သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာအစုအဖွဲ့အားလုံးနဲ့ ဆွေးနွေးရမည်" - ထိုင်းဝန်ကြီးချုပ်

ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

မြန်မာနယ်စပ်အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးတရပ်ကို အင်္ဂါနေ့ကခေါ်ယူကျင်းပခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်း အစုအဖွဲ့အားလုံးနဲ့ ဆွေးနွေးသွားရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ၊ ကြားနေ ရပ်တည်သွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ရမယ်ဆိုရင် ထိုင်းနိုင်ငံအကျိုးအမြတ် အများဆုံးရှိမှာဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းနဲ့မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိကမြို့ဖြစ်တဲ့ မြဝတီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ထိုင်းအစိုးရက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တာပါ။


မြဝတီမြို့အနီး သင်္ကန်းညီနောင် စစ်ကောင်စီတပ်စခန်းက ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့နဲ့ မိသားစု (၆၀၀)ကျော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချပြီးတဲ့နောက်၊ မြဝတီမြို့အခြေအနေဟာလည်း မတည်မငြိမ် ဖြစ်လာပါတယ်။

လတ်တလောအားဖြင့် မြဝတီမြို့တွင်းမှာ ငြိမ်သက်နေပေမယ့်၊ မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မတွေ့ရတော့သလို မနေ့ကတော့ ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေးရုံးတွေ ပိတ်ထားရတယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။ မြဝတီမြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက မနေ့က တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဖက်ကလည်း မြို့ပြင်နေရာတချို့ကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။

တချိန်တည်းမှာတော့ မြဝတီဒေသ တိုက်ပွဲတွေကို တိုက်ရိုက်ကွပ်ကဲနေတဲ့ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတချို့ ရှိတယ်လို့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက သတင်း ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်ပြုလို့မရ သေးပါဘူး။

This item is part of

Forum

XS
SM
MD
LG