ရိုဟင်ဂျာအမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ညှင်းပမ်းနှိပ်စက်ခံရမှု

အင်ဒိုနီးရှားနိုင်ငံ​ အာချေးကမ်းခြေကိုရောက်လာကြတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

ဒေသတွင်းမှာရော ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာပါ စားနပ်ရိက္ခာဖြတ်တောက်မှုတွေ အပါအဝင် အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ပြည်ပကို ထွက်ခွာပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြရတဲ့ ထောင်ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ပင်လယ်ပြင်လမ်းခရီးက ကြမ်းတမ်းပါတယ်။ အမျိုးသားတွေနဲ့အတူ လိုက်ပါလာရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ရင်ဆိုင်ရတဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ညှင်းပမ်းနှိပ်စက်မှု အသက်သေဆုံးရတဲ့အထိ ကြုံရတဲ့ ပင်လယ်ပြင်ထဲက ကမ်းမမြင်လမ်းမမြင် အနာဂတ်ပျောက်နေရတဲ့ အနေအထားတွေအကြောင်း AP သတင်းဆောင်းပါးကိုအခြေခံပြီး မဆုမွန်က ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ကမ်းမမြင် လမ်းမမြင် ခရီးလမ်းဘယ်မှာ အဆုံးသတ်မလဲဆိုတာ မရေရာတဲ့ ပင်လယ်ရေကြောင်း ခရီးလမ်းကို အသက်အာမခံချက်မပေးနိုင်တဲ့ လုံခြုံရေးစီမံမှု အလွန်အားနည်းတဲ့ မည်ကာမတ္တ ခနော်ခနဲ့ စက်လှေတွေနဲ့ ထောင်ချီတဲ့ရိုဟင်ဂျာတွေဟာ ဘဝနဲ့ရင်း အသက်စွန့် ထွက်ခွာလာနေကြတာဖြစ်ပါတယ်။ သူတို့နေထိုင်ခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာလည်း စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲဖြစ်လို့ လုံခြုံရေးစိုးရိမ်ရ နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရပြီး လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရင်ဆိုင်ခဲ့ရတာပါ။

တခါ နယ်စပ်ဖြတ်ကျော် အသက်လုပြေးရှောင် ခိုလှုံခဲ့ရတဲ့ သိန်းချီတဲ့ရိုဟင်ဂျာတွေ ခိုလှုံရာဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာလည်း ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာဖြတ်တောက်မှုတွေအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းမရှိတာ အနာဂတ်မျှော်လင့်ချက်မဲ့တာလို အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ပြည်ပကို ထွက်ခွာပြေးဖို့ ရိုဟင်ဂျာတွေ နည်းလမ်းပေါင်းစုံနဲ့ အသက်စွန့်ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီ့လိုအသက်စွန့်ပြီး ထွက်ခွာပြေးဖို့ကြိုးစားကြရင်း အန္တရာယ်များလွန်းလှတဲ့ ပင်လယ်ပြင်လမ်းခရီးကြမ်းမှာ ရာသီဥတုအန္တရာယ်ကြောင့်ရော ရေလှိုင်းပုတ်ခတ်မှုဒဏ်ကြောင့် အသက်အန္တရာယ်လုံခြုံရေး အာမခံချက်မပေးနိုင်တဲ့ စက်လှေတွေတိမ်းမှောက်လို့ ဒါမှမဟုတ် စက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖြုတ်ပြီးချန်ထားခဲ့လို့ ပင်လယ်ပြင်ထဲ အသက်ဆုံးရှုံးရတာရှိသလို သူတို့ကို ကယ်ဆယ်ထားတဲ့နိုင်ငံတွေက ဒေသခံတွေဘက်က သူတို့ကို လက်မခံ ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ရိုဟင်ဂျာတွေအတွက် ကမ်းမမြင်လမ်းမမြင် အနာဂတ်ပျောက်နေရတဲ့ အနေအထားဖြစ်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စက်လှေတွေပေါ်မှာလိုက်ပါလာရတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ လူမမည်မိန်းကလေးငယ်တွေအတွက် “မုဒိမ်းမှု လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု ညှင်းပမ်းနှိပ်စက်မှု နောက်ဆုံးအသက်ဆုံးရှုံးရတဲ့အထိ ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေ”အကြောင်း ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မျက်မြင်သက်သေတွေကို AP သတင်းဌာနက အင်ဒိုနီးရှားနိုင်ငံ အာချေက ယာယီကယ်ဆယ်ရေးစခန်းမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ N အမ်လို့ အမည်ဝှက်ပေးထားတဲ့ အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်လေးက သူ့ရဲ့အတွေ့အကြုံ AP သတင်းဌာနကို ပြောပြပါတယ်။ မာလိန်မှူးနဲ့ စက်လှေမောင်းသမားတွေက သူမအပါအဝင် အမျိုးသမီးလေး သုံးယောက်ကို ညှင်းပမ်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားတဲ့အကြောင်းပြောပြပါတယ်။ တကယ်လို့ သူတို့ပြောတာ မနာခံဘူးဆိုရင် အသတ်ခံရမယ်လို့လည်း ခြိမ်းခြောက်တယ်လို့ပြောပါတယ်။

“ သမီးကို သူတို့အခန်းထဲကို ခေါ်ပြီးတော့ တညလုံး ညှင်းပမ်းနှိပ်စက်တယ်။ တညလုံး နာကျင်လွန်းလို့ ငိုကြွေးခဲ့ရတယ် သူတို့စိတ်တိုင်းကျ နှိပ်စက်ပြီး မနက်ကျမှ အခန်းပြင်ကို ဆွဲထုတ်တာ”

အင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်မှာ မျောပါနေတဲ့ သစ်သားစက်လှေပေါ် အဲ့ဒီ့မိန်းကလေးငယ်အပါအဝင် ရိုဟင်ဂျာ ၁၄၀ ပိတ်မိနေတဲ့ (၃)ရက်မြောက်ညမှာ အဲ့ဒီ့အဖြစ်ကို ကြုံခဲ့ရတာဖြစ်ပါတယ်။ အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်ရိုက်နှက်နေတာကို မျက်မြင်ကြုံခဲ့ရတဲ့ Jannat Ullah ကလည်း အခုလိုပြောပြပါတယ်။

“ကျနော်တို့ရဲ့ မိခင်တွေ ညီမတွေ နှမတွေရဲ့ အော်ဟစ်သံတွေကိုကြးရတဲ့အခါ ဘယ်လိုမှ မခံစားနိုင်တော့တာ ချောင်းကြည့်မိပါတယ်။ အဲ့အတွက် အရိုက်ခံရတယ် အော်ဟစ်သံတွေကြားတော့ တခါထပ်ဖြစ်တယ် အဲ့တော့ အရိုက်ခံရပြန်တယ်။ အမျိုးသမီးငယ်လေးတွေကို သူ့ကို နှိပ်နယ်ခိုင်းတာ လက်တွေကိုဆေးကြောခိုင်းတာလုပ်ခိုင်းတယ် နောက် စက်လှေမောင်းသူ အလှည့်ပြီးတော့ နောက်တယောက်ထပ်ဝင်သွားပြန်တယ်။"

အဲ့ဒီ့လူက ဘာလုပ်တာလဲလို့ AP ကမေးတော့-“မုဒိမ်းကျင့်တာ..ဟုတ်တယ် သူကိုယ်တိုင်မုဒိမ်းကျင့်တာ ကျနော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတာ"

စက်လှေမာလိန်မှူးက စက်လှေပေါ်ပါလာတဲ့ မိန်းကလေးတွေ သူနဲ့စက်လှေသမားတွေရှိတဲ့ သူ့အခန်းထဲကို လာခဲ့ပါလို့တိုက်တွန်းတယ် တကယ်လို့ မလာကြဘူးဆိုရင် လှေကို မှောက်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ကြောင်းလည်း အေပီသတင်းမှာ ဖော်ပြပါတယ်။ ပင်လယ်ပြင်ထဲ စက်လှေတိမ်းမှောက်ခဲ့ရတဲ့ အကြောင်းရင်းခံကိုလည်း မျက်မြင်ကြုံခဲ့ရတဲ့ Jannat Ullah က ရှင်းပြပါတယ်။

“စက်လှေကိုလည်း သေချာလက်နဲ့ထိန်းမောင်းတာမဟုတ်ပဲ ခြေထောက်နဲ့ တင်ထားတော့ စက်လှေက တခါတည်းမှောက်သွားရော လှိုင်းလည်းပုတ်ရော စက်လှေက မှောက်ပြီပေါ့။”

မာလိန်မှူးအခန်းထဲမှာ မာလိန်မှုးအပါအဝင် စက်လှေသမားတွေရဲ့ အုပ်စုလိုက် အနိုင်ကျင့်ရိုက်နှက်မှုကို ခံခဲ့ရတဲ့ အသက်(၁၂) နှစ်အရွယ် မိန်းကလေး အမ်ဟာ ရခိုင်မြောက်ပိုင်းကနေ သူ့နဲ့သူ့မိသားစု အသက်လုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရသူပါ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာလည်း ခက်ခဲကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး သူ ၇ နှစ်နီးပါး ခိုလှုံနေထိုင်ခဲ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ မလေးရှားနိုင်ငံကို မိသားစုမပါပဲ သူတခါမှ မဆုံဖူးတဲ့အမျိုးသားတဦးနဲ့လက်ဆက်ဖို့ ပင်လယ်ပြင်ခရီးကြမ်းကို ထွက်ခွာလာသူလည်းဖြစ်ပါတယ်။

စက်လှေပေါ် လိုက်ပါလာတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ ရိုဟင်ဂျာတွေဟာ မြန်မာပြည်ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကမ်းမမြင် လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ ထပ်ကြုံရတာဖြစ်ပါတယ်။

ရိုဟင်ဂျာအမျိုးသမီး Rahena Begumကတော့ -“ ကျမမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ကျမရဲ့ ရင်သွေးကိုလည်း ဆုံးရှုံးရပြီးပြီ။ အခုဆို ကလေးတယောက်ပဲ ကျမ မှာ ကျန်တော့တယ် ကျမယောက်ကျားက မလေးရှားမှာ အခုနေတာဆိုတော့ ကျမကတော့ မလေးရှားက ကျမယောက်ကျားနဲ့ပြန်ဆုံခွင့်ရချင်တာပါပဲ။

ပြီးခဲ့တဲ့မတ်လတုန်းက အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်က အာချေးကျွန်းဆွယ်နားမှာ ရိုဟင်ဂျာ (၇၅) ယောက်ကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ် ၂၈ ယောက်အပါအဝင် ခရီးသည် ၆၇ယောက်ကတော့ စက်လှေတိမ်းမှောက်မှုမှာ အသက်ဆုံးခဲ့ရပါတယ်။ ဒီလိုလူအစုလိုက်အပြုံလိုက် အသက်ဆုံးခဲ့ရတဲ့ စက်လှေတိမ်းမှောက်မှုက ဘာကြောင့်ဖြစ်တယ် ဘယ်လိုမှောက်ခဲ့ရတယ်ဆိုတာ လည်း ရှင်းရှင်းလင်းလင်း အခုထိ မသိရသေးပါဘူး။ AP သတင်းဌာနအနေနဲ့ အသက်မသေရှင်ကျန်ရစ်သူ ရိုဟင်ဂျာ ၈ ဦးကို သီးခြားတွေ့ဆုံမေးမြန်းခဲ့တာပါ။

ရိုဟင်ဂျာအမျိုးသားတွေ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါ ပါဝင်တဲ့ တွေ့ဆုံမေးမြန်းသူတို့ဟာ အသက်(၁၂)နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးငယ် အမ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာကိုရော စက်လှေတိမ်းမှောက်မှုဖြစ်စဉ်တွေမှာ ကိုယ်တွေ့မျက်မြင်ဖြစ်ခဲ့သူတွေပါ။ မိန်းကလေးငယ် အမ်နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားပင်လယ်အော်ဘက်ကို ခရီးနှင်လာတဲ့စက်လှေပေါ်လိုက်ပါ လာကြတာဖြစ်ပြီး နောက်တရက်မှာတော့ သူတို့ကို မြန်မာပြည်ဘက်က လာတဲ့ ပိုကြီးတဲ့စက်လှေပေါ်ရွှေ့ပြောင်းပေးလိုက်ပြီး သီတင်းတပတ်ကျော်ကြာ ပင်လယ်ပြင်ထဲ ခရီးနှင်လာခဲ့ကြတာပါ။ အဲ့ဒီ့လှေပေါ်မှာတော့ အစာရေစာ လုံလုံလောက်လောက်ကျွေးပြီး ကလေးတွေလည်း ဆော့ကစားနိုင်ခဲ့တာပါ။

ဒါပေမဲ့ သူတို့ ရဲ့ခရီးစဉ် အစီအစဉ် ပြောင်းလိုက်ပြီးတဲ့နောက်မှာတော့ အင်ဒိုနီးရှားငါးဖမ်းစက်လှေပေါ် ပြောင်းရွှေ့ပေးလိုက်ပြီး အင်ဒိုနီးရှားဘက်ကို ခရီးနှင်ဖို့ဖြစ်လာပါတယ်။ နောက် ရုတ်တရက်ဆိုသလို အင်ဒိုနီးရှားမာလိန်မှူးနဲ့ စက်လှေမောင်းတဲ့သူတွေက ခရီးသည်တွေကို အမျိုးသားနဲ့အမျိုးသမီးခွဲလိုက်ပြီး လက်မခံတဲ့သူတွေကိုပါ ရိုက်နှက်ခဲ့ပါတယ်။ အင်ဒိုနီးရှားဘာသာစကားကို နားမလည်ပေမဲ့ ဘာသာပြန်ကတဆင့်သိတဲ့အခါမှာတော့ ရိုဟင်ဂျာအမျိုးသမီးတွေဟာ ထိတ်လန့်တုန်လှုပ်ပြီး ငိုကြွေးခဲ့ကြပါတယ်။

