သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတဆင့်ခံ ထိုင်းလူသားချင်းစာနာမှုအကူအညီ ဒုက္ခသည်တွေဆီ ရောက်ဖို့မလွယ်


မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)
မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)

ထိုင်းအစိုးရက စစ်ကောင်စီ တာ၀န်ရှိသူတွေလက်ထဲ စတင်လွှဲပြောင်းပေးခဲ့တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဒုက္ခသည်တွေလက်ထဲရောက်ရှိဖို့မလွယ်ကြောင်း ကရင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကိုစတင်တဲ့အနေနဲ့ မတ်လ ၂၅ ရက်နေ့ ဒီကနေ့ မှာ မဲဆောက်-မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ထိုင်းအစိုးရတာ၀န်ရှိသူတွေလာရောက်ပေးအပ်ခဲ့တာပါ။ စစ်ကောင်စီကတဆင့်ပေးမဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပတ်သက်လို့ ကရင်အကူအညီပေးရေးတာ၀န်ရှိသူကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက်မအေးအေးမာက အကြောင်းစုံပြောပြမှာပါ။

စစ်အာဏာ သိမ်းမှုတွေနဲ့ မတည်ငြိမ်မှုတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒုက္ခသည်တွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို မတ်လ ၂၅ရက်နေ့ ဒီကနေ့ပဲ စတင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ရဲ့တဖက်ကမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ်ထဲမှာ မနေ့ညကအထိ တိုက်ပွဲတွေဖြစ်နေတာ လေကြောင်းတိုက်ခိုက်မူတွေ ရှိနေတဲ့အတွက် ဒုက္ခသည်တွေအတွက် အခုပေးတဲ့ အထောက်အပံ့တွေရဖို့ဖြစ်နိုင်ချေနည်းတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးသူကပြောပါတယ်။

"ဒုက္ခသည်တွေ အခုရှောင်နေတဲ့နေရာအတော်များများက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နေရာအတော်များများမှာရောက်နေကြတာဖြစ်ပါတယ်။ ဒီ ICRC ကနေ ဒုက္ခသည်တွေလက်ထဲကို ရောက်နိုင်ဖို့ဆိုတာ ဘယ်လိုနည်းလမ်းနဲ့ပေးမှာလဲဆိုတာ ကတော့စိန်ခေါ်ချက်ဖြစ်ပါတယ်။ စဉ်းစားစရာလည်းဖြစ်ပါတယ်။ ကျနော်တို့ထင်တာကတော့မရောက်နိုင်ဘူးလို့ထင်ပါတယ်။ နောက်တခုက လေးကေကော် ဖလူး သင်္ကန်းညီနောင် မြ၀တီ ကော့ကရိတ်မြို့တွေမှာ မနေ့ညအထိ လေယာဉ်နဲ့ဗုံးကြဲနေတယ်၊ မနေ့ညကဆို လေးကေ့ကော်ဆိုတာ ညက ဗုံးက ၈ကြိမ်တောင်ကြဲချတယ်။ အဲဒီလို ဗုံးကြဲနေတော့ တိုက်ပွဲတွေဖြစ်နေတော့ ဒီအထောက်အပံ့တွေက ရနိုင်စရာမရှိဘူးလို့ကျနော်တို့ထင်ပါတယ်"

ကရင်ပြည်နယ် နယ်စပ်မှာ ICRC ဝင်ရောက်ခဲ့တာတွေကို မကြုံဖူးခဲ့ကြောင်း ဒီအတွက် ICRC က စစ်ကောင်စီကိုမလွန်ဆန်နိုင်ဘူးလို့ယူဆကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်က ပြောပါတယ်။

"တိုင်းရင်းသားတွေရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာရှိနေတဲ့အတွက် ဒုက္ခသည်တွေအတွက်ကို ICRC ရောက်နိုင်ဖို့ကတော့ကျနော်တို့ဆီမှာ တခါမှမမြင်ခဲ့ဘူးဘူး။ ဒီအကူအညီက တိုင်းရင်းသားတွေလက်ထဲရောက်မလား ဘယ်ရောက်မှာလဲဆိုတာ မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်၊ UNHCR ကတောင် အကူညီပေးဖို့ဘာမှ လုပ်ဆောင်နိုင်တာမရှိဘူး အခုကြားထဲက အကူအညီတွေကိုတောင် နှောက်ယှက်တာတောင်သူတို့ကဘာမှမတတ်နိုင်တာ ၊ အခု က ICRC က တိုက်ရိုက်ကူညီပေးမှုဆိုတာကတော့ ကျနော်တို့ကတော့ဘယ်လိုမှ ယုံကြည်စရာတော့မရှိဘူးလို့ကျနော်တို့ထင်ပါတယ်"

စစ်ကောင်စီကနေတဆင့် ပေးရမဲ့ လူသားချင်းစာနာတဲ့အကူအညီတွေဟာ စစ်ကောင်စီကလွမ်းမိုးချုပ်ကိုင်ထားမှာလို့ပဲယူဆကြောင်း စောလေးကပေါ်ကပြောပါတယ်။

"အခုလက်ရှိ ICRC မှ မဟုတ်ပါဘူး၊ ပြည်တွင်းမှာရှိပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ NGO INGO တွေဘယ်သူတွေပဲဖြစ်ဖြစ် UN အဖွဲ့တွေကတော့ စကစ နဲ့ဆို သူတို့မလွန်ဆန်နိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘာလုပ်လုပ်စကစ (စစ်ကောင်စီ)ကို တင်ပြနေရတာမျိုး ပူးပေါင်းလုပ်ရတာမျိုး စကစ မကြိုက်တဲ့ဟာဆိုရင် သူတို့ဘာမှ လုပ်မရတော့ အခုကိစ္စ ကတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်"

ပထမအသုတ်အနေနဲ့ ဆန်၊ ရိက္ခာခြောက်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အိတ် ၄,၀၀၀ ကို ထိုင်းကြက်ခြေနီအဖွဲ့က မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ မြန်မာကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းက လာအိုနိုင်ငံမှာ လုပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးများအဆင့်အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ ဒီအစီအစဉ်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းမဲ့ အစီအစဉ်တွေလည်းပါဝင်နိုင်ဖို့ ထိုင်းနိုင်ငံဘက်က မျှော်လင့်နေတာပါ။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ကုန်စည်စီဆင်းမှုတွေလည်းရပ်နားထားရပြီး အာရှလမ်းပိတ်ထားတဲ့အတွက် ကုန်သွယ်ရေးမှာလည်း နစ်နာမူတွေ ရှိနေတာပါ။ ဒီရှေ့ပြေးအကူအညီတွေကို ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့နဲ့ မြဝတီမြို့ကနေတဆင့် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့က နေရာ ၃ ခုကိုပေးပို့ခဲ့တာပါ။

အခုလို ထိုင်းနိုင်ငံက ကမကထလုပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်နိုင်ဖို့အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကလည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အနည်းဆုံး လူဦးရေ ၂.၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူပေါင်း ၁၈ သန်းကျော် အကူအညီ လိုအပ်နေတယ်လို့ UNOCHA ကလည်း ပြောပါတယ်။ အခု ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူရာမှာ ကရင်ပြည်နယ်အတွင်းမှာစစ်ဘေးရှောင်သူ တသန်းကျော်ရှိနေပြီလို့လည်းသိရပါတယ် ။ တနိုင်ငံလုံးနဲ့ယှဉ်မယ်ဆိုရင် စစ်ဘေးရှောင်သူ အများဆုံးရှိနေတာဟာ ကရင်ပြည်နယ်ထဲမှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG