သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တရုတ်တောင်းဆိုမှုကြောင့် မြန်မာ့အရေး ထိုင်းကြားဝင်ဆောင်ရွက်

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် Srettha Thavisin (Photo _Teresa SUAREZ / POOL / AFP)
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် Srettha Thavisin (Photo _Teresa SUAREZ / POOL / AFP)

မြန်မာ့အရေးမှာ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားခံလူ (Middle Man) အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့ အကူအညီပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin)က ပြင်သစ် FRANCE 24 ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ မတ်လ ၂၉ ရက်နေ့က ထုတ်လွှင့်တဲ့ ရုပ်သံ အင်တာဗျူးထဲမှာ အိမ်နီးချင်း မြန်မာနိုင်ငံက ပဋိပက္ခဟာ “လက်ရှိအချိန်မှာ” “ပြည်တွင်းစစ် လုံးလုံး ဖြစ်နေတာ မဟုတ်သေးဘူး” လို့လည်း မြန်မာ့ ပြဿနာ အတိမ်အနက်ကို လျှော့ချ သုံးသပ်သွားပါတယ်။

လွန်ခဲ့တဲ့ နှစ်လ ဇန်နဝါရီလနှောင်းပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလဗန် (Jake Sullivan) နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့ ထိုင်းနိုင်ငံမှာ လုပ်ခဲ့တဲ့ သီးသန့်တွေ့ဆုံပွဲ အပြီးမှာ သာဝိစင်က နှစ်ဦးစလုံးနဲ့ သီးခြားစီ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်း‌ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီမှာ သူတို့က ထိုင်းနိုင်ငံကို မြန်မာ့အရေးမှာ ကြားခံ ကူညီပေးဖို့ တောင်းဆိုခဲ့တာလို့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့မှာ လုပ်ခဲ့တဲ့ France 24 သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ထိုင်းဝန်ကြီးချုပ် သာဝိစင်က ပြောပါတယ်။

ထိုင်းဟာ ဘက်မလိုက်တဲ့ ကြားနေနိုင်ငံ တခု အနေနဲ့ မြန်မာ့ ပြဿနာမှာ တောက်လောင်နေတဲ့ စစ်မီးကို အရှိန်မမြှင့်စေဖို့ တတ်နိုင်သမျှ ကူညီနိုင်မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူတယ်လို့ သူ ယူဆထားကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ပြဿနာကို ပြည်တွင်းစစ် အဖြစ် လုံးလုံးလျားလျား မကြီးထွားသွားအောင် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လို ကဏ္ဍ ကနေ ပါဝင်နိုင်သလဲ ဆိုတာကိုလည်း အာရုံစိုက်သင့်တယ်လို့ သူက ပြောပြီး လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စကို အလေးပေးကာ ပြင်သစ် ရုပ်သံနဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးသင့်တဲ့ ပထမဆုံးစကားလုံးကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီပဲ” လို့ အင်တာဗျူးမှာ ပြောပါတယ်။ "အကူအညီလိုတဲ့သူတွေကို ကူညီမယ်" လို့ သူက ဆိုပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားတွေက ပြည်ပ လုပ်သားအင်အားကြောင့် ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၁% ထက်နည်းနေချိန်မှာ ထိုင်းမှာ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရောက်ရှိနေတာကို သူက ထောက်ပြပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၅၀၀ နီးပါး) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အခြေအနေကို သူက ပြောပါတယ်။

အငြင်းပွားဖွယ် ထိုင်း ဦးစီးမည့် လူသားချင်းစာနာမှုအကူအညီ
please wait

No media source currently available

0:00 0:13:35 0:00

ထိုင်းနိုင်ငံမှာ ၉ နှစ်ကြာ စစ်တပ်က အာဏာသိမ်း အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အရပ်သား ဝန်ကြီးချုပ် အဖြစ် မနှစ် ဩဂုတ်လမှာ အာဏာရလာခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး အဖြစ်ကနေ နိုင်ငံရေး သမား ဖြစ်လာခဲ့သူ ဆရက်သာ သာဝိစင်ဟာ FRANCE 24 သီးသန့်အင်တာဗျူးထဲမှာ ထိုင်းနိုင်ငံရဲ့ အနာဂတ်မှာ ဒီမိုကရေစီ စနစ်ကို ပိုပြီး ကျင့်သုံးသွားဖို့ အမှန်တကယ်ယုံကြည်ထားကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အနာဂတ်မှာ အရင်ကထက် ဒီမိုကရေစီ ပိုအားကောင်းလာမလား ဆိုတဲ့ မေးခွန်းကို “ဟုတ်ပါတယ် ကျွန်တော် တကယ်ယုံကြည်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် သာဝိစင်က ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ထိုင်းစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း လက်ရှိမှာ နောက်ထပ်အာဏာသိမ်းမှုအန္တရာယ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “ကိုယ် ထိန်းချုပ်လို့ မရတဲ့ အရာတွေအတွက် ထိုင်ပြီး စိတ်ပူ မနေနိုင်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပြီး သူ့အနေနဲ့ ဦးစားပေး ရည်မှန်းချက်က “ထိုင်းပြည်သူတွေရဲ့ ဘဝတွေကို ပိုကောင်းအောင်လုပ်ပေးဖို့ပါပဲ” လို့ မေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။

This item is part of

Forum

XS
SM
MD
LG