အဓမ္မ ဖမ်းဆီးဖျောက်ဖျက်မှုကာကွယ်ရေး ကုလပဋိညာဉ် ထိုင်းအတည်ပြုဖို့ စီစဉ်

အဓမ္ဓ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရတဲ့ ထိုင်း လူ့အခွင့်အရေးလှုပ်ရှားသူ Wanchalearm Satsaksit ကို ပြန်ရှာတွေ့ရေး စုံစမ်းဖေါ်ထုတ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက ဘန်ကောက် ထိုင်းအစိုးရရုံးရှေ့ ဆန္ဒထုတ်ဖေါ် တောင်းဆိုနေကြစဥ်။ ( ပုံဟောင်း June 12, 2020 )

ထိုင်းနိုင်ငံဟာ လူတဦးချင်းစီအတွက် တရားဥပဒေပြင်ပ ဖမ်းဆီး၊ ချုပ်နှောင် ဖျောက်ဖျက်ပစ်တာနဲ့ ပြန်ပေးဆွဲတာခံရမယ့် အန္တရာယ်က အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းအသစ်တွေပါရှိမယ့် ကုလသမဂ္ဂပဋိညာဉ်တခုကို အတည်ပြုနိုင်ဖို့ စီစဉ်နေပါတယ်။

ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီဖို့ ရည်မှန်းထားတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက VOA ကို ပြောပါတယ်။

မကြာသေးမီနှစ်တွေအတွင်း လူ့အခွင့်အရေးမှတ်တမ်း ညံ့ဖျင်းခဲ့တဲ့ ထိုင်းနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဒီနှစ်နှောင်းပိုင်းထဲ နေရာရဖို့ ကြိုးပမ်းနေရာမှာ ဒီအချက်က အထောက်အကူဖြစ်ဖို့ မျှော်လင့်ကြောင်း ထိုင်းလူ့အခွင့်အရေးသမားတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၁၂ ခုနှစ်ကတည်းက အတင်းအဓမ္မ ဖမ်းဆီးဖျောက်ဖျက်ခံရမယ့် အရေးကနေ လူသားအားလုံး အကာအကွယ်ပေးရေး နိုင်ငံတကာကွန်ဗင်းရှင်း (ICPPED) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် လက်တွေ့ကျင့်သုံးဖို့ အတွက်ကိုတော့ တရားဝင် အတည်ပြုမထားပါဘူး။

"မေလ ၁၄ ရက် က စပြီး ဒါကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပြီး တလအတွင်းမှာ လုပ်ငန်းစဥ် ပြီးနိုင်ဖို့မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးက ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ လူအားလုံးကို အတင်းအဓမ္မ ဖမ်းဆီး ဖျောက်ဖျက်ခြင်းကို အကာအကွယ်ပေးမယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုထားပါတယ်" လို့ဆိုပါတယ်။

ICPPED ဟာ ထိုင်းနိုင်ငံက အာမခံ အတည်ပြုထားတဲ့ အဋ္ဌမမြောက် နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူစာချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အဓမ္မ ဖမ်းဆီးချုပ်နှောင် ဖျောက်ဖျက်ခံရမှုတွေ သမိုင်းကြောင်းနဲ့ချီ ကာလ ကြာရှည် ဖြစ်နေတာပါ။

၁၉၈၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အလားတူ အမှုပေါင်း ၉၃ ခု ဖြစ်ခဲ့ပြီး အဲဒီထဲက ၇၇ မှုဟာ အခုအချိန်အထိ မဖြေရှင်းနိုင်သေးကြောင်း ကုလသမဂ္ဂဆိုင်ရာအလုပ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

အဓမ္မ ဖမ်းဆီးဖျောက်ဖျက်မှုကာကွယ်ရေး ကုလပဋိညာဉ် ထိုင်းအတည်ပြုဖို့ စီစဉ်