အဲ့ဒီ့နောက်မှာတော့ အမ်အပါအဝင် အမျိုးသမီးနဲ့မိန်းကလေးတွေကို ပစ်မှတ်ထား လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခဲ့သလို လက်မခံဆန့်ကျင်သူ အမျိုးသားရော အမျိုးသမီးတွေကိုပါ ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ရိုဟင်ဂျာတွေတော်တော်များများ မျက်မြင်သက်သေဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့အထဲမှာ Jannat Ullah လည်းအပါအဝင်ပါ။ အဲ့ဒီ့နောက်မှာတော့ အရက်မူးနေတဲ့ မာလိန်မှူးဟာ စက်လှေကို လက်နဲ့မမောင်းပဲ ခြေနဲ့ထိန်းမောင်းခဲ့ြ့ပီးတဲ့နောက် လှိုင်းပုတ်တဲ့အရှိန်နဲ့ စက်လှေတိမ်းမှောက်ခဲ့ရပြီး ဒီစက်လှေတိမ်းမှောက်မှုမှာ ပင်လယ်ပြင်ထဲ လက်ပစ်ကူးနေရတဲ့သူတွေရှိသလို တိမ်းမှောက်နေတဲ့ စက်လှေကိုယ်ထည်ပေါ်တွယ်ကပ်ပြီး နေခဲ့ရသူတွေထဲလွဲလို့- လူပေါင်းများစွာ အသက်ဆုံးရှုံ့းခဲ့ရပါတယ်။

ဒီစက်လှေတိမ်းမှောက်နေတာကိုတွေ့ရှိတဲ့တခြား အင်ဒိုနီးရှားငါးဖမ်းစက်လှေက မတ်လ ၂၀ရက်နေ့မှာ ရိုဟင်ဂျာ ၆ဦးကို ဆယ်ယူခဲ့ပြီးတဲ့နောက် အဲ့ဒီ့ညနေပိုင်းအထိကို ကယ်ဆယ်ရေးတွေ မစတင်နိုင်ခဲ့ပေမဲ့ မတ်လ ၂၁ရက်နေ့မှာတော့ အာဏာပိုင်တွေဘက်က နစ်မြုတ်နေတဲ့စက်လှေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လှေပေါ်ပါလာတဲ့သူတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အမျိုးသမီး (၁၂) ဦးနဲ့ ကလေးငယ်(၃) ယောက်ရဲ့ အလောင်းကို ဆယ်ယူရခဲ့ပြီးနောက်မှာတော့ အလောင်းရှာဖွေမှုကို ရပ်ဆိုင်းလိုက်ရတယ်လို့ UNCHR က သတင်းထုတ်ပြန်ခဲ့တာပါ။

ဒီဖြစ်ရပ်တွေဟာ အမေရိကန်ပြည်ထောင်စုက လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံပျောက်နေတဲ့ ရိုဟင်ဂျာတွေ ကြုံနေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဒုက္ခစိန်ခေါ်မှုတွေထဲက နောက်ဆုံးကြုံနေရတဲ့ အဖြစ်အပျက်တွေထဲက တခု ဖြစ်ပါတယ်လို့ အေပီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲကနေ ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အစာရေစာဖြတ်တောက်ခံရမှုနဲ့ ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေပြင်းထန်လာလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲကနေ ထွက်ခွာပြေးနေကြတာဖြစ်ပါတယ်။

၂၀၂၃ခုနှစ် မနှစ်က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်မြောက်ပိုင်းကနေ ကလေးသူငယ်နဲ့ အမျိုးသမီး သုံးပုံနှစ်ပုံပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၅၀၀ လှေစီးပြီး ပင်လယ်ပြင်ဖြတ်ကျော် ထွက်ပြေးခဲ့ကြတယ်လို့ UNHCR က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီအထဲက ၅၆၉ ယောက်က ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ကနေ ဖြတ်ကျော်ပြေးရင်း ပျောက်ဆုံး အသက်ဆုံးပါးခဲ့ရပြီး ဒါဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အများဆုံး အသက်ဆုံးခဲ့ရတဲ့နှစ်လည်းဖြစ်ပါတယ်။