အီရန်သမ္မတ သေဆုံးမှုအတွက် ရုရှား၊ တရုတ်နဲ့ ဒေသတွင်းခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး

အီရန်သမ္မတ Ebrahim Raisi

အီရန်သမ္မတ Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian တို့အပါအဝင် အစိုးရအရာရှိတွေ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့အတွက် ပါကစ္စတန်နိုင်ငံမှာ တရက်ကြာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် သတ်မှတ်လိုက်ပြီး လက်ဘနွန်နိုင်ငံကလည်း ၃ ရက်ကြာ ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း Azerbaijan နိုင်ငံနယ်စပ်ဒေသမှာ ဆည်ဖွင့်ပွဲတက်ရောက်အပြီးအပြန် ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကြောင့် သမ္မတ Raisi နဲ့ အစိုးရအရာရှိတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin ကလည်း သမ္မတ Raisi ဟာ ထူးချွန်တဲ့ နိုင်ငံရေးသမားတဦးဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ သမ္မတ Raisi သေဆုံးမှုဟာ ဝမ်းနည်းစရာဖြစ်ရပ်ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံအတွက် မိတ်ဆွေကောင်းတဦး ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတဆင့် ပြောကြားခဲ့ပါတယ်။

ဆီးရီးယား၊ တူရကီနဲ့ အီဂျစ်နိုင်ငံတို့က သမ္မတတွေ၊ အီရတ်ဝန်ကြီးချုပ်၊ UAE အာရပ်စော်ဘွားနိုင်ငံအကြီးအကဲတို့ကလည်း သမ္မတ Raisi သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ပြောကြားခဲ့ကြပါတယ်။ မလေးရှားဝန်ကြီးချုပ် Ibrahim Anwar ကတော့ သမ္မတ Raisi ဟာ အီရန်ပြည်သူလူထုကောင်းစားရေးအတွက် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ အီးယူ ဥရောပသမဂ္ဂအကြီးအကဲ Charles Micahel ကလည်း သမ္မတ Raisi ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ပရောက် အီရန် အတိုက်အခံ အင်အားစုတွေကတော့ သမ္မတ Raisi ကွယ်လွန်သွားခြင်းဟာ အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အီရန်သမ္မတ သေဆုံးမှုအတွက် ရုရှား၊ တရုတ်နဲ့ ဒေသတွင်းခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး