြသူတွေ ဖြစ်ပါတယ်။ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြုံနေရတဲ့ ရခိုင်မြောက်ပိုင်းမှာလည်း လုံခြုံရေးစိုးရိမ်ရ အသက်လုပြေးရှောင်ခိုလှုံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း တွေထဲမှာလည်း စားနပ်ရိက္ခာဖြတ်တောက်မှုတွေအပါအဝင် အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ပြည်ပကို ထွက်ခွာပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပြီး ပင်လယ်ပြင်လမ်းခရီးကြမ်းမှာ ရာသီဥတုအန္တရာယ် စက်လှေတွေတိမ်းမှောက်လို့ အသက်ဆုံးရှုံးရတာရှိသလို အခုလို ကယ်ဆယ်ထားတဲ့နိုင်ငံတွေမှာလည်း ဒေသခံတွေဘက်က သူတို့ကို လက်မခံ ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ရိုဟင်ဂျာတွေအတွက် ကမ်းမမြင်လမ်းမမြင် အနာဂတ်ပျောက်နေရတဲ့ အနေအထားဖြစ်နေတာဖြစ်ပါတယ်။